Wednesday, November 30, 2016

ရန်ကုန်မြို့တွင် နှစ်ရက်တိုင်ပြုလုပ်မည့် 808 Festival တွင် ကမ္ဘာ့ အကောင်း ဆုံး ဒီဂျေအဖြစ် နှစ်နှစ်ရပ်တည်နိုင်ခဲ့သည့် DJ Hardwell ပါဝင်ဖျော်ဖြေမည်

ရန်ကုန်မြို့တွင် နှစ်ရက်တိုင်ပြုလုပ်မည့် 808 Festival တွင် ကမ္ဘာ့အကောင်း ဆုံး ဒီဂျေအဖြစ် နှစ်နှစ်ရပ်တည်ခဲ့သည့် DJ Hardwell ပါဝင်ဖျော်ဖြေမည်ဟု သိရသည်။ 808 Festival ကို ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်များ၌ The One Entertainment Park ၌ ကျင်းပရန်စီစဉ်ထားသည်ဟု သိရသည်။ 808 Festival သည် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ထိုင်းနိုင်ငံတွင် သုံးနှစ်တိုင် ကျင်းပနိုင်ခဲ့သည့် EDM Festival တစ်ခုဖြစ်ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ 808 Festival တွင် စတေ့ခ်ျနှစ်ခုခွဲကာ နှစ်ရက်တိုင် ဖျော်ဖြေသွားရန် စီစဉ် ထားခြင်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဒီဂျေတစ်ဦးဖြစ်သူ DJ Hardwell နှင့်အတူ DJ Carnage၊ Dillion Francis၊ Yellow Claw၊ Breathe Carolina၊ Dzeko and Torres၊ Mike Williams၊ Double U၊ Borgore၊ Terror Bass စသည့်ပြည်တွင်းနှင့် နိုင်ငံတကာမှ ထင်ရှားသည့် ဒီဂျေများစွာက ပါဝင်ဖျော်ဖြေရန် စီစဉ်ထားခြင်းဖြစ်သည်။

808 Festival တွင် ပါဝင်ဖျော်ဖြေမည့် DJ Hardwell သည် DJ Magazine မှရွေးချယ်သည့် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များအတွက် ကမ္ဘာ့အကောင်းဆုံး ဒီဂျေအဖြစ် ရွေးချယ်ခံထားရသူဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွက် မဲပေးရွေးချယ်မှု များ ကောက်ခံထားရာ၌ ကမ္ဘာ့အကောင်းဆုံး ဒီဂျေ ၁၀၀ စာရင်းတွင် နံပါတ်သုံးနေရာ၌ ရပ်တည်နေသူတစ်ဦးလည်းဖြစ်သည်။ DJ Hardwell သည် Ultramusic Festival နှင့် Tomorrowland EDM Festival များ၌ ဖျော်ဖြေမှု များဖြင့်လည်း ပရိသတ်အားပေးမှု အများအပြားရရှိထားသူ တစ်ဦးလည်းဖြစ် သည်။ DJ Hardwell သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက် ဖျော်ဖြေ တင်ဆက်ခြင်းလည်းဖြစ်သည်။
EDM Music Festival များသည် နိုင်ငံတကာတွင် ကျယ်ပြန့်လျက်ရှိသည်မှာ နှစ်ကာလအတန်ငယ် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ မကြာသေးမီနှစ်များအတွင်းမှ စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကမ္ဘာ့အဆင့်သတ်မှတ်ခံထားရသည့် ဒီဂျေများပါဝင်သော EDM Music Festival များအားကျင်းပလျက်ရှိရာတွင် 808 Festival သည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။
808 Festival လက်မှတ်ဝယ်ယူလိုသူများ အနေဖြင့် Early Bird Ticket များအဖြစ် နှစ်ရက်တာကြည့်ရှုခွင့်အတွက် လက်မှတ်တစ်စောင်လျှင် ကျပ်ခြောက်သောင်းခွဲဟု သတ်မှတ်ရောင်းချနေခြင်းဖြစ်သည်။ တစ်ရက်ချင်းစီအတွက် လက်မှတ်ဝယ်ယူလိုသူများကို ကျပ်သုံးသောင်းခွဲဟု သတ်မှတ်ထားပြီး VIP Ticket များကိုလည်း သီးခြားဈေးနှုန်းများဖြင့် ရောင်းချသွားရန် စီစဉ်ထားသည်ဟု သိရသည်။
Writer: လင်းလင်းခိုင်

No comments:

Post a Comment