Friday, November 18, 2016

စစ်ကိုင်းသစ်အချောထည်စက်ရုံ သပိတ်မှောက်မှုတွင် ပါဝင်သည့် လုပ်သားများအား အလုပ်မခန့်ရန် စက်ရုံအသီးသီးသို့ Black list စာရင်း ပို့ခံထားရ

စစ်ကိုင်းသစ်အချောထည်စက်ရုံ သပိတ်မှောက်မှုတွင် ပါဝင်သည့် စက်ရုံလုပ်သားများအား အလုပ်မခန့်ရန် စစ်ကိုင်းစက်မှုဇုန်ရှိ စက်ရုံအသီးသီးသို့ အမည်မဲစာရင်း (Black List)များ ပို့ထားခြင်းရှိကြောင်း စစ်ကိုင်း သစ်အချောထည် စက်ရုံ သပိတ်မှောက်မှုဖြင့် ထောင်ကျခံခဲ့ရသည့် ဦးခိုင်မင်းမှ နိုဝင်ဘာ ၁၇ ရက် က The Ladies News သို့ ပြောသည်။ စစ်ကိုင်း စက်မှုဇုန်ရှိ နိုင်ငံခြားသားပိုင် MVPP သစ်အချောထည် စက်ရုံ အလုပ်သမားများသည် အလုပ်ထုတ်ခံရမှုကြောင့် စက်ရုံရှေ့တွင် ထိုင်သပိတ် နှစ်လကြာ ပြုလုပ်သော်လည်း အကြောင်း မထူး သဖြင့် နေပြည်တော်သို့ ချီတက် လမ်းလျှောက်လာခဲ့ရာ ဆန္ဒပြတောင်းဆို ရာတွင် မေ ၁၈ ရက်က ဖမ်းဆီးထိန်းသိမ်း ခံရသည်။ အဆိုပါ သပိတ်စစ်ကြောင်း တွင် ပါဝင်ခဲ့သည့် လုပ်သားများ အလုပ်ပြန်မခန့်ရန် Black list စာရင်း ပေးပို့ခံရခြင်း ဖြစ်ကြောင်း ဆိုသည်။

ဦးခိုင်မင်းက “ကျွန်တော်တို့ အလုပ်သမားတွေ သပိတ်စစ်ကြောင်း ဆင်နွဲပြီးနောက်ပိုင်းမှာ အစိုးရက တာဝန်ယူပေးမယ်ဆိုပြီး ချော့ခေါ်သွား တာတွေ။ ခြိမ်းခြောက်ပြီးတော့ ခေါ်သွားပြီး လျော်ကြေး ယူခိုင်းတဲ့ အလုပ်သမား တွေရော သပိတ်စစ်ကြောင်းထဲမှာပါတဲ့ အလုပ်သမားတွေ အကုန်လုံးကို ယနေ့အချိန်အထိ သူတို့မှာ လုပ်ငန်းရပ်တည်လို့ မရဘူး။ အမည်မဲစာရင်းတွေ စက်ရုံအကုန်လုံး လိုက်ပို့ထားတယ်။ အကုန်လုံး ဘယ်မှာမှ အလုပ်မရဘူး။ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေလည်း စာရင်းထဲမှာ ပါမှန်းသိတာနဲ့ တန်းပြီးတော့ အလုပ်ထုတ်ပစ်တယ်။ နောက် အလုပ်လိုချင်လို့ လျှောက်ရင်လည်း စာရင်းထဲမှာပါတာနဲ့ အကုန်ပယ်ချ လိုက်တယ်” ဟု ပြောသည်။
အမည်မဲစာရင်းတွင် ပါဝင်သည့် အလုပ်သမား ၁၇၂ ဦးခန့်စလုံး အဆိုပါ အခက်အခဲကို ရင်ဆိုင်နေရကြောင်း မကြာခင် ရက်ပိုင်းအတွင်းက လုပ်ငန်းခွင် ၀င်ရောက်နေသည့် အလုပ်သမား ၃၀ ကျော်ခန့်အား အလုပ်ထုတ်ခံ ရခြင်း ကြုံတွေ့ရကြောင်း ဆိုသည်။ ထိုသို့ အလုပ် ထုတ်ခံရသည့် အကြောင်းက မူလက သေချာမသိသော်လည်း ရင်းနှီးသည့် စက်ရုံတာဝန်ခံ တစ်ဦးမှ စာရင်းပို့ထားကြောင်း ၄င်းတို့ စာရင်း စာရွက် ပြသည့်အခါမှသာ သိရှိရကြောင်း ဦးခိုင်မင်းက ဆိုသည်။
ဦးခိုင်မင်းက “သပိတ်စစ်ကြောင်း ဖြိုခွင်းပြီးတော့ အလုပ်သမားတွေ ကိုယ်ရေးရာဇ၀င် အချက်အလက်တွေကို အကုန်ယူပြီးတော့ အလုပ် သမား ပြန်လိုက်ပို့တော့ တပ်ကုန်းရဲစခန်းက ယူလာပြီးတော့ စစ်ကိုင်းစက်မှု ဇုန်က တာဝန်ရှိသူတွေကို စာရင်းစာရွက်နဲ့ ပြန်အပ်လိုက်တယ်။ ထောင် ကနေ ပြန်တဲ့ အလုပ်သမားတွေ လိုက်ပို့ပြီးတော့ ပေးခဲ့တယ်လို့ သိရတယ်။ အခု အဲ့ဒီစာရင်းအတိုင်း လိုက်ဖြန့်ထားတယ်လို့ သိရတယ်။ အလုပ်ရှင်တွေ ဘက်က ဖြန့်တာလား။ အစိုးရ အာဏာပိုင်တွေဘက်က ဖြန့်တာလား တိတိကျကျ မသိရဘူး။ ပေးတဲ့သူ ပြောတာကတော့ ဦးစီးမှူးနဲ့ စက်မှုဇုန်က လူတွေပေါင်းပြီးတော့ ဒီဟာ လိုက်ဖြန့်တယ်လို့ ပြောပြလို့သိရတယ်” ဟု ပြောသည်။
စက်ရုံအလုပ်ရုံများတွင် အလုပ်အကိုင် အခွင့် အလမ်းများ တားမြစ်ခံရသည့်အပြင် မိမိတို့ တတ်မြောက်ထားသည့် ပန်းရံလုပ်ငန်း၊ ၀ရိန်လုပ်ငန်းစသည့် လုပ်ငန်းများ ကန်ထရိုက်ယူခြင်း၊ ပုတ်ပြတ်လုပ်ငန်းများ လုပ်ဆောင်သည့် အလုပ်သမားများကိုပါ လိုက်လံပိတ်ပင်ခြင်းများ ရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။
ထိုကဲ့သို့ အခက်အခဲများ ကြုံတွေ့ရသည့်အပြင် သပိတ်မှောက်မှုကြောင့် ဖမ်းဆီး ထောင်ကျခံရသည့် လုပ်သား ၁၅ ဦးအား ပြန်လည် ထွက်လာသည့်အခါ ထပ်မံပြီး နောက်ပြန်လှည့် တရားစွဲဆိုခြင်းများ ကြုံတွေ့ရကြောင်း ဆိုသည်။ အဆိုပါ အခက်အခဲများအား နိုဝင်ဘာ ၁၆ ရက်က တိုင်းဒေသကြီး စည်ပင်ဝန်ကြီးထံ အစိုးရမှ ယခင်ပေးထားသည့် ကတိက၀တ်များအတိုင်း ဆောင်ရွက်ပေးရန်၊ တပတ်အတွင်း ဆောင် ရွက်ပေးခြင်းမရှိပါက သပိတ်မလှန်ရသေးသည့် အတွက် ကြီးမားသည့် သပိတ်မှောက်မျိုး ဆက်လက် လုပ်ဆောင်သွားမည်ဟု အသိပေး ပြောကြား ခဲ့ကြောင်း ဆိုသည်။
ဦးခိုင်မင်းက “၀န်ကြိးချူပ် ကိုယ်စားဆိုပြီးတော့ စည်ပင်ဝန်ကြီးနဲ့ တွေ့တယ်။ ကျွန်တော်တို့ နစ်နာချက်တွေ ခံစားရတာတွေကို တင်ပြတယ်။ တင်ပြတာတွေကို ၀န်ကြီးချူပ်နဲ့တွေ့ပြီး အမြန်ဆုံး ဖြေရှင်းဆောင်ရွက် သွားမယ် ပြန်ပြောတယ်။ ကျွန်တော်တို့ သပိတ်တွေက မလှန်သေးဘူး။ အလုပ်သမားတွေ တောင်းဆိုချက်တွေကို မှန်မှန်ကန်ကန် ဖြေရှင်းဆောင် ရွက်ခြင်း မရှိဘူးဆိုရင် သပိတ်ဆက်မှောက်သင့် မှောက်သွားမယ် သပိတ်စစ်ကြောင်း ဆက်လက်သွားသင့်ရင် သွားမယ်ဆိုပြီး ကျွန်တော် တို့ ပြောခဲ့တယ်” ဟု ဆိုသည်။
စစ်ကိုင်း၊ Myanmar Vereer သစ်အချောထည် စက်ရုံက အလုပ် သမားတွေဖြစ်ပြီး အလုပ်သမား ၁၂၈ ယောက်ကို အလုပ် ထုတ်လိုက်တဲ့ အတွက် စစ်ကိုင်းမြို့ကနေ နေပြည်တော်ကို ဆန္ဒပြချီတက် လမ်းလျှောက် လာရာမှာ မေ ၁၈ ရက်က တပ်ကုန်းမြို့ အနီးမှာ တားဆီးခံရပြီး အပြန်အလှန် အငြင်းပွားရာကနေ အခုလို ဖမ်းဆီးထိန်းသိမ်းခံရပြီး ဆန္ဒပြ အလုပ်သမား များနှင့် ၀န်းရံ (ဗကသ) ကျောင်းသား စုစုပေါင်း ၆၆ ဦးကို ဖမ်းဆီး ထိန်းသိမ်း ခဲ့သည်။
မေ ၁၉ ရက်က ပထမဆုံးအကြိမ်အဖြစ် တပ်ကုန်းမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ရသည်။ မေ ၃၁ ရက်က ကျား ၂၂ ဦး၊ မ ၁၄ ဦး စုစုပေါင်း အလုပ်သမား ၃၆ ဦးအား ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၉ အရ ပြန်လွှတ်ပေးခဲ့ပြီး ကျန်အလုပ်သမား ခေါင်းဆောင်များနှင့် ၀န်ရံ ကျောင်း သား ၁၅ ဦးကို ပုဒ်မလေးခုဖြင့် ဆက်လက် တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ခံ ရကာ နိုဝင်ဘာ ၁၁ ရက်က ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
The Ladies News

No comments:

Post a Comment