Monday, November 21, 2016

၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၂၆ ရာခိုင်နှုန်းရှိပြီး ယခင်လထက် အနည်းငယ်သာကျဆင်း

၂၀၁၆ ခုနှစ် အောက်တိုဘာလ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၂၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ်သာ ကျဆင်းခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်း အဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။ တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလအထိ တစ်နှစ်ပျမ်းမျှ (+) ၈ ဒသမ ၂၆ ရာခိုင်နှုန်းရှိ၍ စက်တင်ဘာလအထိ တစ်နှစ်ပျမ်းမျှ (+) ၉ ဒသမ ၁၆ ရာခိုင်နှုန်း နှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းခဲ့ကာ ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၅ ခုနှစ်အောက်တိုဘာလတို့ ၏ နှစ်အလိုက် ပြောင်းလဲမှုကို နှိုင်းယှဉ်ပါက (Year on Year Inflation) မှာ ၃ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။




၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ချင်းပြည်နယ်သည် ၁၉ ဒသမ ၆၆ ရာခိုင်နှုန်း ဖြင့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ရခိုင်ပြည်နယ်သည် ၁၆ ဒသမ ၅၇ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ကာ ကယားပြည်နယ်သည် ၁၄ ဒသမ ၃၆ ရာခိုင် နှုန်းဖြင့် တတိယအမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလအတွက် စားသုံးသူဈေးဆနှုန်းမှာ ၁၃၀ ဒသမ ၄၈ ရှိပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ အခြေအနေ ၁၂၆ ဒသမ ၀၆ နှင့်နှိုင်းယှဉ်ပါက ယခင်နှစ်ကထက် ၃ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင် စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကို အခြေခံ၍  ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂  ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၆၈ ရာ ခိုင်နှုန်းခန့် ရှိနိုင်မည်ဖြစ်ကြောင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ အဆိုပြုတင်ပြချက် အနှစ်ချုပ်တွင် ဖော်ပြထားသည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယ ကာလတိုငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်)တွင် ဖော်ပြထားချက်အရ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာ နှစ်) တွင် လက်ရှိဖြစ်ပေါ်နေသည့်  ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရေးအတွက် ဘဏ္ဍာရေးမူဝါဒ၊  ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့်  နိုင်ငံခြားငွေ ထိန်းချုပ်ရေးမူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေးကိစ္စရပ်များအား မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၀၆ ခုနှစ် အခြေခံ နှစ်အရ ၂၀၁၁-၂၀၁၂  ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင် နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်တွင်  ၂ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၇၂ ရာခိုင် နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် ၅ ဒသမ ရာခိုင်နှုန်း ၉၀ အသီးသီး ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လ များတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် အစားအစာ ဈေးနှုန်းများတက်ခဲ့ကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာလတွင် ၈ ဒသမ ၆၇ ရာခိုင်နှုန်းအထိ  မြင့်တက်ခဲ့ကြောင်း ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားချက်အရ သိရသည်။
Writer:
မင်းသီဟဇော်

No comments:

Post a Comment