Monday, November 28, 2016

" လှပသော အောင်ပွဲ "

မလေးရှားလက်ရွေးစင်ဘက်သို့ ဒေးဗစ်ထန်း၏ သွင်းဂိုးက အနိုင်ဂိုးတစ်ဂိုးထက် ပို၍ပင် တန်ဖိုးရှိခဲ့ပါသည်။ ပွဲစဉ်တစ်လျှောက်လုံး ရဲရဲဝံ့ဝံ့၊ အားကြိုး မာန်တက်ဖြင့် ခြေစွမ်းအသာစီးဖြင့် ကစားခဲ့သော မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသားများသည် သရေကျရုံဖြင့် အကြိုဗိုလ်လုပွဲတက်သော်လည်း မြန်မာပရိသတ်များ၏ ရှေ့တွင် အနိုင်ရရှိအောင် စွမ်းဆောင်ခဲ့ပြီး မြန်မာပြည်သူများကို ပျော်ရွှင်ကြည်နူးစေခဲ့ပါသည်။ ယခုလပိုင်းအတွင်း ကိုယ်စိတ်နှလုံးညှိုးနွမ်းအားငယ်နေသောပြည်သူများကို ပျော်ရွှင်အားတက်စေခဲ့၍ လက်ရွေးစင်အသင်းနှင့် နည်းပြဂတ်ကို အထူးကျေးဇူးတင်ပါသည်။ ယခုနိုင်ပွဲက တစ်နိုင်ငံလုံး၏ အောင်ပွဲလည်းဖြစ်သည်။ ကွင်းအတွင်း ခြေစွမ်းပြခဲ့သည့် ကစားသမားများသာမက စည်းကမ်းရှိစွာဖြင့် အဆင့်အတန်းမြင့်မြင့်အားပေးခဲ့သော ပရိသတ်များကြောင့်လည်း မြန်မာ့ဂုဏ်ကို တက်စေခဲ့ပါသည်။
ထို့ကြောင့် ယခုလပိုင်းအတွင်း ရခိုင်ပြည်နယ်မှ ပဋိပက္ခများ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ တိုက်ပွဲများ၊ စီးပွားရေးကျဆင်းနေမှု၊ ရန်ကုန်မြို့အတွင်း ဆက်တိုက်ပေါက်ကွဲမှု များ စသော မကောင်းသတင်းများကြောင့် ကိုယ်စိတ်နှလုံးညှိုးနွမ်း အားငယ်နေသော ပြည်သူများအတွက် ယမန်နေ့ အယ်ဒီတာ့အာဘော်တွင် ပြောထားသကဲ့သို့ နိုဝင်ဘာ ၂၆ ရက် နိုင်ပွဲက မြန်မာပြည်သူများအားလုံးကို ပျော်ရွှင်ကြည်နူးကျေနပ်စေခဲ့ကာ အားသစ်များ မွေးဖွားပေးခဲ့ပါသည်။
အမျိုးသားအားကစားဖြစ်သည့်အပြင် ဘောလုံးအားကစားအ ပေါ် အရူးအမူးအားပေးသော မြန်မာပြည်သူများက အဆင့်အတန်း မြင့်မားကြောင်း သုဝဏ္ဏဘောလုံးကွင်းတွင် အကောင်းဆုံးသက်သေပြနိုင်ခဲ့ပါသည်။ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီအရေးကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ရန်ပင် မလေးရှားဝန်ကြီးတစ်ဦးက ကြိုးပမ်းခဲ့သော်လည်း၊ ဘင်္ဂါလီအရေးအတွက် မလေးရှားနိုင်ငံသားအချို့က မြန်မာသံရုံးရှေ့တွင် ဆန္ဒ ပြခဲ့သော်လည်း မြန်မာဘောလုံးပရိသတ်များကမူ အကောင်းဆုံးတုံ့ပြန်ခဲ့ပါသည်။ ယင်းမှာ ‘ဘောလုံးကွင်းထဲကို ပဋိပက္ခများ သယ်မလာပါနှင့် ငြိမ်းချမ်း ရေးအတွက် ကစားခွင့်ပေးလိုက်ပါ’ ‘ဘောလုံးအားကစားသည် ငြိမ်းချမ်းရေးဖြစ်သည်’ အဓိပ္ပာယ်ရသော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ဗီနိုင်းများကို မြန်မာပရိသတ်များက ကိုင်ဆောင်၍ အားပေးခဲ့သော ကြောင့်ဖြစ်ပါသည်။
ထို့အတူ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိသော နိုင်ငံမှ လက်ရွေး စင်အသင်းဖြစ်၍ မြန်မာအသင်းတွင် ရှမ်း၊ ဗမာ၊ ချင်း၊ ကချင် စသောတိုင်းရင်းသားညီအစ်ကိုများလည်း ပါဝင်ပြီး မှော်ဆန်သောသွင်းဂိုးဖြင့် မြန်မာပြည်သူများကို ပျော်ရွှင်စေခဲ့သည့် အနိုင်ဂိုးသွင်းပေးခဲ့သည့်ဒေးဗစ်ထန်းကလည်း ချင်း-ရ၀မ်စပ် တိုင်းရင်းသားတစ်ဦးဖြစ်နေပါသည်။ ထို့ကြောင့် မြန်မာအသင်းက အသင်းဝင် တိုင်းရင်းသားညီအစ်ကိုအားလုံး စုစည်းညီညွတ်စွာ ကြိုးပမ်းပါက အောင်ပွဲများ မလွဲမသွေရမည်ဆိုသည်ကို သက်သေပြနေပါသည်။ ငြိမ်းချမ်းရေးလိုလားသည်ဆိုသော အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးအတွက် မြန်မာအသင်းကပေးသော တန်ဖိုးရှိလှသည့် သတင်းစကားတစ်ခုလည်း ဖြစ်ပါသည်။

No comments:

Post a Comment