Sunday, November 27, 2016

ကန်ဒေါ်လာဈေးကြောင့် ၅ ရာခိုင်နှုန်းခန့် ဈေးတက်ရန် ဆေးတင်သွင်း ကုမ္ပဏီအချို့ ပြင်ဆင်

အမေရိကန်တစ်ဒေါ်လာ လျှင် ၁,၃၄၇ ကျပ်ခန့် တက်ရိပ်ပြ လာသောကြောင့် ဆေးဝါးပစ္စည်း ဈေးကို ၅ ရာခိုင်နှုန်းခန့်တက်ရန် ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီအချို့က ပြင်ဆင်နေပြီဟု သတင်းရရှိသည်။ ‘‘ဒေါ်လာဈေးက တရိပ်ရိပ် နဲ့ တက်လာတာ နှစ်ပတ်၊ သုံး ပတ်ရှိပြီ။ ပြန်ကျလိုပြန်ကျငြား စောင့်နေတာပေါ့။ ဒေါ်လာနဲ့သွင်း ရတဲ့ ကုန်ပစ္စည်းတိုင်းတက်မှာပဲ။ ဆေးဝါးပစ္စည်းတက်ဖို့က ဒေါ်လ ဈေးတက်တာထက် လျော့ပြီး တက်ကြတယ်။ အဲဒီအတိုင်း လိုက်တက်လို့တော့ မရဘူး။ ဥပမာ ငွေဈေးက ၇ ရာခိုင်နှုန်း တက်တယ်ဆိုရင် ဆေးဝါးတင်သွင်းတဲ့ကုမ္ပဏီက သူ့ပစ္စည်းကို ၄ ရာခိုင်နှုန်းလောက် တက်ချင်တက်မယ်ပေါ့။ ဒေါ်လာဈေးက ဒီအတိုင်းသာ ဆက်ရှိနေရင် တက်မှာပဲ’’ ဟု ပြည်ပမှ ဆေးဝါးတင်သွင်းသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။



ယခုအချိန်သည် ပုံမှန်အား ဖြင့် အရောင်းအဝယ်ပါးသည့် ကာလ ဖြစ်သောကြောင့် အရောင်းအေးမသွားစေရန် ဆေးဝါးပစ္စည်း ဈေးတက်မည့် အခြေအနေကိုဆေးဝါးတင်သွင်းသည့် ကုမ္ပဏီ ကြီးအချို့က နိုဝင်ဘာလကုန်အထိ စောင့်ဖွယ်ရှိကြောင်း သိရသည်။

‘‘ဒေါ်လာဈေး အတက်အကျက မငြိမ်ဘူးဖြစ်နေတယ်။ အစိုးရကလည်း သိပ်ပြီး Control လုပ်တာ မတွေ့ရဘူး။ အတက် အကျက ကြမ်းတော့ စောင့်ကြည့် နေတုန်းပဲ။ ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီငယ်တွေကတော့ မခံနိုင် လို့ ဈေးတက်ကြတယ်။ ကုမ္ပဏီ ကြီးတွေကတော့ ဒီလကုန်တက်ဖို့ ရှိတယ်။ အနည်းဆုံး ၅ရာခိုင်နှုန်း လောက်တက်မယ်လို့ ခန့်မှန်း တယ်’’ဟု ပြည်ပမှ ဆေးဝါးတင် သွင်းသည့် ကုမ္ပဏီကြီး တစ်ခုမှ ဈေးကွက် မန်နေဂျာ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ဆေးဝါးဈေး ကွက် အရောင်းအဝယ် အခြေ အနေ၌ နယ်ဝယ်လက်ဈေးကွက် ပါ အေးစက်နေပြီး ယခုရက်ပိုင်း အတွင်း ဆေးကုမ္ပဏီ အချို့က ဆေးပစ္စည်းများကို ၅ ရာခိုင်နှုန်း ခန့်ဈေးတက်ပြီး ရောင်းချရန် ပြော ကြားထားသည်ဟု ရွှေပြည့်စုံဈေး မှ ဆေးဝါးလက်ကား ရောင်းချ သည့် လုပ်ငန်းရှင် တစ်ဦးကဆို သည်။

ဈေးကွက်အတွင်း ဒေါ်လာ ဝယ်လိုအားများနေခြင်း၊ မြန်မာ ငွေတန်ဖိုး ကျခြင်း၊ အစိုးရ၏ ဘတ်ဂျက်လိုငွေ ပြနေခြင်းများ သည် ဒေါ်လာဈေးတက်စေသည့် အကြောင်းရင်းတစ်ချက် အဖြစ် ရှိနေပြီး ဒေါ်လာဈေးကွက် တည်ငြိမ်စေရေး ဗဟိုဘဏ်က ထိန်းညှိလုပ်ဆောင်ပေးရန်  လိုအပ်နေကြောင်း သိရသည်။ ဟေမာန်ညီညီ

No comments:

Post a Comment