Tuesday, November 29, 2016

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တောင်များကို မိုင်းခွဲ၍ လမ်းခင်းကျောက် ထုတ်လုပ်နေမှုကြောင့် ဥယျာဉ်ခြံမြေများ၊ လယ်ယာများနှင့် ရေတွင်း၊ ရေကန်များ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်နေဟု ဒေသခံများ ပြောကြား

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တောင်များကိုမိုင်းခွဲ၍ လမ်းခင်းကျောက် ထုတ်လုပ်နေမှုကြောင့် ဥယျာဉ်ခြံမြေများ၊ လယ်ယာများနှင့် ရေတွင်းရေကန်များ ထိခိုက်ပျက်စီးမှုအပေါ် ဒေသခံပြည်သူများက နိုဝင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ရင်းအထက် ကျေးရွာအုပ်စု တောင်ကုန်းကျေးရွာအနီးရှိ လယ်ဝဖလိုးလိုဏ်ဂူမှရေကို ကျေးရွာရှိ ရွာသူရွာသားများက စက်ဖြင့်စုပ်ယူကာ လယ်ယာလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြောင်း၊ သို့သော် ၂၀၁၄ ခုနှစ်မှစ၍ တိမ်တံခွန်ကုမ္ပဏီက ကျောက်မိုင်းခွဲလုပ်ငန်း လာရောက်လုပ်ကိုင် ခဲ့သောကြောင့် အဆိုပါကျောက်တောင်ဂူ အ၀တွင် ကျောက်တုံးကြီးများ ပိတ်ဆို့သွားခဲ့သဖြင့် လယ်ဧက ၃၀ ခန့် ရေမရရှိတော့ကြောင်း ဒေသခံတစ်ဦးက ရှင်းလင်းပြောကြားသည်။




“ကျောက်မိုင်းခွဲရင် ကျောက်မိုင်းရဲ့ ကျယ်လောင်မှုနဲ့ တုန်ခါမှုတွေကို တစ်နေကုန် ခံစားရတယ်။ ကျောက်စ၊ ကျောက်နတွေ လွင့်စင်တော့ လယ်ယာစိုက်ပျိုးရေးလုပ်ဖို့ အခက်အခဲရှိတယ်။ အဲဒီလို ကျောက်မိုင်းခွဲတာတွေ ရပ်တန့်ပေးဖို့ ပြည်ထောင်စုဝန်ကြီးကို တစ်ကြိမ် စာတင်တယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို စာတင်ခဲ့တာတွေရှိတယ်” ဟု ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ရင်းအထက် ကျေးရွာအုပ်စု တောင်ကုန်းကျေးရွာနေ ဦးစောနေလင်းသိန်းက ပြောကြားသည်။

အလားတူ မွန်ပြည်နယ်ပေါင်မြို့နယ် ဥတ္တံတားကျေးရွာရှိ ကုလားမတောင်တွင် ၂၀၁၄ ခုနှစ်မှစ၍ Long Life ကျောက်ထုတ်လုပ်ရေး ကုမ္ပဏီက ကျောက်မိုင်းခွဲ၍ လမ်းခင်းကျောက်ထုတ်လုပ်ခဲ့ရာ ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ရေတွင်းရေကန်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

“ကျောက်မိုင်းကြောင့် လယ်ယာမြေတွေ ပျက်စီးလာတယ်။ ဥယျာဉ်ခြံမြေတွေ၊ ရေတွင်းရေကန်တွေ ပျက်စီးလာတယ်။ သဘာဝရေ အရင်းမြစ်တွေ ပျောက်ဆုံးလာတယ်။ ကျောက်မိုင်းရဲ့ တည်နေရာက ပေ ၃၀၀၀ မြင့်တဲ့ ကုလားမတောင်တန်းကြီးရဲ့ ခါးလယ်မှာရှိပြီး ဒီဂရီ ၇၀ လောက် မတ်စောက်တယ်။ ကျောက်လုပ်ကွက်ရဲ့ ဘယ် ညာနှစ်ဖက်ကပ်လျက်မှာ စမ်းနှစ်ခုရှိတယ်။ ကျောက်မိုင်းရဲ့ စွန့်ပစ်မြေက စမ်းတွေထဲကို ကျတယ်။ စမ်းအဖျားကိုလည်း မြေဖို့ပြီး မိုင်းဧရိယာချဲ့ထွင်တယ်။ စမ်းကနေ မျောပါလာတဲ့ သဲတွေ၊ နုန်းတွေက မိုးကြီးရင် လေးပေခွဲအထိ သဲထုက မျောတယ်။ အဲဒီလို မျောတာက စမ်းချောင်းရဲ့ သုံးမိုင်လောက်အထိ သဲတွေက ရောက်တယ်။ အရင်က လှေသွားလို့ရပေမယ့် အခုဆို ရေတက်မှ လှေသွားလို့ရတော့တယ်။ ချောင်းကို မှီခိုနေတဲ့ လယ်မြေတွေက ရေလုံလုံလောက်လောက် မရတော့ ဘူး” ဟု မွန်ပြည်နယ် ဥတ္တံတားကျေးရွာနေ ဦးဇော်ထွေးက ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက အဆိုပါတောင်များကို မိုင်းခွဲ၍ လမ်းခင်းကျောက်များ ထုတ်ယူနေမှုနှင့် ပတ်သက်၍ ဒေသခံများက တိုင်စာပေးပို့ တိုင်ကြားခြင်းများ၊ ကန့်ကွက်လက်မှတ် ၂၄၀၀ ကျော်ဖြင့် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည့်အပြင် နှစ်ကြိမ်ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ  ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ကြောင်း  ပြောကြားသည်။                        
Writer:
ရှိုင်းလင်းအောင်

No comments:

Post a Comment