Wednesday, November 30, 2016

ရှင်သန်နေသော မြေဆီလွှာ၊ ရှင်သန်နေသော လူသားကမ္ဘာ

ခေတ်အဆက်ဆက် စိုက်ပျိုးရေးသမားတွေ လက်ခံထားတာကတော့ စိုက်ပျိုးရေးလုပ်ငန်းဆိုတာ ‘‘ကမ္ဘာမြေကြီးပေါ်မှာ အပင်တွေကို စိုက်ပျိုးပြီး အဲဒီအပင်တွေဆီက ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို လူတွေက ခူးဆွတ်စားသုံးတယ်’’ဆိုတဲ့အမြင်ပဲဖြစ်ပါတယ်။ ယနေ့ကမ္ဘာမှာတော့ စိုက်ပျိုးရေး ပညာရှင်တွေ၊ မြေဆီလွှာပညာ ရှင်တွေ၊ ဂေဟဗေဒပညာရှင်တွေက အဲဒီအတွေးကို ပြောင်းလဲပစ်ဖို့ တိုက်တွန်းနေကြပါတယ်။ သူတို့က ‘‘လူတွေဟာမြေဆီလွှာကို ပျိုးထောင်စိုက်ပျိုးယူပြီး မြေဆီလွှာ ထုတ်လုပ်တဲ့လုပ်ငန်းရဲ့ဘေး ထွက်ဖြစ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို ရယူစားသုံးနေခြင်းဖြစ်တယ်’’ဆိုတဲ့ အယူအဆမျိုးကို ပြောင်းလဲကြစေချင် တာပါ။ ‘ကမ္ဘာ့အပေါ်ယံမြေလွှာကို မြေဆီလွှာဟုခေါ်သည်’ ဆိုတဲ့ ငယ်ငယ်က ကျက်ခဲ့ဖူးတဲ့မြေဆီ လွှာရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျော်လွန်ပြီး မြေဆီလွှာထဲမှာ သက်ရှိ ပိုးမွှားလေးတွေရှိနေပြီး အဲဒီပိုးမွှားလေးတွေက မြေဆီလွှာ ရဲ့ဖွဲ့စည်းပုံ၊ အမျိုးအစား၊ ရေထိန်းသိမ်းနိုင်မှုအစရှိသဖြင့် မြေဆီလွှာရဲ့အရည်အသွေးတွေကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးနေတယ်ဆိုတာကို မြင် အောင်ကြည့်ကြဖို့ တိုက်တွန်းနေကြပါတယ်။ မြေဆီလွှာထဲက သက်ရှိပိုးမွှားလေးတွေဟာ လူသားတွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတဲ့ အဓိကမောင်းနှင်အားတွေဖြစ်ပါတယ်။


အရင်လိုအရသာမရှိတဲ့ သီးနှံတွေ

ဟင်းသီး ဟင်းရွက်တွေ၊ သီးနှံတွေ စားကြတဲ့အခါ ‘‘အရင်လို စားမကောင်းဘူး’’၊ ‘‘တို့ငယ်ငယ်တုန်းကလို အရသာမရှိဘူး’’ အစရှိတဲ့ ဝေဖန်သံမျိုးကို လူတိုင်းနီး ပါး ကြားဖူးကြပါလိမ့်မယ်။ ဓာတုဗေဒပိုးသတ်ဆေးနဲ့ မြေသြဇာ တွေကြောင့် သီးနှံတွေ အရင်လို အရသာမရှိတာလို့ အပြစ်တင်ပုံချ တတ်ကြပေမယ့် ဘယ်လိုဆက်စပ်တယ်ဆိုတာကိုတော့ စိုက်ပျိုးရေးပညာရှင်တွေကလွဲလို့ သိရှိသူ နည်းကြပါတယ်။

တကယ်တော့ မြေဆီလွှာအတော်များများမှာ စိုက်ပျိုးသီးနှံ တွေအတွက် လိုအပ်တဲ့ အာဟာရ ဓာတ်တွေရှိနှင့်ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအာဟာရဓာတ်တွေဟာ အပင်တွေက တိုက်ရိုက်စုပ်ယူစား သုံးနိုင်တဲ့ ပုံစံမျိုးနဲ့ ရှိနေတာမ ဟုတ်ပါဘူး။ မြေဆီလွှာထဲမှာရှိတဲ့ ဗက်တီးရီးယား(Bacteria)၊ မှို (Fungi)၊ ပရိုတိုဇိုးဝါး (Protozoa)၊ နီမာတုတ်(Nematodes)၊ တီ ကောင်(Earthworm) စတဲ့ သက်ရှိပိုးမွှားလေးတွေက အပင်တွေ တိုက်ရိုက်စားသုံးလို့မရတဲ့ မြေဆီလွှာထဲက အာဟာရဓာတ်တွေကို သူတို့ကိုယ်တိုင် ကြီးထွားပွားများ ဖို့အတွက် အသုံးပြုရင်း အပင်က စုပ်ယူနိုင်တဲ့ အာဟာရဓာတ်တွေ အဖြစ် ပြောင်းလဲပေးပါတယ်။ အဲဒါအခါကျမှ ပိုးမွှားလေးတွေ ပြုပြင်ထုတ်လုပ်ပေးလိုက်တဲ့ အာဟာရဓာတ်တွေကို အပင်တွေက စုပ်ယူစားသုံးကြီးထွားရှင်သန်ရင်း လူသားတွေအတွက် အာဟာရဓာတ်တွေကို ထုတ်လုပ်ပေးရတာ ဖြစ်ပါတယ်။

သူတို့ကိုယ်တိုင် စိုက်ပျိုးရေး သမားတွေက ဓာတုဗေဒပိုးသတ် ဆေးတွေ၊ မြေသြဇာတွေ အသုံး ပြုတဲ့အခါ ဓာတုပစ္စည်းတွေက မြေဆီလွှာထဲမှာရှိတဲ့ သက်ရှိပိုးမွှားလေးတွေကို သေကျေပျက်စီး စေပါတယ်။ မြေဆီလွှာကို အကျိုး ပြုစေတဲ့ သက်ရှိပိုးမွှားလေးတွေ မရှိတော့တဲ့အခါ အပင်တွေကလည်း မြေဆီလွှာထဲမှာ ရှိနေတဲ့ အာဟာရဓာတ်တွေကို လုံလုံလောက်လောက်စုပ်ယူနိုင်စွမ်း၊ အသုံးချနိုင်စွမ်းမရှိတော့ဘဲ အာဟာရမပြည့်တဲ့ သီးနှံတွေကိုပဲ ထုတ်လုပ်ပေးနိုင်ပါတော့တယ်။ အကျိုးဆက်ကတော့ အကျိုးပြုပိုးမွှားလေးတွေ ရှင်သန်ပေါက်ပွားနေတဲ့ မြေဆီလွှာမှာ ပေါက်ရောက်တဲ့အပင်တွေ၊ သီးနှံတွေလို အရသာမရှိတော့တဲ့ သီးနှံတွေကိုပဲ စားသုံးခွင့်ရတော့တာ ဖြစ်ပါတယ်။

တကယ်တော့ မြေဆီလွှာထဲမှာရှိတဲ့ အကျိုးပြုပိုးမွှားလေးတွေကို လျော့နည်းသွားစေတာ၊ သေကျေပျက်စီးပျောက်ဆုံးသွားစေတာ ဓာတုဆေးဝါးတွေကြောင့်ပဲ မဟုတ်ပါဘူး။ မြေကြီးကို အလွန်အကျွံ ထွန်ယက်တာ၊ သီးနှံတစ်မျိုးတည်းကို အဆက်မပြတ်စိုက်ပျိုးတာ၊ မြေကြီးကို လှန်ထားပြီး ဘာမျှမစိုက်မပျိုးဘဲ ထားတာစသည်ဖြင့် မြေဆီလွှာထဲက ပိုးမွှားလေးတွေကို သေဆုံးစေပြီး မြေဆီလွှာအရည်အသွေး၊ အဆင့်အတန်းကို ကျဆင်းစေတဲ့ တခြား အချက်အလက်တွေလည်း အမြောက်အမြားရှိပါသေးတယ်။

ရှင်သန်နေသော မြေဆီလွှာ

မြေဆီလွှာကို အထောက်အကူပြုမယ့် ပိုးမွှားလေးတွေ ရှင်သန်ပေါက်ပွားနေတဲ့ မြေဆီလွှာကို  ရှင်သန်နေတဲ့ မြေဆီလွှာ(Living Soil) လို့ခေါ်ပြီး အဲဒီလိုပိုးမွှားလေးတွေ ရှင်သန်ပေါက်ပွားခြင်းမရှိတဲ့ မြေဆီလွှာကိုတော့ သေနေတဲ့မြေ ဆီလွှာ (Dead Soil)လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကမ္ဘာ့လူသားတွေ ရှင်သန်နိုင်ဖို့ အစာအာဟာရတွေ လိုအပ်ပြီး အဲဒီအစာအာဟာရတွေကို ရှင်သန်နေတဲ့ မြေဆီလွှာကနေပဲ ရရှိနိုင်ပါတယ်။ မြေဆီလွှာထဲမှာ ပိုးမွှားလေးတွေ ရှင်သန်နေထိုင်နိုင်ခြင်း မရှိတော့ဘဲ Dead Soil ဖြစ်လာပြီဆိုရင်တော့ စိုက်ပျိုးသီးနှံတွေ ဆက်လက်ထုတ်လုပ်ဖို့ ခက်ခဲလာပြီး လူသားတွေရဲ့ ရှင်သန်ရေးကို ထိခိုက်လာတော့မှာ ဖြစ်ပါတယ်။

ရပ်တန့်လို့ရမလား

ဒီနေရာမှာ မေးခွန်းထုတ်စရာ ရှိတာက ဓာတုဗေဒပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အင်းဆက်သတ်ဆေးတွေနဲ့ ဓာတုဓာတ်မြေသြဇာတွေ သုံးစွဲနေတာကို လုံးဝရပ်တန့်လိုက်ရမလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဓာတုဆေး ဝါးတွေကို မှီခိုလွန်းအားကြီးလှတဲ့ မြန်မာ့စိုက်ပျိုးရေးသမားများအနေနဲ့ သူတို့အသုံးပြုနေတဲ့ ဆေးဝါးတွေကို ချက်ချင်းရပ်တန့်ပစ်ဖို့ဆိုတာ အတော်လေးမလွယ်ကူလှပါ ဘူး။ လက်တွေ့မှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ပထမဆုံး စိန်ခေါ်မှုကတော့ ဓာတုဆေးဝါး မသုံးလို့ ရောဂါကျရင်၊ ဒါမှမဟုတ် အထွက်နှုန်းကျရင် ဘယ်သူက တာဝန်ယူပေးမှာလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒုတိယစိန်ခေါ်မှုကတော့ ဓာတုအဆိပ်လွတ် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ဈေးကောင်းပေးပြီး ဝယ်စားကြတဲ့ ဈေးကွက်က ကျယ်ကျယ်ပြန့်ပြန့်မရှိသေးတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါကြောင့်မို့ လတ်တလော အခြေအနေမှာ ဓာတုဆေးဝါးတွေ ကို လုံးဝအသုံးမပြုဘဲ စိုက်ပျိုး ထုတ်လုပ်လိုသူတွေကို အားပေး ကူညီပေးဖို့ လိုသလို အများစု သော တောင်သူလယ်သမားများ အတွက် သဘာဝနဲ့ ဓာတုမှန်မှန် ကန်ကန် ပေါင်းစပ်အသုံးပြုနိုင်မယ့် ဘက်စုံပိုးမွှားထိန်းချုပ်ရေး (Integrated Pest Management -IPM) နဲ့ ဘက်စုံမြေသြဇာအသုံး ပြုမှု (Integrated Fertilizer Management-IFM)တွေကို အ သုံးပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေမှာတော့ သဘာဝကရတဲ့ ပိုးသတ်ဆေးတွေ၊ သဘာဝမြေသြဇာတွေကို အဓိကထား အသုံးပြုပြီး ဓာတုဆေးဝါးတွေ၊ ဓာတ်မြေသြဇာတွေကို မဖြစ်မနေ အသုံးပြုရမယ့် အခြေအနေကို ရောက်မှ မှန်မှန်ကန်ကန် နည်း လမ်းကျကျ၊ အကျိုးရှိရှိ၊ ဘေး ကင်းကင်း အသုံးပြုကြရတာ ဖြစ်ပါတယ်။

အခြေခံကစဖို့လို

တိုင်းပြည်ကို ပြန်လည်ထူထောင်တဲ့ကာလမှာ တိုင်းပြည်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်လုပ်ကိုင်နေကြတဲ့ စိုက်ပျိုးမွေးမြူရေး ကဏ္ဍကို မြှင့်တင်အားပေးကူညီဖို့ လိုအပ်တယ်ဆိုတာ အားလုံးလက်ခံပြီးသားဖြစ်ပါတယ်။ ဒီနေရာမှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် စက်မှုလယ်ယာ ကူးပြောင်းရေးဆိုတာကို အာရုံစိုက်ပြောဆိုဆွေးနွေးလေ့ရှိသလို လက်တွေ့မှာလည်း စက်ယန္တရား ကြီးများနဲ့ ထွန်ယက်စိုက်ပျိုးနိုင်ဖို့၊ အထွက်နှုန်းမြင့်မားတဲ့ သီးနှံမျိုးစေ့တွေ ရရှိနိုင်ဖို့၊ အရည်အသွေးမြင့်တဲ့ ဓာတ်မြေသြဇာတွေ ရရှိ နိုင်ဖို့၊ နည်းပညာအသစ်အဆန်းတွေ ရရှိနိုင်ဖို့ စတာတွေကို ဦးစားပေးစဉ်းစားနေကြ၊ ပြောဆိုဆွေးနွေးနေကြ၊ လက်တွေ့အကောင် အထည်ဖော်နေကြတာကို တွေ့နေမြင်နေရပါတယ်။

နည်းပညာဘယ်လောက်အဆင့်မြင့်မြင့်၊ သီးနှံမျိုးစေ့ ဘယ်လောက်ကောင်းကောင်း၊ အထွက်နှုန်း ဘယ်မျှရှိပါတယ်လို့ အာမခံတွေ ဘယ်လောက်ပေးပေး အခြေခံအကျဆုံးဖြစ်တဲ့ မြေဆီလွှာအရည်အသွေး မကောင်းမွန် ဘူးဆိုရင် ဘာစိုက်စိုက် အောင် မြင်ဖြစ်ထွန်းဖို့ ခက်ခဲနေဦးမှာပါ။ ဒါကြောင့်မို့ ခေတ်ရှေ့ပြေးဖို့ချည်း ဆန္ဒမစောကြဘဲ အခြေခံတွေကို စတင်ပြုပြင်နိုင်ဖို့ အကြံပြုလိုပါတယ်။ မြန်မာ့တောင်သူလယ်သ မားအများစုဟာ လယ်ထွန်စက် ကြီးတွေ၊ ရိတ်သိမ်းစက်ကြီးတွေ မောင်းရင်း စက်မှုလယ်ယာကိုချီတက်ဖို့ ကြိုးစားနေပေမယ့် အဲဒါတွေထက် ပိုအရေးကြီးတဲ့ မြေဆီလွှာကို ဘယ်လိုစောင့်ရှောက်ရ မလဲဆိုတဲ့ အသိအမြင်တွေမှာ အားနည်းနေတုန်း ဖြစ်တယ်ဆိုတာ မမေ့အပ်ပါဘူး။

ရှင်သန်နေတဲ့ ကမ္ဘာ၊ ရှင်သန်နေမယ့် လူသားတွေ

ရှင်သန်နေတဲ့ မြေဆီလွှာမရှိဘဲ ဘယ်သီးနှံတွေကို ဘယ်လိုစိုက်စိုက် ရေရှည်တည်တံ့တဲ့ စားနပ်ရိက္ခာဖူလုံမှုဆိုတာ မဖြစ်လာနိုင်ဘူးဆိုတဲ့ အချက်လေးကို မီးမောင်းထိုးပြလိုတဲ့အတွက် ဒီဆောင်းပါးလေးကို ရေးသားလိုက်ရပါတယ်။

စိုက်ပျိုးသူတွေအနေနဲ့ ‘‘သစ်ပင်စိုက်နေတာမဟုတ်ဘူး။ မြေဆီလွှာကို ပျိုးထောင်ယူနေတာ’’ ဆိုတဲ့ အသိကလေးတစ်ချက် လက်သွားတယ်ဆိုရင်၊ မြေဆီလွှာထဲက ပိုးမွှားလေးတွေ ရှင်သန်နေမှ မြေဆီလွှာလည်း ရှင်သန်ပြီး သီးနှံတွေကို ထုတ်လုပ်နိုင်မယ်ဆိုတဲ့ အမြင်ကလေးမြင်နိုင်သွားတယ်ဆိုရင်၊ မြေဆီလွှာရှင်သန်နိုင်ဖို့ ဓာတုဆေးဝါးတွေ၊ ဓာတ်မြေသြဇာတွေကို တတ်နိုင်သမျှ အနည်းဆုံးနဲ့ မှန်မှန်ကန်ကန်ထိထိရောက်ရောက် အသုံးပြုလာနိုင်မယ်ဆိုရင်၊ အဲဒီထက် ပိုပြီးစားသုံးသူတွေကပါ မြေဆီလွှာရှင်သန်ရေးကို အလေးမူတဲ့ စိုက်ပျိုးရေးသမားတွေဆီက ဓာတုအဆိပ်လွတ်သီး နှံတွေကို တန်ဖိုးထားအားပေးစားသုံးကြဖို့ ဆန္ဒလေးဖြစ်ပေါ်လာမယ်ဆိုရင် ရှင်သန်တဲ့ မြေဆီလွှာနဲ့ ရှင်သန်နေတဲ့ ကမ္ဘာမှာ လူသားတွေလည်း ရေရှည်ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။   ခိုင်ကြည်သစ်

No comments:

Post a Comment