Tuesday, November 29, 2016

ငလျင်ဒဏ်သင့် ပုဂံဒေသအတွက် လေးဖြူသီဆိုထားသည့် ‘ပထမနိုင်ငံတော်’ တေးသီချင်းသစ် အွန်လိုင်းမှဖြန့်ချိမည်ဖြစ်ကာ ရရှိငွေများအားလုံးကို ပုဂံစေတီပုထိုးများပြုပြင်ရန် လှူဒါန်းမည်

ငလျင်ဒဏ် ပြင်းထန်စွာခံစားခဲ့ရသည့် ပုဂံဒေသအတွက် တေးသံရှင်လေးဖြူ သီဆိုထားသည့် ‘ပထမနိုင်ငံတော်’တေးသီချင်းသစ်ကို ဒီဇင်ဘာလဆန်းတွင် Myanmar Music Store အွန်လိုင်းဖြန့်ချိမှု မှတစ်ဆင့် ရောင်းချသွားမည်ဖြစ်ကာ ရရှိငွေများအားလုံးကို ပုဂံစေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရန် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ‘ပထမနိုင်ငံတော်’ တေးသီချင်း၏ စာသားများကို ဒီဇိုင်းမျိုးဆွေသန်းက ခံစားရေးဖွဲ့ထားခြင်းဖြစ်ပြီး ကျင်ခမ်းဖုန်းနှင့် Plus Three တီးဝိုင်းတို့က တီးခတ်ပေးထားခြင်းဖြစ်သည်။


အဆိုပါတေးသီချင်း နှင့်ပတ်သက်၍ “ပုဂံဒေသမှာ ငလျင်ဒဏ်ခံစားခဲ့ရပြီး အချိန်ပိုင်းလေးအတွင်းမှာတင် ကျွန်တော့်သူငယ်ချင်း ကိုပြည့်နဲ့ဖုန်းပြောဖြစ်တဲ့အချိန်မှာ သူနဲ့အတူ ကိုလေးဖြူရှိနေတယ်လို့ ပြောပါတယ်။ အဲဒီအချိန် ကျွန်တော်ပုဂံသွားတော့မလို့လို့ပြောတော့ ကိုလေးဖြူက ပုဂံနဲ့ပတ်သက်တဲ့ စာသားပို့ပေးလို့ ပြောလာပါတယ်။ အဲဒီမှာ ကျွန်တော်ချက်ချင်းပဲ စိတ်ထဲမှာ ပုဂံနဲ့ပတ်သက်လို့ ခံစားရသမျှ ရေးပြီးပို့လိုက်ပါတယ်။ ကိုလေးဖြူကလည်း ဒီသီချင်းကို ဂျပန်နိုင်ငံမှာ အသံသွင်းယူခဲ့ပါတယ်။ သီချင်းစာသားတွေ ရေးခဲ့စဉ်တုန်းကတော့ တန်ဖိုးထားထိန်းသိမ်းရမယ့်၊ လက်ဆင့်ကမ်းရမယ့် အရာတစ်ခုအတွက် ၀မ်းနည်းကြေကွဲရတဲ့ ခံစားမှုနဲ့ပဲ ရေးသားဖြစ်ခဲ့တာပါ” ဟု စာသားများရေးဖွဲ့ခဲ့သူ ဒီဇိုင်းမျိုးဆွေသန်းက ဆိုသည်။
‘ပထမနိုင်ငံတော်’ တေးသီချင်းရောင်းချ၍ ရရှိလာသည့် ငွေကြေးများအားလုံးကို ငလျင်ဒဏ်ခံ ပုဂံစေတီပုထိုးများအား ပြုပြင်ထိန်းသိမ်းမည့် ရှေးဟောင်းသုတေသန ပုဂံရုံးခွဲ၊ Eargo Bagan ယူနက်စကိုအဖွဲ့နှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား World Heritage ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် တာဝန်ယူပြင်ဆင်ပေးနေသည့် Bagan Heritage Trust အဖွဲ့တို့အား လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါအဖွဲ့အစည်း သုံးခုအနေဖြင့် ‘ပထမနိုင်ငံတော်’ တေးသီချင်းကို လိုအပ်သလိုအသုံးပြုနိုင်ရန်လည်း ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။
ပုဂံဒေသအတွက် တေးသံရှင်လေးဖြူ ခံစားသီဆိုထားသည့် ‘ပထမနိုင်ငံတော်’ တေးသီချင်းကို ဒီဇင်ဘာပထမပတ်တွင် အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိမည်ဖြစ်ပြီး ၂၀၁၇ ဇန်န၀ါရီတွင် Song Listing Track ၊ MTV Track နှင့် ပုဂံအကြောင်း သိမှတ်ဖွယ်ရာ Documentary Track တို့ကိုစုပေါင်းကာ ဒီဗွီဒီအဖြစ် ဖြန့်ချိသွားမည်ဖြစ်သည်။ ဒီဇင်ဘာလဆန်းတွင် Single Song ဦးစွာဖြန့်ချိရန် စီစဉ်ထားခြင်းဖြစ်သည်။
Writer:
လင်းလင်းခိုင်

No comments:

Post a Comment