Monday, November 28, 2016

ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ ရေများတွင် လူကိုအန္တရာယ်ဖြစ်စေသည့် အာဆင်းနစ်ဓာတ် ပါဝင်မှု သတ်မှတ် ပမာဏထက် မြင့်မားနေ

ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ တွင်းရေများ၊ သောက်သုံးရေများတွင် လူကိုအန္တရာယ်ဖြစ်စေသည့် အာဆင်းနစ်ဓာတ် ပါဝင်မှု ပမာဏမှာ မြန်မာနိုင်ငံ အတွက် သတ်မှတ်ထားသည့် ပမာဏထက် မြင့်မားနေကြောင်း ဆေးသုတေသနဦးစီးဌာနမှ သိရသည်။ အာဆင်းနစ်များသည့် ရေကို ရေရှည်သောက်သုံးမိသူများ အနေဖြင့် မီလာနင်စွဲသောရောဂါ၊ အရေပြားထူလာခြင်း၊ အရေပြားကင်ဆာ၊ ကျောက်ကပ်ပျက်စီးစေခြင်းအပြင် အဆုတ်၊ အသည်း၊ နှလုံးရောဂါများကိုလည်း ဖြစ်ပွားစေနိုင်ပြီး အာဆင်းနစ်ဓာတ် ပမာဏများသည့် ရေကိုသောက်သုံးခြင်းသည် အန္တရာယ်ရှိစေသည့် အချက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွက် သတ်မှတ်ထားသည့် As စံနှုန်း အာဆင်းနစ် ပမာဏ သုည ဒသမ ၀၅ မီလီဂရမ်ထက်များသည့်ရေကို ရေရှည်သောက်သုံးခြင်းသည် ကျန်းမာရေး ပြဿနာ များစွာ ဖြစ်စေနိုင်ကြောင်း သိရသည်။




ဆေးသုတေသန ဦးစီးဌာန အနေဖြင့် တွင်းရေများတွင် အာဆင်းနစ် ပမာဏပါဝင်မှု အခြေအနေများနှင့် ပတ်သက်၍ လေ့လာခဲ့ရာ ကျုံပျော်မြို့နယ်မှ တွင်းရေနမူနာ ၉၇ ခုကို ရယူပြီး အာဆင်းနစ်ရေများကို Iron အနည်ကျနည်းဖြင့် အားဆင်းနစ်ကို ဖယ်ထုတ်ပြီး (Arsenic Iron Removal) နည်းဖြင့် အဖြေရှာခဲ့ကြောင်း၊ စမ်းသပ်မှုများအရ တွင်းရေ၏ ၂၉ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံအတွက် သတ်မှတ်ထားသည့် As စံနှုန်း သုည ဒသမ ၀၅ မီလီ ဂရမ်/ လီတာထက် ကျော်လွန်နေသည်ကို တွေ့ရကြောင်း သိရသည်။

အာဆင်းနစ် အဆိပ်သင့်ခြင်းသည် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများဖြစ်သော အဆုတ်၊ ကျောက်ကပ်၊ အသည်း၊ နှလုံးနှင့် အရေပြားတို့ကို အဓိက ထိခိုက်စေကြောင်း၊ မြန်မာနိုင်ငံ၌ မည်သည့်နေရာဒေသများ၌ အာဆင်းနစ်ရှိကြောင်း သေချာမသိရှိကြသော်လည်း ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်း၊ ကျုံပျော်၊ ဟင်္သာတ၊ သာပေါင်းနှင့် ရေကြည်မြို့နယ် စသည့်ဒေသများ၌ သောက်သုံးရေတွင် အာဆင်းနစ် ပါဝင်နေကြောင်း သိရသည်။
Writer:
အိသဉ္ဇာကျော်

No comments:

Post a Comment