Monday, November 28, 2016

ဧရာဝတီကို ကာကွယ်ပေးပါ

‘‘မဲဇာမြစ်အတွင်း ရေများချိန်တွင် ဝင်ရောက်ခဲ့ပြီး  မိုးအကုန် ရေကျချိန်တွင် ကျန်ရစ်ခဲ့သော ဧရာဝတီလင်းပိုင် အမတစ်ကောင်ကို ငါးလုပ်ငန်းဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ။ ဒေသခံ ပြည်သူများပူးပေါင်း၍ ကသာဆိပ်ကမ်းသို့ သယ်ယူရွှေ့ပြောင်းပေးရာတွင် ကသာဆိပ်ကမ်းအနီး ဧရာဝတီမြစ်အတွင်းမှ ဧရာဝတီလင်းပိုင်ခြောက်ကောင်လာရောက်ကြိုဆို’’ လွန်ခဲ့တဲ့ ရှစ်နှစ်တာကာလ ၂၀၀၈ ခုနှစ် ဇန်နဝါရီလထဲမှာ ကျွန်တော်ရေးခဲ့တဲ့ သတင်းထဲက အကြောင်းအရာတချို့ဖြစ်ပါ တယ်။ သောင်တင်ကျန်ရစ်ခဲ့တဲ့ ဧရာဝတီလင်းပိုင်ကို မြစ်အတွင်း ပြန်လည်ပို့ဆောင်ရာမှာ တခြား သော ဧရာဝတီလင်းပိုင်များက လာရောက်ကြိုဆိုကြတာကို တွေ့ခဲ့ကြောင်း သတင်းအရင်းအမြစ် က ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါ တယ်။



‘‘မြန်မာနိုင်ငံတွင် ဧရာဝတီ လင်းပိုင် ၇၂ ကောင်ခန့်သာ ကျန် ရှိတော့၍ စိုးရိမ်ရသည့်အခြေအ နေတွင်ရှိ’’ဆိုတဲ့ သတင်းခေါင်းစီး နဲ့ ရေးခဲ့တာဖြစ်ပြီး ရှားပါးပြီး မျိုး သုဉ်းတော့မယ့်အန္တရာယ်နဲ့ ရင် ဆိုင်နေရတဲ့ မျိုးစိတ်တစ်ခုအ ကြောင်းလည်း ဖြစ်ပါတယ်။ ဧရာ ဝတီလင်းပိုင်ဆိုတာ မျိုးသုဉ်းရှား ပါးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သတ္တဝါဖြစ်ကြောင်းကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ခန့်အကြာ ကာလက တည်းက သတိပေးရေးသားခဲ့မှု တစ်ခုလည်းဖြစ်ပါတယ်။ ဧရာ ဝတီလင်းပိုင်ထိန်းသိမ်းရေးအ တွက် ဒီထက်စောတဲ့ကာလများ ဆီကလည်း စီနီယာသတင်းသမားများရေးသားဆော်ဩခဲ့ကြပါတယ်။

ဧရာဝတီလင်းပိုင်ဟာ မြန်မာနိုင်ငံ ဧရာဝတီမြစ်၊ အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်၊ အင်ဒိုနီးရှားနိုင်ငံ မဟာ ခမ်မြစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗြဟ္မ ပုတ္တရမြစ်၊ မဲခေါင်မြစ်နဲ့ ဩ စတြေးလျတိုက်မြောက်ပိုင်းတို့မှာ နေထိုင်ကျက်စားပါတယ်။ ရေချို မှာ ရှင်သန်နေထိုင်တဲ့ သတ္တဝါဖြစ် ပြီး Sir Richard Owen ဆိုသူက ၁၉၅၂ ခုနှစ်မှာ မြန်မာနိုင်ငံ ဧရာ ဝတီမြစ်အတွင်း စတင်တွေ့ရှိခဲ့ တဲ့ လင်းပိုင်မျိုးစိတ်ဖြစ်တာ ကြောင့် Irrawaddy Dolphin (ဧရာဝတီလင်းပိုင်)ရယ်လို့ အ မည်ပေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဧရာဝတီမြစ်အ တွင်းက ဧရာဝတီလင်းပိုင်များက တော့ တံငါသည်တွေနဲ့ ပူးပေါင်း ငါးဖမ်းခြင်း အလေ့အထရှိတာ ကြောင့် ကမ္ဘာအထိပါ နာမည် ကျော်ခဲ့ပါတယ်။ နိုင်ငံခြားသား ခရီးသွားများ တကူးတကလာ ရောက်လေ့လာရတဲ့ ဓလေ့တစ်ခု လည်းဖြစ်ပါတယ်။

ဒီအကြောင်းတွေကို ပြန် လည်သတိရမိစေတာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖတ် လိုက်ရတဲ့ သတင်းနဲ့ပတ်သက်နေ ပါတယ်။ နိုဝင်ဘာ ၁၈ ရက်ထုတ် ဆဲဗင်းဒေးသတင်းစာမှာ ‘‘ကိုယ် ဝန်ဆောင် ဧရာဝတီလင်းပိုင်တစ် ကောင် ရှော့ခ်တိုက်ငါးဖမ်းခြင်း ကြောင့် သေဆုံး’’ဆိုတဲ့သတင်းကို ဖတ်လိုက်ရပါတယ်။ အဲဒီသတင်း မှာ ဧရာဝတီမြစ်အတွင်း တရား မဝင်ဘက်ထရီရှော့ခ်တိုက်ငါး ဖမ်းခြင်းကြောင့် ကိုယ်ဝန်ဆောင် ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံးခဲ့တယ်။ သူနဲ့အတူ သူ့ ဗိုက်ထဲက ကလေးငယ်လည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

သူ့နာမည်က သားကြီးမ၊ သက်တမ်းက ရာကျော်ရှိတယ်။ ဒေသခံတွေ ငါးဖမ်းဆီးရာမှာ ကူ ညီပေးတယ်။ ကိုယ်ဝန်ဆောင် ထားတယ်။ သားလောင်းလင်းပိုင် လည်း သေဆုံးခဲ့ရတယ်ဆိုတဲ့ စကားရပ်များဟာ ရင်ထဲမချိ အောင် ဖြစ်ခဲ့ရပါတယ်။ အဲဒီသတင်းမှာပဲ ဒီနှစ်ဆန်းပိုင်းတုန်း ကလည်း ဧရာဝတီလင်းပိုင် နှစ်ကောင်သေဆုံးခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်တုန်းက မန္တလေးမြို့အနီး မင်းကွန်းဆိပ်ကမ်းနှင့် စဥ့်ကူးမြို့ နယ် ဟင်္သာမ ကြက်တူရွေးရွာအ နီး မြစ်ကမ်းသောင်ပေါ်မှာ တစ် နှစ်သားအရွယ်ခန့် ဧရာဝတီလင်း ပိုင်နှစ်ကောင် သေဆုံးခဲ့ပါသေး တယ်။ အဲဒီသေဆုံးမှုကလည်း ဘက်ထရီ ရှော့ခ်တိုက်ငါးဖမ်း မှုကြောင့်လို့ဆိုပါတယ်။ ၂၀၁၅ ခုနှစ်ဇွန်လ ၁၄ ရက်ကလည်း ဧရာဝတီမြစ်အတွင်း သေဆုံးမျောပါလာတဲ့ ဧရာဝတီလင်းပိုင်တစ် ကောင်ကို ရေယာဉ်တစ်စီးက တွေ့ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနကို ပေးပို့ အပ်နှံခဲ့ပါတယ်။ ဒီတစ် ကောင်ကတော့ အမြီးပြတ်သေဆုံးနေတာဖြစ်ပြီး ဘာကြောင့် သေဆုံးရတယ်ဆိုတာ မသိခဲ့ရပါဘူး။

၂၀၁၀ ပြည့်နှစ်က တစ်ကြိမ်၊၂၀၁၅ ခုနှစ်က တစ်ကြိမ် လေ့ လာသုတေသနပြုချက်တွေအရ ငါးနှစ်အတွင်းမှာ ဧရာဝတီလင်း ပိုင် ၁၅ ကောင်လျော့ကျခဲ့ပြီး အ ကောင်ရေ ၇၃ ကောင်ကနေ ၅၈ ကောင်ခန့်သာ တွေ့ရတယ်ဆိုတဲ့ စစ်တမ်းတစ်ခုလည်း ပြီးခဲ့တဲ့နှစ် ထဲမှာ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီ လို ဧရာဝတီလင်းပိုင်တွေ တစ်နှစ် ထက်တစ်နှစ် အကောင်ရေလျော့ ကျ လာခဲ့ရတာဟာ ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းခြင်း၊ စက်တပ်အမြန်ယာဉ်များပြားလာခြင်းနဲ့ လူတို့ရဲ့ ပယောဂကြောင့်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်သူတို့က ဆိုပါတယ်။

အခု ဧရာဝတီလင်းပိုင်တွေ သေဆုံးစေခဲ့တဲ့ဖြစ်စဉ်ကို ကြည့် မယ်ဆိုရင် အဓိကတရားခံဟာ ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းခြင်း ဖြစ်ပါတယ်။ ဘက်ထရီရှော့ခ် တိုက်ငါးဖမ်းခြင်းဟာ ဧရာဝတီ လင်းပိုင်တွေကိုသာမက သဘာဝ ထဲက ငါးမျိုးတွေကိုပါ ပြုန်းတီး စေတဲ့အထိ ဖြစ်စေပါတယ်။ သဘာဝ ပတ်ဝန်းကျင်အတွက် အ လွန်အမင်းအန္တရာယ်ရှိပြီး ဆိုး ကျိုးပေးစေတဲ့ ဆောင်ရွက်ချက် ဖြစ်ပါတယ်။ အဲဒီလို ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းခြင်းနဲ့ပတ် သက်ပြီး ဆိုင်ရာအဖွဲ့အစည်းက လည်း ကွင်းဆင်းစစ်ဆေးအရေး ယူနေပေမယ့် ထိရောက်တဲ့ နှိမ် နင်းနိုင်မှုကို မပြုနိုင်သေးဘူးဆို တာ အခုဧရာဝတီလင်းပိုင်များ သေဆုံးခြင်းဖြစ်စဉ်များက သက် သေထူနေပါတယ်။

အလွယ်တကူ ငါးဖမ်းဆီးရ ရှိမှုနဲ့ ဥပဒေအရ အရေးယူနိုင်မှု အားနည်းခြင်းများကြောင့် ဘက် ထရီရှော့ခ်တိုက် ငါးဖမ်းဆီးမှုများ က လျော့နည်းသွားခြင်းမရှိဘူးလို့ ဒေသခံတွေနဲ့ ငါးလုပ်ငန်းဦးစီး ဌာနက တာဝန်ရှိသူတွေက ပြော ဆိုထားသလို ဘက်ထရီရှော့ခ် တိုက်တဲ့လူတွေက လူအင်အား တောင့်တင်းကြောင်း၊ သွားရောက်ဖမ်းဆီးရာမှာ ထွက်ပြေးတာ၊ ခုခံ တာတွေအထိရှိကြောင်း ငါးလုပ် ငန်းဦးစီးဌာနက တာဝန်ရှိသူတစ် ဦးက ဆဲဗင်းဒေးရဲ့ တွေ့ဆုံမေးမြန်းထားချက်မှာ ဖြေကြားထားတာကိုလည်း ဖတ်လိုက်ရပါတယ်။

အဲဒီလို မသမာသူ ဒုစရိုက် သမား ဘက်ထရီရှော့ခ်တိုက်သူ များကြောင့် အထက်မှာဖော်ပြခဲ့ တဲ့ သမ္မာအာဇီဝကျကျ လုပ်ကိုင် စားသောက်နေတဲ့ ရေလုပ်သားနဲ့ ဧရာဝတီလင်းပိုင်တို့အကြားက ဓလေ့စရိုက်တစ်ခု၊ ရှိရင်းစွဲ ချစ် ခင်ရင်းနှီးမှုတို့ဟာလည်း ပျက် ယွင်းသွားစေနိုင်တဲ့အထိ ဖြစ်လာ ခဲ့ပါတယ်။

ဘက်ထရီရှော့ခ်တိုက်ငါး ဖမ်းခြင်း စတဲ့တားမြစ်ပစ္စည်းများ အသုံးပြု ငါးဖမ်းဆီးခဲ့မယ်ဆိုရင် ရေချိုငါးလုပ်ငန်း ဥပဒေပုဒ်မ ၄၉ အရ အမှုဖွင့်အရေးယူမှုတွေပြုပြီး အဲဒီအတွက် အမြင့်ဆုံးပြစ်ဒဏ် က ထောင်ဒဏ်သုံးနှစ်နဲ့ ငွေဒဏ် ကျပ် သုံးသိန်းဖြစ်ပါတယ်။ အဲဒီ ပြစ်ဒဏ်ဟာ ရှားပါးသတ္တဝါတစ် ကောင် ဆုံးရှုံးစေခဲ့ခြင်း၊ သဘာဝ အတွင်းက ငါးမျိုးပြုန်းတီးစေခြင်း တို့နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ မပြောပလောက်တဲ့ ပြစ်ဒဏ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဥပဒေကို ကျူးလွန်ပြီး ထွက် ပြေးသူ၊ ပြန်လည်ခုခံသူတွေကို ထိထိရောက်ရောက် အရေးယူနိုင် ဖို့နဲ့ အပြစ်ပေးအရေးယူမှုမှာ ထိ ရောက်တဲ့ပြစ်ဒဏ်များဖြစ်စေဖို့ ဆိုင်ရာအဖွဲ့အစည်းများက အ လေးဂရုပြုစီမံသွားဖို့ လိုမှာဖြစ်ပါ တယ်။ အရေးယူမှုအပိုင်းမှာ အား နည်းနေရင် အားကောင်းစေမယ့် နည်းလမ်းများကို ဖော်ဆောင် သွားရပါလိမ့်မယ်။ အပြစ်ပေးမှု မှာ အားနည်းနေရင် ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့အတွက် ဥပဒေကို ပြင်ဆင်ဖြည့်စွက်ခြင်း တွေ ပြုသွားဖို့လိုမှာ ဖြစ်ပါတယ်။

ဧရာဝတီလင်းပိုင်တွေ မှီ တင်းနေထိုင်ကြတဲ့ ဧရာဝတီမြစ် ကြီးနဲ့ပတ်သက်ပြီး နိုင်ငံသူ၊ နိုင်ငံ သားအားလုံးရဲ့ စုပေါင်းအားနဲ့ ကာကွယ်ခဲ့ကြ၊ ကယ်တင်ခဲ့ကြ တဲ့ ဖြစ်စဉ်ဖြစ်ရပ်များ လွန်ခဲ့တဲ့ နှစ်ကာလများဆီမှာ ရှိခဲ့ပါတယ်။ အဲဒီအကြောင်းကိုတော့ ထူးထွေ ပြီး ထုတ်ဖော်ပြောနေစရာတောင် မလိုတော့ပါဘူး။

သို့ပေမဲ့ ဒီကနေ့ကာလ ဒီ ချုပ်အစိုးရလက်ထက်မှာလည်း အဲဒီမြစ်ကြီးဧရာဝတီကို ပျက်စီး စေမယ့်၊ ဖျက်ဆီးပစ်နိုင်မယ့် မြစ် ဆုံစီမံကိန်းကြီး ပြန်လည်ပေါ် ထွက်မလာဖို့အရေး၊ ဧရာဝတီမြစ် ကြီး အစဉ်တည်တံ့ရှင်သန်နေစေ ရေးအတွက် လွန်ခဲ့တဲ့ နှစ်များနည်းတူ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးပညာရှင်များ၊ အခြား နယ်ပယ်အသီးသီးက တတ်သိ ကျွမ်းကျင်တဲ့ ပညာရှင်များက လှုံ့ ဆော်နေကြသလို ပြည်သူလူထု ကလည်း ကန့်ကွက်မှုတွေ၊ ဝေဖန်မှုတွေ၊ တားဆီးမှုတွေကို ပြုနေ ကြတဲ့ကာလဖြစ်ပါတယ်။ဧရာဝတီ မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း များကို ဆက်လက်ဆောင်ရွက်ဖို့ သင့်၊ မသင့်နဲ့ပတ်သက်ပြီး လေ့ လာစိစစ်သုံးသပ်တင်ပြနိုင်ဖို့ ‘‘ဧရာဝတီ မြစ်ဆုံ၊ မြစ်ညာ၊ မြစ် ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော် မရှင်’’ကို ဒီနှစ် ဩဂုတ် ၁၂ ရက် က ဖွဲ့စည်းပေးလိုက်ပြီး အခု အဲဒီ ကော်မရှင်ကလည်း လေ့လာစိ စစ်သုံးသပ်မှုတွေကို ပြုနေပါ တယ်။ မှန်ကန်တဲ့ လေ့လာသုံး သပ်မှုတွေ၊ စိစစ်မှုတွေ ထွက်ပေါ် လာစေဖို့ကိုပဲ မျှော်လင့်နေရပါ တယ်။

အချုပ်အားဖြင့်ဆိုရရင် တော့ ဧရာဝတီမြစ်ဟာ နိုင်ငံသား တို့အတွက် အလွန်တရာမှ အရေး ကြီးလှတဲ့ အသက်သွေးကြောဖြစ် ပါတယ်။ သို့အတွက် အဲဒီမြစ်ကြီး ဧရာဝတီ မပျက်စီး၊ မယိုယွင်းဖို့ အတွက် တတ်သိပညာရှင်များအ ပါအဝင် ပြည်သူလူထုတစ်ရပ်လုံး က ဝိုင်းဝန်းကယ်တင်ကာကွယ် နေကြတာ ဖြစ်ပါတယ်။ ဒီလိုပဲ မြစ်ကြီးဧရာဝတီကို မှီတင်းအသက် ရှင်နေရတဲ့၊ ဧရာဝတီဆိုတဲ့ နာ မည်ကို ရယူပိုင်ဆိုင်ထားတဲ့ မသမာသူလူတစ်စုရဲ့ ခြိမ်းခြောက်ခြင်းကို ခံနေရတဲ့ ဧရာဝတီလင်း ပိုင်များဟာလည်း မြန်မာမှာသာ မက ကမ္ဘာမှာပါ အကောင်ရေ အနည်းငယ်သာ ကျန် ရှိပါတယ်။

သို့အတွက် မြစ်ကြီးဧရာ ဝတီကို ကယ်တင်ကာကွယ်နေကြ သလို ဧရာဝတီလင်းပိုင်တို့ မျိုး သုဉ်းပျောက်ကွယ်မသွားစေဖို့၊ မသမာသူများ လက်ချက်နဲ့ အ သက်သေဆုံးခြင်းတွေ မဖြစ်ပေါ် စေဖို့ ဆိုင်ရာအဖွဲ့အစည်းများနဲ့ အတူ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းထိန်းသိမ်းကာကွယ်သွား ကြစေလိုကြောင်းပါ။ ဂျေငြိမ်း

No comments:

Post a Comment