Sunday, November 27, 2016

အလုပ်လုပ်ပါ အကျင့်ဆိုးတွေပြင်ပါ

“ အလုပ် မလုပ်ဘဲနဲ့တော့ လွတ်လပ်ရေးရပေမယ့် ဘယ်နည်းနဲ့မှ ခင်ဗျားတို့ လွတ်လပ်ရေး အရသာကို ကျပ်ပြည့်၊ တင်းပြည့် ခံစား၊ စံစားရမှာ မဟုတ်ဘူးဆိုတာ ဘယ်လိုအစိုးရပဲ တက်တက်၊ ကွန်မြူနစ်အစိုးရပဲ တက်တက်၊ ဆိုရှယ်လစ်အစိုးရပဲ တက်တက်၊ ဘာအစိုးရပဲ တက်တက် အဲဒီအလုပ် မလုပ်ဘဲနဲ့တော့ ခင်ဗျားတို့မဖြစ်ဘူးဆိုတာကို ကျွန်တော်တ ထစ်ချရဲရဲကြီး ပြောရဲတယ်။ လွတ်လပ်ရေး အရသာကို ခံစား၊ စံစားချင်တယ်ဆိုရင် ယခုကတည်းက ခင်ဗျားတို့ အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ သောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော်ကနေ့ ပြောခဲ့ချင်တယ်”။ ယင်းသည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ ခြောက်ရက်အလို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ တွင် လူထုကို နောက်ဆုံး မိန့်ကြားသွားသည့် မိန့်ခွန်းထဲက ကောက်နုတ်ချက်ပင်။



ရှင်းသည်။ ဘာမှမလုပ်ဘဲနဲ့တော့ ဘာမှရလာမည် မဟုတ်ပါ။ ပထမဆုံး အလုပ် လုပ်ရပေမည်။ အလုပ်က ထွက်ရှိလာသော လုပ်အားဖြင့် လိုရာကို တည်ဆောက်ကြရပေမည်။ လုပ်အားမပါဘဲ၊ အလုပ် မလုပ်ဘဲ တစ်စုံတစ်ရာ မျှော်လင့်ခြင်းသည် ရူးသွပ်မိုက်မဲခြင်းသာ ဖြစ်သည်။ အလုပ် မလုပ်ဘဲ ဘာမှရမလာသည့်အပေါ်တွင် ဘာကို အဓိပ္ပာယ်မဲ့ မျှော်လင့်နေပါသနည်း။ အချိန်ဖြုန်းခြင်း၊ အဓိပ္ပာယ်မရှိ အသုံးချခြင်းနှင့် မိမိကိုယ်မိမိ အဖြေမရှိ မျှော်လင့်ခြင်း၏ အကျိုးမသက်ရောက်နိုင်မှုပင် ဖြစ်၏။ အလုပ်လုပ်သည် ဆိုရာတွင်လည်းကောင်း ရောင်းကောင်းဝယ် တရားမျှတသည့် နည်းဖြင့် ၀င်ငွေရသည့် အလုပ်ဖြစ်ဖို့လိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မောင်ကြွယ်အကြောင်း နည်းနည်းပြောလို၏။

မောင်ကြွယ်သည် ပဲခူးတိုင်းမြို့နယ်ထဲရှိ မထင်မရှား ကျေးရွာကလေးတစ်ရွာက ဘုန်းကြီးကျောင်းသားကလေးပင်။ ၃-၄ တန်း ကျောင်းသား မောင်ကြွယ်က ခြောက်နှစ်သား သာသာမှာ မိဘနှစ်ပါးစလုံး ခရီးသွားရင်း ကားမှောက်၍ ကွယ်လွန်သွား၏။ ဆွေရိပ်မျိုးရိပ် မကင်းသော ဘုန်းကြီးကျောင်းသို့ ရောက်လာ၏။ ဘုန်းတော်ကြီးကလည်း မောင်ကြွယ့် အနာဂတ်ကိုကြည့်၍ အတန်းကျောင်းမှာ ထား၏။

မောင်ကြွယ် ခုနစ်တန်းအောင်၍ ရှစ်တန်းရောက်သည့်နှစ်မှာ ဘုန်းတော်ကြီး၏ ဒကာတစ်ဦးက မြို့က ကုန်စုံဆိုင်မှာ အလုပ်သမားတစ်ဦးလို၍ မောင်ကြွယ်ရောက်သွား၏။ ကုန်စုံဆိုင်မို့ အရောင်းအ၀ယ်က နံနက်မှာ လက်မလည်ရလောက်အောင် ရောင်းရ၍ မောင်ကြွယ်အလုပ်များသည်။ ယင်းကြောင့် ရှစ်တန်းပညာကို ညဘက်တွင် လူငယ့်ရေးရာကျောင်းမှာ တက်ရ၏။ မောင်ကြွယ်ကြိုးစား၏။ ရှစ်တန်းအောင်၏။ ဆိုင်ရှင် ဇနီးမောင်နှံကလည်း မောင်ကြွယ့်ပညာရေးကို အားပေး၏။ ၁၀ တန်းမှာ H.S.F အောင်၏။

တက္ကသိုလ်တက်နိုင်ဖို့ နောက်တစ်နှစ်မှာ အင်္ဂလိပ်စာနှင့် မြန်မာစာ ဆက်ဖြေမှ တက္ကသိုလ်ဝင်တန်း အောင်၏။ တက္ကသိုလ်ဆက်တက်ဖို့ ဆိုင်ရှင်ခွင့်ပြု၏။

ညဘက်တွင် ဆိုင်အလုပ်၊ စာရင်းအင်း လုပ်ရသည့်ကြားက ရန်ကုန်တက္ကသိုလ်မှာ  နေ့ဘက် တက်ရောက်ခြင်းဖြင့် ဘွဲ့ရသွားလေသည်။ မောင်ကြွယ် ကျေးဇူးသိပါသည်။

ရွာက ဘုန်းတော်ကြီးဆီသို့လည်း ၀တ္ထုငွေကြေး ပို့ပေး၏။

ကံကောင်းသည်ဟု ဆိုရမည်။ ဆိုင်မှာ ငွေကိုင်လုပ်သော ဆိုင်ရှင်တူ မစန်းစန်းခင်နှင့် မောင်ကြွယ်ကို ဆိုင်ရှင်က အိမ်ထောင်ချပေး၏။ မောင်ကြွယ် အိမ်ထောင်ရှင် ဖြစ်သွားပေပြီ။

မောင်ကြွယ်သည် ယင်းကဲ့သို့ သူ့ခြေထောက်သူ ရပ်နိုင်သည့် အခြေအနေသို့ ရောက်အောင် အလုပ်ကြီးစားလုပ်ခြင်း၏ ရလဒ်ပင်။ အလုပ်ကို ကောင်းစွာ ကြိုးစားလုပ်ကိုင်သည့်အတွက် အလုပ်ရှင်က သတို့သမီးပါ ချီးမြှင့်၏။ ယင်းသည် ရိုးရိုးသားသား အလုပ်လုပ်ခြင်းကြောင့် ထွက်ပေါ်လာသည့် ကိစ္စကောင်းပင်။

မောင်ကြွယ်နှင့် ဘုန်းတော်ကြီးကျောင်းမှာ အပေါင်းအသင်းဖြစ်ခဲ့သည့် မြတ်လင်းသည် ဆိုင်မှာ မောင်ကြွယ် အထိုင်ကျနေခိုက်မှာ ရွာကနေ၍ မောင်ကြွယ့်ဆီသို့ ရောက်လာသည်။ မောင်ကြွယ်သည် ဆိုင်ရှင်နှင့် ညှိနှိုင်း၍ မြတ်လင်းကို သူ့လက်အောက်မှာ အလုပ်ပေး၏။

ခက်သည်မှာ မြတ်လင်းသည် မောင်ကြွယ့်လို အကျင့်မကောင်းပါ။ ပိုက်ဆံဘူးထဲက ရောင်းရငွေထဲက တစ်ကျပ်ကအစ ယူသုံးတတ်၏။ ယင်းကို မောင်ကြွယ်သိ၍ ဖျောင်းဖျ၏။ ပြောတုန်းပင်။ မြတ်လင်းသည် စာရိတ္တချို့တဲ့၏။ အကျင့်တန်၏။ မကောင်းသော အကျင့်ကို မဖျောက်။ လစ်လျှင်လစ်သလို ယူငင်သုံးစွဲတတ်၏။ တစ်ခါ မဟုတ်နှစ်ခါ မဟုတ်။ ငွေရှင်မသိဘဲ လွတ်သွား၍ ဟုတ်လှပြီ ထင်ပြီး ရလေလိုလေ လုပ်မြဲလုပ်လာတော့ ပိုင်ရှင်မမ သိသွား၏။ ငွေက နည်းနည်းများ၍ ပိုင်ရှင်က ခွင့်မလွှတ်တော့ မြတ်လင်းကို ဆိုင်ကနှင်ထုတ်လိုက်၏။

မြတ်လင်းလို အကျင့်မကောင်းသူတို့အတွက် စရိုက်တူ ဆိုးသွမ်းသူ တေလေကြမ်းပိုး၊ အရက်သောက်၊ ဖဲရိုက်၊ အကုသိုလ် ဒုစရိုက် အလုပ်ကျင်လည်သူတို့နှင့် မြတ်လင်း ပေါင်းမိတော့၏။

လုယက်မှုတစ်ခုမှာ မြတ်လင်းအဖော်အဖြစ် ပါသွား၍ ရဲစခန်းသို့ ရောက်ရ၏။ အချုပ်ခံရ၏။ လုယက်ခံရသူက မြတ်လင်းကိုယ်တိုင် မပါဟု ထွက်ဆို၍ အာမခံဖြင့် မောင်ကြွယ် ထုတ်ခဲ့ရ၏။ ယင်းအမှုမှ မြတ်လင်း လွတ်လပ်သွားသော်လည်း ဖဲဝိုင်းစောင့် အလုပ်၊ မိန်းမထိန်းအစောင့်၊ အပျော်အိမ်အလုပ်တို့ မြတ်လင်းပါ၏။ တစ်ခါမှာ ရဲတို့ဝင်ဖမ်းကာ ကံသီ၍ နောက်ဖေးပေါက်က ထွက်ပြေးရာ မြတ်လင်း လွတ်သွား၏။

နောက် ဂျင်ဝိုင်း ကစားဒိုင်အုပ်တစ်ဦး က အပြင်စောင့်နေရာအတွက် မြတ်လင်းကို ငှားရ၏။ မြတ်လင်းက စောင့်ပေးရ၏။ ရဲတို့ သည် ထိုဂျင်ဝိုင်းကို အလစ်ချောင်းနေသည်မှာ ကြာပြီ။ ဂျင်ဝိုင်းသမားတို့ကလည်း ရဲတို့ မျက်စိအောက်က အပျောက်ဖျောက်နိုင်သည့် အထင်ဖြင့် အပိုင်အနိုင်လုပ်ကာ ဖြစ်ချင်တော့ ရုတ်တရက် မိုးရွာလိုက်ရာ ၀ိုင်းမှာ အားလုံး စုမိသွားကြ၏။ မြတ်လင်းတို့ အစောင့်တွေလည်း မိုးကို ကျေးဇူးတင်လျက် ၀ိုင်းနံဘေးမှာ အေးဆေးသက်သာ ထိုင်လျက် စောင့်ရှောက်နေကြ၏။

ရဲတို့ စောင့်လင့်နေသည်ကို မိုးကရွာချလိုက်၍ ဖမ်းဖို့ လူစုပေးလိုက်သလို အခွင့်အလမ်း သာသွား၏။ ရဲကားနှင့် ရဲခြောက်ဦးက ဂျင်ဝိုင်းအိမ်ကို လေးဖက်လေးတန် ၀ိုင်း၍ ရဲမှူး အတင်းဝင်ဖမ်း၏။ ပြေးမလွတ်တော့။ ဂျင်ဝိုင်းထဲက ကစားသမားများနှင့်အတူ မြတ်လင်းပါ အဖမ်းခံရတော့၏။

ဒီတစ်ခါတော့ မြတ်လင်း အာမခံမရပါ။ မောင်ကြွယ်က သံယောဇဉ်ဖြင့် အစားအသောက်ကလေးများ သွားပို့၏။ တစ်လခန့်အကြာမှာ မြတ်လင်း ထောင်တစ်နှစ်ကျသွား၏။ မြတ်လင်းအဖို့ အကျင့်ဆိုးတွေ ပြုကျင့်မှုကြောင့် ရာဇ၀တ်မှုပြစ်ဒဏ်စုရာ ထောင်ထဲသို့ ရောက်သွားခဲ့ရလေပြီ။

အကယ်၍ မြတ်လင်းသည် အကျင့်ဆိုးတို့မပြုဘဲ မောင်ကြွယ့်လို အကျင့်ကောင်းဖြင့် ကြိုးစားအားထုတ်သွားခဲ့ပါလျှင် မောင်ကြွယ်လို ကြီးပွားချမ်းသာနေပေလိမ့်မည်။

ယခုတော့ မြတ်လင်းသည် ထောင်ကျဘ၀ဖြင့် အလုပ်ကြမ်း လုပ်နေရ၏။ ဗိုလ်ချုပ်ပြောသလို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ သောက်ကျင့်တွေကို မပြင်၍ ထောင်ထဲမှာ ရန်ဖြစ်ရာ က မြတ်လင်းခြေတစ်ဖက်ကျိုးသွား၍ ထောင်ဆေးရုံမှာ မမှန်မဟုတ်လုပ်၍ အကုသိုလ်က မြတ်လင်းကို ဒုက္ခအကျိုးပေးခဲ့ပြီ။
Writer:
မြေနီသစ္စာ

No comments:

Post a Comment