Monday, November 21, 2016

"ရွှေ့ပြောင်းအလုပ်သမားတွေ ပြန်လာဖို့ အဆင်သင့် ဖြစ်ပြီလား"

“အရင်တုန်းက နိုင်ငံခြားကို ထွက်သွားကြတယ်ပေါ့… အများစုကတော့ နယ်စပ်နဲ့ နီးတဲ့ ပြည်နယ်တွေ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် များပါတယ်… အခုကတော့ တဖြည်းဖြည်းနဲ့ မြန်မာပြည်အလယ်ပိုင်းကပါ ဖြစ်လာတယ်… ဆိုလိုတာကတော့ တဖက်နိုင်ငံက ဆွဲဆောင်နိုင်တဲ့ အင်အားရှိသလို တဖက်ကလည်း တွန်းထုတ်တဲ့အားလည်း ရှိတာပေါ့… အထူးသဖြင့်တော့ ကျွန်တော်တို့ဆီမှာ စီးပွားရေး မကောင်းဘူး၊ ပဋိပက္ခတွေ ရှိတယ်၊ ရာသီဥတုကပ်ဘေးတွေ ရှိတယ်… တဖက်က တွန်းထုတ်နေတဲ့ ကိစ္စတွေကို လျော့ချဖို့ လိုပါတယ်… နောက်တစ်ပိုင်းက တဖက်က ဆွဲဆောင်နိုင်တဲ့ အားကိုကတော့ ကျွန်တော်တို့ ပြင်လို့ မရပါဘူး… ကျွန်တော်တို့ဆီမှာ နေချင်စဖွယ် အနေအထားမျိုး ရှိရင်တော့ လုပ်သားတွေ ပြန်လာကြမယ် ထင်ပါတယ်” (ဦးအောင်သူငြိမ်း - နိုင်ငံရေးလေ့လာသုံးသပ်သူ)

“ကျွန်တော်တို့ ရွှေ့ပြောင်းအလုပ်အမားတွေရဲ့ ဘဝဟာ နောက်ကျောလုံပြီးတော့ လွတ်လပ်တဲ့ ဘဝကို ထူထောင်ချင်ကြတာ… လုပ်အားခရတဲ့ငွေနဲ့ လက်ရှိ မျောက်ကို ခွေးရူးကိုက်သလို တက်သွားတဲ့ ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်မလား… အလုပ်သမားတွေ ပြန်လာဖို့ဆို ပြည်ပမှာ လုပ်နေတဲ့ လုပ်အားခနဲ့ မိသားစုငါးယောက်လောက်ကို ထိန်းနိုင်တယ်… ပြည်တွင်းမှာက တနေ့လုပ်အားခက တစ်ယောက်တည်းအတွက်တောင် အကြိတ်အနယ်ဖြစ်နေတဲ့ အနေအထား…” (ဦးဇော်လွင်ဦး - ပရိသတ်)
“ပြည်ပမှာ ရောက်နေတဲ့ တိုင်းရင်းသားအလုပ်သမားတွေ ပြန်လာဖို့ဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်းရေး နံပါတ် ၁ ဖြစ်ပါတယ်… နံပါတ် ၂ အချက်၊ ကျွန်တော်ဆို မေးကြည့်တယ်... ဘာဖြစ်လို့ မပြန်လာတာလဲဆိုတော့ ကျွန်တော်တို့ဟာ တဖက်နိုင်ငံက ရတဲ့ငွေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရတဲ့ လုပ်အားခတွေက အရမ်းကွာဟမှု ရှိတယ်… ဒါကို အနီးကပ်ဆုံး တန်းတူတိုးမြှင့်ပေးနိုင်မယ်ဆိုရင် ပြန်လာပါမယ်… နံပါတ် ၃ အချက်အနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ အလုပ်သမားတွေ လုပ်ဖို့ကိုင်ဖို့ လုပ်ငန်းခွင်၊ လုပ်ငန်းဥပဒေ မရှိဘူးဆိုလို့ရှိရင် ကျွန်တော်တို့ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ပါဘူး…” (စောနိုင်ဝင်း - ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ)
“လူကြီးမင်းတို့ ပြောနေတာက တရားဝင်အလုပ်သမားတွေအကြောင်းပဲ ပြောနေတယ်… လူတစ်ယောက် မြန်မာပြည်ပြန်သွားရင် တရားမဝင်တဲ့လူ ၅ ယောက် ပြန်ပါလာတယ်ဆိုတဲ့ ကိစ္စကို ဘယ်လို ထည့်စဉ်းစားမလဲ… လုပ်ခလစာ ၃၆၀၀ သတ်မှတ်ပြီးပြီဆိုရင် ဘာဖြစ်လို့ သုတေသန မလုပ်တာလဲ… နောက်ဆုံး ကျွန်တော်ပြောချင်တာက တို့အရေး၊ တို့အရေး ဆိုတဲ့အထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ထပ်ပြီး မလုပ်ချင်တော့ပါဘူးဗျာ…” (စိုင်းမြင့်ဆွေ - ဆာသူးလေ အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆရာ)
“မြန်မာပြည်က အလုပ်သမားတွေ ဘာလို့ သူများနိုင်ငံမှာ အလုပ်လုပ်နေရသလဲဆိုရင် မြန်မာပြည်မှာဆိုရင် အနည်းဆုံး ၁၀ တန်းအောင်မှ၊ ဘွဲ့ရမှ အလုပ်ပေးမယ်လို့ ပြောတယ်ပေါ့… အဲ့ဒါတောင်မှပဲ တနေ့ ၃၆၀၀ သူတို့ သတ်မှတ်ထားတာပေါ့… ထိုင်းနိုင်ငံမှာဆိုရင် အလုပ်လုပ်နိုင်တဲ့လူ အဘိုးကြီးပဲဖြစ်ဖြစ်၊ လူငယ်ပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် တနေ့ ဘတ် ၃၀၀ ရတယ်…” (ဦးဝင်းဇော်မြင့် - ပရိသတ်)

No comments:

Post a Comment