Tuesday, November 22, 2016

မူဆယ်နှင့် ကွတ်ခိုင်တိုက်ခိုက်ခံရ၍ စက်သုံးဆီအရောင်းဆိုင်များပိတ်

တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ပူးပေါင်း၍ မူဆယ်နှင့် ကွတ်ခိုင်အတွင်းရှိ တပ်စခန်းများနှင့် ကုန်သွယ်ရေးစခန်းများကို နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းကဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် လားရှိုးနှင့် မူဆယ်မြို့များရှိ စက်သုံးဆီအရောင်းဆိုင် အများစုမှာ ပိတ်ထားရကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
ယင်းနေ့က မူဆယ် ၁၀၅ မိုင်နှင့် ကုန်သွယ်မှုဇုန်အပါအဝင် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် ပစ်ခတ်တိုက်ခိုက်ခံရခြင်းနှင့် လမ်းတံတားများဖောက်ခွဲခံရခြင်းတို့ကြောင့် လတ်တလော စက်သုံးဆီအရောင်းဆိုင်များမှာ လုံခြုံရေးအခြေအနေပေါ် မူတည်၍ ဖွင့်လှစ်နေရကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။
“၁၀၅ မိုင်နဲ့ကုန်သွယ်မှုဇုန်ကို လက်နက်ကိုင်အဖွဲ့တွေဝင်ပစ်တယ်တိုက်ပွဲတွေဖြစ်နေတယ်လို့ကြားတာနဲ့ ဆိုင်ကိုနေ့ခင်း တစ်နာရီလောက်မှာပိတ်လိုက်တာပါ။ ဒီနေ့တော့မနက်ထဲကပြန်ဖွင့်ပါတယ်” ဟု လားရှိုးမြို့ရှိ အာသောကစက်သုံးဆီ အရောင်းဆိုင်မှ ဒေါ်အေးအေးက ပြောဆိုသည်။

ယင်းသို့ဆိုင်ပြန်ဖွင့်နေသော်လည်းတိုက်ပွဲသတင်းကိုနားစွင့်နေရပြီး လုံခြုံရေးအခြေအနေအရ စိုးရိမ်ရပါက ပြန်ပိတ်မည် ဖြစ်ကြောင်း၊ မူဆယ်မှာဖွင့်လှစ်ထားသည့် စက်သုံးဆီအရောင်းဆိုင်ခွဲကိုမူ ပိတ်ထားကြောင်း ၎င်းက ပြောကြားသည်။
လားရှိုးမြို့တွင် စက်သုံးဆီဆိုင်အများစုမှာ လားရှိုး- မန္တလေးအထွက်လမ်းတစ်လျှောက်နှင့် မူဆယ်အထွက် မြို့ပြင်နေရာများ တွင် ဖွင့်လှစ်ထားပြီး တရားဝင်မှတ်ပုံတင်ထားသည့် စက်သုံးဆီအရောင်းဆိုင် ၂၀ ကျော်ရှိကြောင်း အရောင်းဆိုင်များထံမှ သိရသည်။
ယင်းသို့စက်သုံးဆီအရောင်းဆိုင်များ ပိတ်လိုက်သည့်အတွက် နေ့စဉ်ခရီးသွားလာနေသောမော်တော်ယာဉ်အစီးရေ နှစ်သောင်းခန့်မှာ အခက်အခဲဖြစ်နိုင်ကြောင်း မော်တော်ယာဉ်မောင်းများထံမှ သိရသည်။
လားရှိုးမြို့တွင် နိုဝင်ဘာ ၁၈ ရက်က စက်သုံးဆီအရောင်းဆိုင်များကို လက်နက်ကိုင်အဖွဲ့များက ဖောက်ခွဲပစ်မည်ဟူသည့် သတင်းများထွက်ပေါ်လာပြီးနောက် စက်သုံးဆီအရောင်ဆိုင်များမှာ လုံခြုံရေးတင်းကျပ်ထားပြီး ၁၀၅ မိုင် တိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်းတွင် သတိထားရောင်းဝယ်နေရကြောင်း စက်သုံးဆီအရောင်းဆိုင်ရှင်များထံမှ သိရသည်။
“ကြောက်ပြီးဆိုင်ပိတ်ထားရအောင်ကလည်း လမ်းပေါ်သွားလာနေတဲ့ကားတွေအတွက် စဉ်းစားရသေးတယ်။ ဆီထည့်စရာမရှိရင် လမ်းပေါ်သွားဖို့အခက်အခဲဖြစ်လာမှာ ဒါကြောင့်ကားတွေလမ်းပေါ်သွားနေသမျှ ဆိုင်ဖွင့်ပေးရမှာ” ဟု ကျောက်မဲမြို့ရှိ ကေကေစက်သုံးဆီအရောင်းဆိုင်မှ ဦးလေးအောင်က ဆိုသည်။
လက်ရှိတွင် မူဆယ်မြို့ရှိစက်သုံးဆီအရောင်းဆိုင်အချို့မှာ ပိတ်ထားပြီး အချို့မှာဖွင့်ထားကြောင်းဒေသခံများထံမှ သိရသည်။
မူဆယ်၊ မိုင်းယု ၁၀၅ မိုင် မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုဇုန်၊ ကြူကုတ်(ပန်ဆန်း)မုံးကိုး၊ နှင့် ပြည်ထောင်စုလမ်းအပိုင်း နမ့်ပေါ်တံတား၊ ကွတ်ခိုင်နမ့်အွတ်ရွာနှင့် သိန်းနီမြို့အဝင် နမ္မတူတံတားကို တိုင်းရင်းသားလက်နက်ကိုင်များပူးပေါင်း တိုက်ခိုက်မှုကြောင့် အဆိုပါဒေသများတွင် ပုံမှန်အခြေအနေသို့ပြန်လည်မရောက်ရှိသေးနိုင်ရာ ပြည်ထောင်စုလမ်းအပိုင်းတွင် ကုန်တင်ယာဉ်ကြီးများသွားလာနိုင်ခြင်းမရှိသေးဘဲ ၁၀၅ မိုင်ရှိမြန်မာ- တရုတ်နှစ်နိုင်ငံကုန်သွယ်မှုဇုန်မှာလည်းပြန်လည်ဖွင့် လှစ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
The Voice

No comments:

Post a Comment