Saturday, November 19, 2016

ဘယ်သူသေသေ ငတေမာပြီးရော မဖြစ်စေဖို့

စာရေးသူတို့ မြန်မာစကားပုံတွေမှာ လူတစ်ဦးချင်းကို အမှားတွေမလုပ်မိစေဖို့ သတိပေးတဲ့ စကားပုံတွေ များစွာရှိပါတယ်။ သို့ပေမဲ့ လူတွေက စာဖတ်အားနည်းနေကြ၊ နည်းအောင် အလုပ်ခံထားခဲ့ကြရတာကြောင့် လူတစ်ဦးချင်းရဲ့စိတ်ဓာတ်တွေ ပျက်ပြားလာတယ်။ စိတ်ဓာတ်ပျက်ပြားအောင်လည်း နည်းမျိုးစုံနဲ့ ရည်ရွက်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြတယ်။ နံနက်တိုင်းမှာ စာရေးသူက တောင်မြင်းပြိုင်ကွင်းလမ်း အပေါက်ကနေ ကျိုက္ကဆံ အားကစားကွင်းကို တစ်ပတ်ပတ် လမ်းလျှောက်ပြီး ယခင်ပွဲကြည့်စင် အ၀င်ပေါက်နားမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါတယ်။ လမ်းလျှောက်တာက မိမိခန္ဓာကိုယ် ကျန်းမာရေးကို ငွေကုန်ကြေးကျမရှိဘဲ အထောက်အကူပြုစေတာမို့ နေ့စဉ်နှင့်အမျှ ကွင်းထဲမှာ လမ်းလျှောက်သူတွေကို အမြဲမြင်တွေ့နေရတယ်။  


အားကစားကွင်းက ကျန်းမာရေးအတွက် အားကစားမောင်မယ်တွေကို မွေးထုတ်ပေးနေတဲ့ နေရာလည်းဖြစ်ပါတယ်။ တစ်ဖက်မှာ အားကစားလေ့ကျင့်ရေးတွေ လုပ်ပေးနေပြီး တစ်ဖက်မှာ ပညာရေး အခြေခံကောင်းတွေ ရရှိစေဖို့ ကျောင်းကိုပါတွဲပြီး ဖွင့်ပေးထားတာ ဖြစ်တယ်။ အတိတ်ကာလကလူတွေက အဲဒီအားကစားကွင်းကို ပျောက်ပျက်အောင်လုပ်ဖို့ ကြိုးစားကြသေးတာကို ကြားသိရတော့ စိတ်မကောင်းဖြစ်မိတယ်။ မြို့နယ်တိုင်းမှာ မြို့နယ်အလိုက် အားကစားကွင်းတွေ ယခင်ကရှိခဲ့ပေမယ့် အချို့မြို့နယ်အတော်များများမှာ အားကစားကွင်းတွေကို အာဏာရှိတဲ့လူတွေက ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်နဲ့ အားကစားကွင်းတွေပျောက် အဆောက်အအုံတွေဖြစ်အောင် လုပ်သွားကြတာ တွေ့နေရတယ်။
   
ဟိုယခင်က လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့်ရှိရမယ် ဆိုပေမယ့် ယခုအခါ အဲဒီလယ်ယာ ပိုင်ဆိုင်သူတွေရဲ့ လယ်မြေတွေကို အာဏာရှိသူတွေနဲ့ ခရိုနီအမည်ရယူတွေပေါင်းပြီး သိမ်းယူလိုက်ကြတာကြောင့် လယ်မလုပ်သူတွေက လယ်ပိုင်ဖြစ်သွားတယ်။ စာရေးသူကိုယ်တိုင် မေတ္တာရပ်ခံချင်တဲ့ အချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ အာဏာရှင်ဟောင်းတွေနဲ့ ခရိုနီတွေက အတိတ်ကာလမှာ မတော်လောဘနဲ့ ရယူပိုင်ဆိုင်ထားကြတဲ့ ပစ္စည်းဥစ္စာတွေကို မိမိနိုင်ငံသားတွေ အကျိုးအတွက် ပြန်လည်ပေးအပ်တာမျိုး လုပ်ပေးစေလိုပါတယ်။ သေရင် မိမိနှင့်အတူ ဘာကိုမျှ သယ်ယူသွားလို့မရမယ့် အရာတွေကို ဘာကြောင့် အမည်နာမ မကောင်းအောင် ရယူပိုင်ဆိုင်ထားကြမလဲ။ အသိရှိရှိနဲ့ ပြန်လည်ပေးအပ်လိုက်ရင် အာဏာရှင်ဟောင်းတွေဖြစ်ဖြစ် ခရိုနီတွေပဲဖြစ်ဖြစ် နာမည်ကောင်းတစ်လုံး ပြန်လည်ပိုင်ဆိုင်သွားကြမှာ ဖြစ်တယ်။
   
အတိတ်ကာလမှာ မှားယွင်းတဲ့ စိတ်ဓာတ်တွေနဲ့ မတော်လောဘကြီးပြီး ရယူလုပ်ဆောင်ခဲ့ကြရာမှာ-
“ဘယ်သူသေသေ ငတေမာရင်ပြီးရော”
“ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်”
“ငါ့လှေငါထိုး ပဲခူးရောက်ရောက်”
ဆိုတဲ့ အတွေးတွေနဲ့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်။ ဒီကနေ့က ခေတ်ပြောင်းသွားပါပြီ။ ဒီမိုကရေစီခေတ်မှာ တစ်ဦးနှင့်တစ်ဦး မေတ္တာဓာတ်တွေ လွှမ်းခြုံကြရတော့မှာ ဖြစ်တယ်။ အတိတ်ကို အတိတ်မှာပဲ ထားရစ်ခဲ့ကြရတော့မှာ ဖြစ်ပါတယ်။ ခေတ်ပြောင်းနေပြီဆိုတာ မသိဘဲ မသိကျိုးကျွန်ပြုပြီး အတိတ်က မကောင်းတဲ့စိတ်ဓာတ်ကိုပဲ ဆက်ပြီး ထားရှိနေမယ်ဆိုရင် ဒီမိုကရေစီဆိုတာက အများပြည်သူရဲ့ ဆန္ဒအတိုင်း လုပ်ဆောင်ကြတော့မှာဖြစ်လို့ ဥပဒေအထက်မှာ လူတိုင်းကရှိနေဖို့ မလိုအပ်တော့တာဖြစ်လို့ လူတိုင်းက ဥပဒေရဲ့ ထီးရိပ်အောက်မှာပဲ နေကြရတော့မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ အခုအချိန်အထိ စိတ်ဓာတ်မပြောင်းလဲနိုင်သေးတာကြောင့် လုပ်ငန်းနေရာတိုင်းမှာ အကျင့်ပျက်ခြစားမှုက ရှိနေဆဲဖြစ်တယ်။
   
စာရေးသူ နံနက်တိုင်းလမ်းလျှောက်တဲ့ ကျိုက္ကဆံကွင်းအတွင်းက ပွဲကြည့်စင် အဆောက်အအုံမှာ နံနက် ၇ နာရီသာ ရှိသေးတယ် အရက်ဝိုင်းထိုင်နေတာ တွေ့နေရတယ်။ အဲဒီအရက်ဝိုင်း ထိုင်နေတဲ့သူတွေကလည်း အသက် ၂၀ အောက်လူငယ်တွေ ဖြစ်တယ်ဆိုတာ တွေ့ရတယ်။ စာရေးသူကတွေ့ရင် အမြဲဆုံးမစကားပြောပြီး အရက်မသောက်ဖို့ ပြောခဲ့တယ်။ သို့ပေမဲ့ သောက်မြဲသောက်နေကြတယ်။ အားကစားကွင်းဆိုတာ ကျန်းမာရေးလုပ်တဲ့ နေရာဖြစ်ပြီး အဲဒီကွင်းအတွင်းမှာ ဆေးလိပ်သောက်တာ၊ အရက်သောက်တာနဲ့ ကွမ်းစားတာကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ လိုအပ်တယ်။ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ ယခင်က အရက်ဆိုင်ဖွင့်ဖို့ လိုင်စင်တွေကို အလွယ်တကူ ထုတ်ပေးခဲ့တယ်။ လက်ဖက်ရည်ဆိုင် ဖွင့်ခွင့်လိုင်စင်ကတော့ အရက်ဆိုင်ဖွင့်ခွင့်လောက် မလွယ်ဘူးလို့ ဆိုကြတယ်။
   
စာရေးသူတို့နိုင်ငံကို ၂၇ နှစ်ကျော်ကြာ ပိတ်ပင်ထားခဲ့တဲ့ အထူးကုန်သွယ်မှုဆိုင်ရာ ကင်းလွတ်ခွင့် (GSP) ပြန်လည်ရရှိခဲ့သလို ယခင်အာဏာရှင်ဟောင်းတွေနဲ့ ခရိုနီတွေအနေနဲ့ အတိတ်ကို အတိတ်မှာထားခဲ့ပြီး လက်ရှိအခြေအနေမှာ မိမိနိုင်ငံနဲ့ နိုင်ငံသားတွေ အကျိုးအတွက် အဓိကဦးစားပေး လုပ်ဆောင်ဖို့ ပြောသွားတာကို သတိထားမိကြမှာပါ။ စိတ်ဓာတ်မပြောင်းဘဲ ယခင်ပုံစံအတိုင်း ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်ကို မဖယ်ခွာနိုင်ကြသေးရင်တော့ ပြည်သူတွေရဲ့ စောင့်ကြည့်နေတာခံကြရမယ် ဆိုတာက ပညာသားပါပါပြောလိုက်တဲ့ စကားဖြစ်ပါတယ်။
   
ဒီကနေ့ (၂၁) ရာစုခေတ်က CHANGE လို့ခေါ်တဲ့ ပြောင်းလဲမှုခေတ်ဖြစ်ပါတယ်။ ဒါကိုသိထားဖို့ လိုအပ်ပါတယ်။ အ၀ိဇ္ဇာဖုံးပြီး ယခင်စိတ်ဓာတ်ကိုပဲ ဆက်လက်စွဲကိုင်ထားမယ် ဆိုရင်တော့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးသလိုဖြစ်သွားမှာ ဖြစ်ပါတယ်။ အများအကျိုးဆောင်မှုတွေကနေ ရရှိလာမယ့် မိမိအကျိုးစီးပွားကိုသာ ရယူပိုင်ဆိုင်နိုင်ပါမှ အသေဖြောင့်နိုင်ကြမှာ ဖြစ်ပါတယ်။ လူတစ်ဦးချင်းရဲ့ အရေးကြီးဆုံးအချိန်က သေခါနီးအချိန် ဖြစ်တယ်ဆိုတာ သိဖို့လိုအပ်တယ်။ လူတစ်ဦးချင်းက သေခါနီးမှာ နိမိတ်ပုံတွေ ပေါ်လာစမြဲပါ။ ကောင်းတာလုပ်ရင် ကောင်းတဲ့ နိမိတ်ပုံတွေ ပေါ်လာလိမ့်မယ်။ မကောင်းတာလုပ်ခဲ့ရင်တော့ မကောင်းတဲ့ နိမိတ်ပုံတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီအချိန်ကျမှ နောင်တရလို့ကတော့ နောက်ကျသွားပြီဖြစ်လို့ အသေမဦးခင်မှာ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်ကို ပယ်ဖျက်ကြဖို့ လိုအပ်မှာဖြစ်ကြောင်းပါ။
Writer:
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

No comments:

Post a Comment