Tuesday, November 29, 2016

ဆင်းရဲမွဲတေမှုက ခြိမ်းခြောက်လာတဲ့ အန္တရာယ်

ထိတ်လန့်တုန်လှုပ် ချောက်ချားဖွယ်ရာ ဖြစ်ရပ်တစ်ခု နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဘယ်လို ထိတ်လန့်တုန်လှုပ် ချောက်ချားဖွယ်ရာ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ပါသလဲ။ အိမ်စရိတ် တစ်နေ့ ၂၅၀၀ ကို ပုံမှန်မပေးနိုင်လို့ အနှေးယာဉ် လုပ်သားတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချပြီး သတ်သေသွားခဲ့တဲ့ဖြစ်စဉ် ဖြစ်သွားခဲ့တာပါ။ သူသေဆုံးချိန်မှာ ဇနီးနဲ့ သားသမီးငါးယောက် ကျန်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုကြောင့် မိသားစုစားဝတ်နေရေး မပြေလည်မှုကနေ မိမိကိုယ်ကိုယ် ဆွဲကြိုးချသတ်သေတဲ့အထိဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။ ဒီဖြစ်စဉ်ဟာ အစိုးရသစ်လက်ထက် ပြည်သူတွေရဲ့ ပါးစပ်ဖျားမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သတင်းတစ်ပုဒ်အဖြစ် ရေပန်းစားခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်မျိုး ၂၀၁၄ ခုနစ် ဧပြီ ၁၈ ရက်တုန်းက တောင်ဒဂုံမြို့နယ် ၁၀၆ ရပ်ကွက်မှာ ဖြစ်ပွားခဲ့ဖူးပါတယ်။



ဖြစ်စဉ်ကတော့ တောင်ဒဂုံမြို့နယ် ၁၀၆ ရပ်ကွက်မှာ အိမ်ငှားနေထိုင်တဲ့ အသက် ၇၂ နှစ်အရွယ် အဘိုးအိုတစ်ယောက် အိမ်လခမပေးနိုင်လို့ အိမ်ရှင်က ဆင်းခိုင်းတာကြောင့် ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချပြီး သတ်သေမှုဖြစ်ပွားခဲ့တာပါ။

အိမ်ရှင်ဖြစ်သူက ဧပြီ ၁ ရက် ကရောက်လာပြီး ဧပြီ ၁၈ ရက်မှာ ပေးရမယ့် အိမ်လခမပေးရင် ဆင်းပေးဖို့ပြောဆိုပြီးနောက်ပိုင်း အဘိုးအိုက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ ဖြစ်တယ်လို့ ပတ်ဝန်းကျင်ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

မြန်မာနိုင်ငံက ပြည်သူတွေအပေါ်မှာ စားဝတ်နေရေးဆိုတဲ့ ၀န်ထုပ်ဝန်ပိုးကြီးက တစ်နေ့တခြား ပိုပြီးကြီးထွားလာပါတယ်။ မနက်လင်းလို့ မျက်လုံးနှစ်လုံး ဖွင့်ပြီဆိုတာနဲ့ ၀မ်းစာအတွက် မိသားစုတိုင်းမှာရှိတဲ့ မိသားစုဝင်အားလုံးဟာ နေ့စဉ်ရုန်းကန် လှုပ်ရှားနေရပါတယ်။

သမုဒ္ဒရာဝမ်းတစ်ထွာလို့ ဆိုပေမယ့် တစ်ထွာလောက်သာရှိတဲ့ ၀မ်းရေးအတွက် အိမ်ရှိလူအကုန် အလုပ်လုပ်တာတောင် လက်ရှိခေတ်ကာလမှာ စားလောက်ရုံသာရှိတာပါ။ ဒါတောင် တုံးလုံးစာအတွက်က မသေချာပါဘူး။ မိသားစုဝင် တစ်ယောက်ယောက်က နေထိုင်မကောင်းလို့ပဲဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာရရှိလို့ပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် အဲဒီမိသားစု စားဝတ်နေရေးဟာ မျက်ကလဲဆန်ပျာဖြစ်ပြီး ၀ရုန်းသုဉ်းကား နိုင်သွားနိုင်ပါတယ်။

ဒီလိုဖိစီးမှုတွေများလာတဲ့အတွက် ရှင်ရေးမှာ စိတ်ဓာတ်မခိုင်မာသူတွေ အတွက်တော့ သေရေးကိုသာ တစ်ဇွတ်ထိုးတဇောက်ကန်း လုပ်ခဲ့ကြတာကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေ ဖြစ်လာပါတယ်။

“စီးပွားရေးကတော့ အဓိကပေါ့။ စီးပွားရေးကျပ်လာတာနဲ့ လူတွေမှာ လွယ်လွယ်ကူကူ ဖြေရှင်းလို့ရရင်တော့ ဒီလောက်အထိမဖြစ်ဘူး။ လွယ်လွယ်ကူကူ ဖြေရှင်းလို့မရတော့ ကျပ်တည်းသွားတဲ့အခါမှာ လူတွေကထွက်ပေါက်မရှိတော့ ဒီလိုဆွဲကြိုးချသေတာမျိုးတွေနဲ့ ထွက်ပေါက်ရှာသွားနိုင်တယ်။ အခုက ကုန်ဈေးနှုန်းတွေလည်း ကြီးလာပြီ။ နိုင်ငံရေးကလည်း ဟိုတစ်စ၊ ဒီတစ်စ သိပ်ပြီးတော့ မတည်မငြိမ်သလို ဖြစ်နေတော့ လူတွေရဲ့ စိတ်တွေကပြောင်းလဲလာတယ်” လို့ နိုင်ငံရေးကဗျာတွေ ရေးသားနေတဲ့ ကဗျာဆရာ မောင်မိုးပွင့် (ရေကြည်) က ဆိုပါတယ်။

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုဝင်ဘာလမကုန်ခင်မှာပင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ၁၂ မှုရှိတယ်လို့ သိရပါတယ်။ အဲဒီ ၁၂ မှုအနက် ကိုးမှုက စားဝတ်နေရေး မပြေလည်မှုကြောင့်ဖြစ်ပြီး ကျန်တာတွေက အိမ်ထောင်ရေး အဆင်မပြေမှုနဲ့ စိတ်ဖောက်ပြန်မှုတွေကြောင့် ဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၅ ခုနှစ်အထိ စာရင်းတွေအရ နှစ်ရက်ကို တစ်ယောက်နှုန်း မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးက သေကြောင်းကြံစည်မှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ ၂၀၁၄ ခုနှစ်မှာ ၁၉၂ ယောက်၊ ၂၀၁၅ ခုနှစ်မှာ ၁၈၁ ယောက်နဲ့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီကနေ နိုဝင်ဘာလအထိ ၁၁ လအတွင်း သေကြောင်းကြံစည်မှု ၂၁၀ မှုရှိတယ်လို့ သိရပါတယ်။

နှစ်အလိုက်စာရင်းတွေကို ကြည့်မယ်ဆိုရင် ၂၀၁၆ ခုနှစ်မှာ တစ်နှစ်ပြည့်ဖို့ တစ်လအလိုမှာတင် အရင်နှစ်တွေထက် သေကြောင်းကြံစည်မှု ပိုများလာတာကို တွေ့ရမှာပါ။ ဒီစာရင်းတွေအရ ၂၀၁၆ ခုနှစ် ၁၁ လအတွင်းဖြစ်ပွားခဲ့တဲ့ သေကြောင်းကြံစည်မှုတွေကို တွက်ကြည့်မယ်ဆိုရင် တစ်လကို လူ ၂၀ နှုန်းနီးပါး သေကြောင်းကြံစည်ပြီး သေဆုံးခဲ့တာ တွေ့ရပါတယ်။

“မြို့နယ်မှူးတွေလည်း ဆင်းပြီးတော့ ရပ်ကွက်တွေထဲမှာ ဟောပြောပွဲတွေလုပ်တာပါပဲ။ ပတ်ဝန်းကျင်တွေက သူတို့အနေအထားအရလည်းပဲ ဖေးမကူညီဖို့တော့ သင့်တာပေါ့။ ရဲကလည်း ဖြစ်တတ်တဲ့ အမှုအခင်းတွေကို မီဒီယာတွေနဲ့ပူးပေါင်းပြီး ထည့်တာပဲ။ တကယ်တမ်းဖြစ်တဲ့သူတွေက စဉ်းစားတွေးခေါ်မှုနည်းတယ်။ ပညာရည်နည်းပါးတဲ့သူတွေ များတယ်။ အဲဒါတွေကြောင့် ဖြစ်ရတယ်လို့ သုံးသပ်တယ်”လို့ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တစ်နှစ်ကိုအနည်းဆုံး လူဦးရေတစ်သိန်းမှာ နှစ်ယောက်ကနေ သုံးယောက်အကြား အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေရှိနေတယ်လို့ စိတ်ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်) က သိရပါတယ်။

မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေက အသက် ၂၅ နှစ်ကနေ ၄၀ အကြား အသက်အုပ်စုတွေမှာ အများဆုံးဖြစ်နေပြီး အဆုံးစီရင်ရတဲ့ အကြောင်းရင်းတွေအနက် စိတ်ရောဂါ၊ အရက်၊ မူးယစ်ဆေးစွဲပြဿနာ၊ လူမှုရေး၊ စီးပွားရေးပြဿနာ၊ လူမှုပတ်ဝန်းကျင်မှာ ၀င်ဆံ့မှုပြဿနာ၊ နေရာဒေသအလိုက် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာ ယဉ်ကျေးမှု၊ ယုံကြည်မှုဆိုင်ရာ အကြောင်းအရာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။

“ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေကတော့ အရင်ကတည်းက ရှိပါတယ်။ အခုနောက်ပိုင်းမှ များလာတယ်ဆိုတာကတော့ ပြောလို့မရပါဘူး။ မှုခင်းဖြစ်စဉ်တွေကိုကြည့်ရင် အရက်သောက်ထားတာ၊ မူးယစ်ဆေးဝါး သုံးထားတာမျိုးတွေ တစ်ခုခုတော့ ရှိနေတာမျိုးတွေ့ရတယ်။ ဒါမှမဟုတ် သူ့မှာနဂိုကတည်းက တခြားစိတ်ပိုင်းဆိုင်ရာရောဂါ တစ်ခုခု ဒါမှမဟုတ် မကျေနပ်မှုတစ်ခုခု ရှိနေတာမျိုး တွေ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာကလည်း အကြောင်းမျိုးစုံရှိပါတယ်။ တချို့ကျတော့ စီးပွားရေးအကျပ်အတည်း ဖြစ်တဲ့အချိန်မှာ ချီတုံချတုံ ဘယ်လိုလုပ်ရမှန်း မသိတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဆုံးဖြတ်ရခက်တဲ့အခါမျိုးမှာ လုပ်ကြတာတွေလည်း ရှိပါတယ်။ နောက်တစ်ခုက အရှက်တရားကြောင့် သတ်သေသွားကြတာလည်း ရှိကြတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတယ်ဆိုတာက စိတ်ဓာတ်ကျရောဂါတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ စိတ်ရောဂါ၊ အရက်စွဲတာ၊ မူးယစ်ဆေးစွဲတာတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ လူမှုရေးပြဿနာတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်” လို့ စိတ်ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်) စိတ်ကျန်းမာရေး စီမံချက်မန်နေဂျာ ဆေးတက္ကသိုလ် (၁) စိတ်ကျန်းမာပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာ တင်ဦးက ပြောကြားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ ၀င်ငွေအသင့်အတင့်နဲ့ ၀င်ငွေနိမ့်တဲ့နိုင်ငံတွေမှာ အသက် ၂၀ ၀န်းကျင်က ဖြစ်ပွားမှုများပြီး ၀င်ငွေမြင့်တဲ့နိုင်ငံတွေမှာ အသက် ၅၀ အရွယ်မှာ ဖြစ်ပွားမှုများတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အသက် ၂၅ နှစ်ကနေ ၄၀ အုပ်စုမှာ ၃၆ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး အသက် ၄၀ အထက်မှာ ၂၇ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၃၀၊ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အကြားမှာ ရာခိုင်နှုန်း ၂၀ ကနေ ၂၂ ရာခိုင်နှုန်း၊ အသက် ၁၀ နှစ်ကနေ ၁၈ နှစ်အကြားမှာ ခုနစ်ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရပါတယ်။

 အာရှအဆင့် ၂ နဲ့ ကမ္ဘာ့အဆင့် ၅၅

Asia Ranking ရဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံကို အာရှရဲ့ဒုတိယ အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ခဲ့ပါတယ်။ တစ်ဦးချင်းစီရဲ့ ဂျီဒီပီ ၁၇၁၁ ဒေါ်လာနဲ့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုဖြစ်စေတဲ့ အကြောင်းရင်းအဖြစ် အစိုးရရဲ့စီးပွားရေး စီမံခန့်ခွဲမှုလွဲမှားနေတာတွေကို ဖော်ပြခဲ့ပါတယ်။

ဒါ့ပြင် တစ်ဦးချင်းစီရဲ့ ဂျီဒီပီကို အမှီပြုထားပြီး Purchasing Power Parity ကိုအခြေခံတဲ့ Global Finance Magazine ရဲ့ နိုင်ငံပေါင်း ၁၈၅ နိုင်ငံကို တွက်ချက်ထားတဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး အဆင့် ၅၅ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ Per Capital GDP တစ်ဦးချင်း ထုတ်လုပ်မှုတန်ဖိုးဟာ ၂၀၁၀ ပြည့်နှစ်မတိုင်မီ အာဆီယံနိုင်ငံများအနက် အနိမ့်ကျဆုံးဖြစ်ခဲ့ပြီး နှစ်စဉ်တစ်ဦးကို ဒေါ်လာ ၂၀၀၀ ၀န်းကျင်သာ ရှိခဲ့တယ်လို့ CIA Facebook က ကိန်းဂဏန်းတွေက ညွှန်ပြထားပါတယ်။

၂၀၁၃ ခုနှစ်မှာ နှစ်ဆကျော်ဖြစ်တဲ့ ဒေါ်လာ ၄၄၀၀ အထိ မြင့်မားတိုးတက်ခဲ့ပြီး နောက်ဆုံးရရှိတဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၄ ခုနှစ်မှာ နှစ်စဉ်တစ်ဦးကို ဒေါ်လာ ၅၂၀၀ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ Per Capital GDP ဆိုတာ တစ်နိုင်ငံလုံးစုစုပေါင်း GDP ကို တိုင်းပြည်လူဦးရေနဲ့ စားထားတဲ့ကိန်းသာ ဖြစ်တာကြောင့် နိုင်ငံတိုးတက်ခြင်းကိုတော့ Per Capital GDP ကိန်းတစ်မျိုးတည်းအပေါ်မှာ အခြေခံလို့မရပါဘူး။ ဒီကိန်းမြင့်မားလာခြင်းက နိုင်ငံအတွင်းရှိ ပြည်သူလူထုတွေအတွက် အကျိုးကျေးဇူး ဘယ်လောက်ရှိတယ်ဆိုတာကို လေ့လာရမှာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အခြေအနေကို ထင်ရှားစွာဖော်ပြတဲ့ ကိန်းကတော့ Percentage of people living below poverty line ခေါ် အဆင်းရဲဆုံး အခြေအနေထက် ပိုမိုနိမ့်ကျစွာ နေထိုင်ကြရသူတွေရဲ့ ရာခိုင်နှုန်းကိန်းပဲ ဖြစ်ပါတယ်။

ဒီကိန်းတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အဆင်းရဲဆုံး အခြေအနေထက် ပိုမိုနိမ့်ကျစွာ နေထိုင်ကြရသူတွေရဲ့ ၃၂ ရာခိုင်နှုန်းခန့် ရှိတာကြောင့် အာဆီယံဒေသအတွင်းမှာ အမြင့်မားဆုံးဖြစ်ရုံမက ကမ္ဘာပေါ်မှာလည်း ဆင်းရဲမှုမြင့်မားတဲ့ နိုင်ငံအဖြစ် ပါဝင်ပါတယ်။

ပြည်ပပို့ကုန်အဖြစ် မြန်မာနိုင်ငံကနေ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်တောစတဲ့ သယံဇာတတွေကို တင်ပို့မှုတွေရှိနေတာကြောင့် ပို့ကုန်ပစ္စည်းထုတ်လုပ်ရာမှာ လုပ်သားအင်အား မလိုအပ်တဲ့အတွက် နိုင်ငံအတွင်း အလုပ်အကိုင်များပြားခြင်းမရှိဘဲ အလုပ်အကိုင်ရှားပါးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအချက်ကြောင့်ပဲ ဆင်းရဲမွဲတေမှုဟာ ဆက်လက်မြင့်တက်လို့ နေပါတယ်။

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆင်းရဲနွမ်းပါးမှု ၈၄ ရာခိုင်နှုန်းရှိနေပြီး ချင်းပြည်နယ် က ၇၃ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်က ၄၄ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းမှာ ၃၃ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်က ၃၃ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းက ၃၂ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။

ဆင်းရဲတဲ့နိုင်ငံမှာ တက်နေဆဲ ကုန်ဈေးနှုန်း

မြန်မာနိုင်ငံလို အဆင်းရဲဆုံးနိုင်ငံမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းမြင့်တက်မှုက ၂၀၁၃ ခုနစ် ဇွန်လက စခဲ့ပါတယ်။ ဒီလိုမြင့်တက်ခဲ့ရာမှာ ၂၀၁၃  ခုနှစ်ကနေ ၂၀၁၆ ခုနှစ် သုံးနှစ်တာကာလအတွင်း ဈေးနှုန်းနှစ်ဆကျော် မြင့်တက်ခဲ့တာပါ။

NLD အစိုးရသစ်လက်ထက် ရှစ်လတာကာလအတွင်းမှာလည်း ကုန်ဈေးနှုန်းက ကျဆင်းသွားခြင်းမရှိဘဲ စံချိန်တင်မြင့်တက်မှုတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။

မြင့်တက်ခဲ့တဲ့ အခြေခံစားသောက်ကုန်တွေကတော့ ဆန်၊ ဆီ၊ သားငါး၊ ကြက်သွန်၊ ကုန်စိမ်းတွေဖြစ်ပြီး တရိပ်ရိပ်နဲ့ ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။

ကုန်ဈေးနှုန်းစတင်မြင့်တက်ရတဲ့ အဓိကအကြောင်းရင်းတွေကတော့ အရင်အစိုးရလက်ထက်မှာ ပြုလုပ်ခဲ့တဲ့ ၀န်ထမ်းလစာတိုးမြှင့်ခြင်း၊ ပိုးကျမှုကြောင့် ဆန်အထွက် နည်းခြင်း၊ ဒေါ်လာဈေးမြင့်တက်မှု တွေရှိခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

အစိုးရသစ်လက်ထက်အထိ ဈေးနှုန်းကျဆင်းရှိခဲ့သယောင်ရှိပေမယ့် ၂၀၁၆ ဧပြီလက ဈေးနှုန်းမငြိမ်မသက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၁၆ ဧပြီလကစလို့ ကုန်ဈေးနှုန်း မြင့်တက်လာပြီး ဧပြီ၊ မေ၊ ဇွန်နှင့် ဇူလိုင်လများအတွင်းမှာတော့ ဈေးနှုန်းမြင့်တက်မှုတွေဟာ အမြင့်ဆုံးအနေအထားကို ရောက်ရှိခဲ့ပါတယ်။ ဆန်ဈေးနှုန်းကလွဲပြီး ကျန်တဲ့စားသောက်ကုန်စည်တွေက ဈေးနှုန်းကျဆင်းခြင်း မရှိခဲ့ပါဘူး။

၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ဆန်တစ်ပြည်ကို ကျပ် ၁၀၀ ၀န်းကျင်သာ ကျဆင်းခဲ့တာကြောင့် ၂၀၁၃ - ၂၀၁၄ ခုနှစ်တုန်းက ဆန်ဈေးအတိုင်းသာ ရှိနေခဲ့ပါတယ်။

၂၀၁၆ ခုနှစ် သားငါးဈေးနှုန်းတွေက ကြက်သားတစ်ပိဿာကို ကျပ် ၇၀၀၀ ကနေ ၁၂၀၀၀၊ ၀က်သားတစ်ပိဿာကို ကျပ် ၇၀၀၀ ကနေ ၁၂၀၀၀၊ အမဲသားတစ်ပိဿာကို ကျပ် ၈၀၀၀ ကနေ ၁၃၀၀၀ အထိ ဈေးနှုန်းတက်ခဲ့ပါတယ်။      

ငါးဈေးနှုန်းတွေကတော့ ငါးရံ့တစ်ပိဿာကို ကျပ် ၁၀၀၀၀ ကနေ ကျပ် ၁၂၀၀၀၊ ငါးကြင်းတစ်ပိဿာကို အရင်က ကျပ် ၆၀၀၀ ကနေ ၆၅၀၀ အတွင်းဈေးရှိခဲ့ရာက လက်ရှိအချိန်မှာ တစ်ပိဿာ ကျပ် ၇၀၀၀ ကနေ ကျပ် ၈၀၀၀ အထိဖြစ်ခဲ့သလို ငါးခူတစ်ပိဿာကို အရင်က ကျပ် ၁၀၀၀၀ ကနေ ကျပ် ၁၂၀၀၀ အတွင်းရှိခဲ့ရာက လက်ရှိအချိန်မှာ တစ်ပိဿာကို ကျပ် ၁၅၀၀၀ အထိ ဈေးတက်ခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလအတွင်း ဒေါ်လာဈေး စံချိန်တင်မြင့်တက်နေတာကြောင့် မလေးရှားနိုင်ငံကနေ အဓိကတင်သွင်းတဲ့ စားအုန်းဆီဈေးနှုန်းဟာ အရင်က တစ်ပိဿာ ကျပ် ၁၈၀၀ ကနေ ကျပ် ၂၀၀၀ သာရှိခဲ့ရာက လက်ရှိအချိန်မှာတော့ တစ်ပိဿာ ကျပ် ၂၃၀၀ ကနေ ကျပ် ၂၅၀၀ အထိ ဈေးနှုန်းမြင့်တက်လျက် ရှိပါတယ်။

လက်ရှိ ကြက်သွန်ဈေးနှုန်းကလည်း မြင့်တက်မှုတွေရှိနေပြီး တစ်ပိဿာ ကျပ် ၇၀၀ ကနေ ၁၃၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။ လက်ရှိအချိန်မှာ အဓိကတက်နေတာက အသီးအရွက်ဈေးနှုန်းပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကန်စွန်းရွက်တစ်စည်းကို ကျပ် ၃၀၀ အထိ မြင့်တက်နေတဲ့အတွက် အသားငါးမစားနိုင်တဲ့ အခြေခံလက်လုပ်လက်စားတွေ အတွက်တော့ အသီးအရွက်တောင် နပ်မမှန်ချင်တော့ပါဘူး။

“ကန်စွန်းရွက်တစ်စည်းကို ၃၀၀ ပေးပြီး ၀ယ်ရတယ်။ တစ်စည်းတည်းဝယ်လို့ မိသားစု မလောက်ငဘူး။ အနည်းဆုံး နှစ်စည်းနဲ့ သုံးစည်းလောက် ၀ယ်မှရတာ။ အဲဒီမှာတင် ကန်စွန်းရွက်ဖိုးချည်း ကျပ် ၁၀၀၀ လောက်သွားနေပြီ။ ကျန်တာ ဘာမှမပါသေးဘူး။ ၀င်ငွေကသာ တိုးမလာတာ ကုန်ဈေးနှုန်းက တက်နေတော့ ကြာရင်အသီးအရွက်တောင် နပ်မှန်ပါ့မလားမသိဘူး” လို့ အိမ်ရှင်မတစ်ယောက်က ဆိုပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်က ပန်းရန်လုပ်သားတစ်ယောက်ကတော့ “မိသားစုတစ်ခုမှာ လူတစ်ယောက်တည်းရဲ့ဝင်ငွေနဲ့ အခုခေတ်ကြီးမှာ ရပ်တည်လို့မရတော့ဘူး။ အိမ်မှာရှိတဲ့ မိသားစုအကုန် အလုပ်ထွက်လုပ်မှ စားဝတ်နေရေး အဆင်ပြေမှာ။ အခုခေတ်ကုန်ဈေးနှုန်းက သိတဲ့အတိုင်းပဲ။ အကျမရှိဘူး။ အတက်ပဲ။ အခုအစိုးရသစ် လက်ထက်မှာဆိုရင် အောက်ခြေလူတန်းစား ပြည်သူတွေအကုန်လုံးနီးပါးက ကုန်ဈေးနှုန်းကိုပဲ ကျစေချင်တယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းကမကျတဲ့အပြင် ထပ်တောင်တက်နေသေးတယ်။ ပြည်သူတွေမှာ ကန်စွန်းရွက်တောင် ၀ယ်မစားနိုင်တော့တဲ့ အခြေအနေမျိုး ရောက်နေပြီ။ အပေါင်ဆိုင်တွေမှာလည်း တစ်နေ့တစ်နေ့ လာလိုက်တဲ့လူတွေ နည်းတာမဟုတ်ဘူး။ ကျွန်တော်တို့လည်း အပေါင်ဆိုင်ကို သွားရတာပဲ။ မရှိရင်ပေါင်နှံပြီးစားရတာ။ မစားဘဲ အငတ်နေလို့မှမရတာ။ အခုကတော့ ပိုက်ဆံရှိပြီးသားလူတွေကပဲ ရှိပြီးရင်းရှိနေတာ။ အောက်ခြေပြည်သူတွေမှာ ဆန်တစ်ပြည် ၁၀၀၀ တန်တောင် မစားနိုင်တဲ့သူတွေ ရှိနေသေးတယ်ဆိုတာ လက်ရှိအစိုးရကို သိစေချင်တယ်။ ကြက်ဥ၊ ဘဲဥတစ်လုံး ကျပ် ၂၀၀၊ ကန်စွန်းရွက်တစ်စည်း ကျပ် ၃၀၀ ဆိုတဲ့ အနေအထားက ကြောက်ဖို့ကောင်းနေပြီ။ ဆင်းရဲတဲ့အိမ်တွေမှာ ဘဲဥဟင်းချက်ရင်တောင်မှ တစ်ယောက်တစ်လုံး မစားနိုင်ဘူး” လို့ပြောပါတယ်။

ဒီလို အောက်ခြေကပြည်သူတွေမှာ ၀င်ငွေက တိုးတက်လာမှုမရှိပေမယ့် တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် စားဝတ်နေရေးပြဿနာဟာ တစ်နေ့တခြား ပိုမိုကြီးထွားလို့လာနေပါတယ်။

“ကျွန်တော်တို့ပြည်သူတွေက တစ်နေ့ထက်တစ်နေ့ ၀င်ငွေနဲ့ထွက်ငွေက မမျှဘူးဖြစ်နေတယ်။ ဥပမာ လူတစ်ယောက်က တစ်နေ့ ၅၀၀၀ ရရင် အိမ်အသုံးစရိတ်က ၅၀၀၀ မကဘူး ကုန်နေတယ်။ အဲဒီ ၅၀၀၀ ကိုင်ပြီး ဈေးထဲသွား၊ ပြန်လာရင် တစ်ကျပ်မှပါမလာဘူး။ ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ ပြည်သူလူထုအတွက် အရမ်းကြီးမားတဲ့ ၀န်ထုပ်ဝန်ပိုးကြီးပါ။ သူတို့မှာ မိသားစုစားဝတ်နေရေးအတွက် တစ်နေ့ထက်တစ်နေ့ ရုန်းကန်နေရတယ်။ တက္ကစီမောင်းတဲ့သူကလည်း တက္ကစီမောင်းတဲ့သူအလျောက်၊ ကျပန်းလုပ်တဲ့သူကလည်း ကျပန်းလုပ်တဲ့သူအလျောက် ရုန်းကန်နေရတယ်။ ပြီးခဲ့တဲ့ရက်က ယုဇနမှာ ဆိုက်ကားနင်းတဲ့သူတစ်ယောက် သူ့မိသားစုစားဝတ်နေရေးကို မဖြေရှင်းနိုင်လို့ ဆွဲကြိုးချသေသွားတယ်။ ဘယ်လောက် ရှက်ဖို့ကောင်းလဲ” လို့ ဒီမိုကရေစီရေးစဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ (MDCF) မှ ကိုမှတ်ကြီးက ပြောပါတယ်။

သာမန်လက်လုပ်လက်စား လူသုံးယောက်ရှိတဲ့ မိသားစုတစ်စုရဲ့ စားစရိတ်၊ နေစရိတ်တွေကို တွက်ကြည့်မယ်ဆိုရင် အနည်းဆုံး တစ်လကို သုံးသိန်းဝန်းကျင်မှာ ရှိနေပါတယ်။ ဒါတောင် ကလေးရဲ့ နို့မှုန့်ဖိုး၊ မုန့်ဖိုးနဲ့ ကျောင်းစရိတ်တွေ မတွက်သေးပါဘူး။ မိခင်ဖြစ်သူက ကလေးတစ်ဖက်နဲ့ စီးပွားမရှာနိုင်ခဲ့ဘူးဆိုရင် ဖခင်တစ်ဦးတည်းရဲ့ ၀င်ငွေနဲ့သာ ရပ်တည်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခလစာအဖြစ် ကျပ် ၃၆၀၀ သာ သတ်မှတ်ထားတာကြောင့် လူတစ်ယောက်ရဲ့ လစဉ်ဝင်ငွေဟာ တစ်သိန်းကျော်သာ ရှိပါတယ်။

ဒါဆို ဒီမိသားစုအနေနဲ့ ဘယ်လိုရပ်တည်ပါ့မလဲ။ ဒီလိုမိသားစုမျိုး မြန်မာနိုင်ငံမှာ အများအပြားရှိနေပါတယ်။ ဒါကြောင့်လည်း လွန်ခဲ့တဲ့ရက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်မှာ ဆန်၊ ဆီ၊ ကြက်သွန်စတဲ့ အခြေခံစားသောက်ကုန်တွေ ပေးဝေလှူ ဒါန်းရာမှာ လာရောက်တန်းစီသူ များပြားခဲ့ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက် (၂) လမ်းမှာ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၉ ရက်က ရပ်ကွက်နေ ပြည်သူတွေနဲ့ စားဝတ်နေရေး အခက်အခဲရှိသူတွေကို ဆန်၊ ဆီ၊ ကြက်သွန်တွေ ပေးဝေလှူဒါန်မှုကို နှစ်တိုင်းပြုလုပ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ လာရောက်တန်းစီသူ ပိုမိုများပြားခဲ့တာပါ။

“ဒီလိုလှူတာ သုံးနှစ်ရှိပြီ။ ဒီနှစ်က လာတန်းစီတဲ့သူ မနှစ်ကထက် သုံးဆလောက်များတယ်။ လူတွေက စားဝတ်နေရေးကျပ်တည်းလာတော့ လာယူတဲ့သူတွေက ပိုများလာတယ်။ တခြားပစ္စည်း လှူတဲ့သူတွေကများတယ်။ ဆန်ကျတော့ မိသားစုတိုင်းအတွက် အရေးပါမလားဆိုပြီးတော့ ရွေးပြီးလှူပေးတာပါ” လို့ ငမိုးရိပ်ရပ်ကွက်အတွင်း နေထိုင်သူ အလှူရှင် ဦးချစ်မောင်မြင့်က ပြောပါတယ်။

ဒီလို လှူဒါန်းမှုကို လာရောက်တန်းစီရာမှာ သင်္ဃန်းကျွန်းမြို့နယ်က ရပ်ကွက်နေပြည်သူတွေသာမက တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ရွာသာကြီးစတဲ့ နေရာတွေကလည်း လာရောက်တန်းစီသူတွေ ရှိခဲ့ပါတယ်။

“အဘွားက ဒီငမိုးရိပ်ရပ်ကွက်မှာ ဆန်၊ ဆီ၊ ဆား လှူမယ်ကြားလို့ မနက်ကတည်းက လာတန်းစီနေတာ။ အိမ်မှာ မိသားစုခြောက်ယောက်ရှိတယ်။ အဘွားက ဈေးရောင်းတာပါ။ ပုံမှန်ဆိုရင် ဈေးရောင်းရတဲ့ငွေနဲ့ မိသားစုစားဝတ်နေရေးအတွက် ဖြေရှင်းရတာ မလွယ်ကူဘူးလေ။ အဲဒါကြောင့် ဒီလိုလှူတယ်ကြားတော့ ဆန်၊ ဆီ ရလည်း မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေတာပေါ့” လို့ ရွာသာကြီးရပ်ကွက်ကနေ လာရောက်တန်းစီတဲ့ ဒေါ်လှရီက ဆိုပါတယ်။

တောင်ဒဂုံမြို့နယ်ကနေ လာရောက်တန်းစီတဲ့ မခင်မြင့်က “အိမ်မှာက မိသားစုရှစ်ယောက်ရှိတယ်။ ဒီလိုမျိုးတွေ လှူတယ်ကြားရင် လာတန်းစီလိုက်တာပဲ။ ဆန်ဆိုတော့ ဘာပဲပြောပြော မိသားစုတွေ တစ်နပ်စာအဆင်ပြေတယ်လေ။ အခုအစ်မဆန်ရတယ်၊ ခွက်တွေ၊ ခြင်းတွေ၊ တံမြက်စည်းတွေပါရတယ်။ နေ့လယ် ၁၂ နာရီကတည်းက တိုကင်လာတန်းစီရတယ်။ အခု ဒီဆန်ပေးတာကျ တိုကင်နဲ့ မဟုတ်ဘူး။ ဒီတိုင်းတန်းစီရတာပါ၊ ကလေးတွေပါပါတော့ ဆန်သုံးအိတ်ရလိုက်ပါတယ်” လို့ပြောပါတယ်။

ဒေါ်လာဈေး၊ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ ဘတ်ဂျက်လိုငွေ

NLD အစိုးရသစ်လက်ထက်မှာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၄ ကျပ်အထိ စံချိန်တင်ရောက်ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၄ ကျပ်အထိ စံချိန်တင်ရောက်ရှိလာပြီး ၁၀ ရက်အတွင်း တစ်ဒေါ်လာကို ကျပ် ၅၀ ကျော် မြင့်တက်လာခဲ့တာပါ။

အမေရိကန် ရွေးကောက်ပွဲနောက်ပိုင်း ပြည်တွင်းဈေးကွက်မှာ နိုဝင်ဘာ ၁၀ ရက်က စတင်ကာ ဒေါ်လာဈေး ဆက်တိုက်မြင့်တက်လာပြီး နိုဝင်ဘာ ၁၀ ရက်မှာ ၁၂၉၃ ကျပ်၊ နိုဝင်ဘာ ၁၁ ရက်မှာ ၁၂၉၉ ကျပ်၊ နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ၁၃၀၂ ကျပ်၊ နိုဝင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်မှာ ၁၃၀၄ - ၁၃၀၆ ကျပ်ကြား၊ နိုဝင်ဘာ ၁၆ ရက်မှာ ၁၃၁၀ ကျပ်၊ နိုဝင်ဘာ ၁၇ ရက်မှာ ၁၃၁၆ ကျပ်၊ နိုဝင်ဘာ ၁၈ ရက်မှာ ၁၃၂၂ ကျပ်၊ နိုဝင်ဘာ ၁၉ ရက်မှာ ၁၃၂၃ ကျပ်၊ နိုဝင်ဘာ ၂၀ ရက်မှာ ၁၃၂၄ ကျပ်၊ နိုဝင်ဘာ ၂၁ ရက်မှာ ၁၃၃၈ ကျပ်အထိ ဖြစ်ပေါ်ခဲ့တာပါ။

နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းမှတော့ ၁၃၃၅ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။ အဲဒီနေ့မွန်းလွဲပိုင်းရောက်ချိန်မှာ ၁၃၅၄ ကျပ်အထိ ခုန်တက်ခဲ့ပြီး ၁၀ ရက်အတွင်း ကျပ် ၅၀ ကျော် မြင့်တက်လာပေမယ့်  ညနေပိုင်းမှာတော့ ကျပ် ၁၃၅၀ အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။

ပြင်ပဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သူ့ရဲ့ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို နိုဝင်ဘာ ၂၁ ရက်က တစ်ဒေါ်လာ ကျပ် ၁၃၀၀ အဖြစ် ငါးကျပ် တိုးမြှင့်ခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်အထိ ၁၂၈၅ ကျပ်၊ နိုဝင်ဘာ ၁၆ ရက်မှာ ၁၂၈၇ ကျပ်၊ နိုဝင်ဘာ ၁၇ ရက်မှာ ကျပ် ၁၂၉၀၊ နိုဝင်ဘာ ၁၈ ရက်မှာ ၁၂၉၂ ကျပ်၊ နိုဝင်ဘာ ၂၁ ရက်မှာ ၁၂၉၅ ကျပ်၊ နိုဝင်ဘာ ၂၂ ရက်မှာ ကျပ် ၁၃၀၀ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအစိုးရ စတင်တက်ခဲ့တဲ့ ဧပြီ ၁ ရက်က နိုင်ငံခြားငွေလဲနှုန်း ၁၁၉၃ ကျပ် ဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိအစိုးရလက်ထက် အနိမ့်ဆုံး ဒေါ်လာဈေးနှုန်းကတော့ ဧပြီ ၂၄ ရက်က ၁၁၅၃ ကျပ်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်သော ဒေါ်လာဈေးနှုန်းနဲ့ နှိုင်းယှဉ်ပါက ၂၀၁ ကျပ်အထိ မြင့်တက်လာတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၁၇ ဒသမ ၄၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

ဒါ့ပြင် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် မူလခန့်မှန်းခြေငွေစာရင်းမှာ လိုငွေက ကျပ် ၃၂၈၇ ဒသမ ၆၄၉ ဘီလျံဖြစ်ပေမယ့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းရဲ့ လိုငွေက ကျပ် ၄၀၂၅ ဒသမ ၁၃ ဖြစ်တာကြောင့် မူလခန့်မှန်းခြေထက် ကျပ် ၇၃၇ ဒသမ ၄၈၁ ဘီလျံ တိုးမြင့်သွားသလို ဂျီဒီပီတန်ဖိုးကလည်း လျော့ကျသွားပါတယ်။

ပြည်ထောင်စုရဲ့ မူလခန့်မှန်းခြေငွေစာရင်းမှာ စုစုပေါင်းရငွေ ကျပ် ၁၆၉၇၈ ဒသမ ၉၉၁ ဘီလျံဖြစ်ပြီး စုစုပေါင်းသုံးငွေ ကျပ် ၂၀၂၆၆ ဒသမ ၆၄ ဖြစ်တာကြောင့် လိုငွေမှာ ကျပ် ၃၂၈၇ ဒသမ ၆၄၉ ဘီလျံဖြစ်ကြောင်း၊ ဂျီဒီပီတန်ဖိုးမှာ ကျပ် ၈၄၁၂၈ ဒသမ ၁၂၇ ဘီလျံဖြစ်လို့ လိုငွေနဲ့ ဂျီဒီပီအချိုးမှာ ၃ ဒသမ ၉၁ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းမှာ စုစုပေါင်းရငွေ ကျပ် ၁၇၁၅၂ ဒသမ ၅ ဘီလျံဖြစ်ပြီး စုစုပေါင်းသုံးငွေ ကျပ် ၂၁၁၇၇ ဒသမ ၆၃ ဘီလျံဖြစ်ကာ လိုငွေမှာ ကျပ် ၄၀၂၅ ဒသမ ၁၃ ဘီလျံ ဖြစ်ကြောင်း၊ ဂျီဒီပီတန်ဖိုးမှာ ကျပ် ၈၁၀၆၄ ဒသမ ၃၃၉ ဘီလျံဖြစ်၍ လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၄ ဒသမ ၉၇ ဖြစ်ကြောင်း သိရပါတယ်။

“ဂျီဒီပီတန်ဖိုးအား လျှော့ချခန့်မှန်းရသည့်အကြောင်းရင်းမှာ ယခင်နှစ်ပထမခြောက်လတွင် ကမ္ဘာတစ်ဝန်းလုံးတွင် ကုန်စည်ဈေးနှုန်းများ အားပျော့နေခြင်း၊ ကမ္ဘာသုံး ငွေကြေးဖြစ်သော အမေရိကန်ဒေါ်လာ မြင့်တက်ခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်ခြင်း၊ ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်သွယ်မှုနှင့် စီးပွားရေးအခြေအနေအရ ကုန်သွယ်မှု ကျဆင်းရခြင်း၊ ၂၀၁၆ - ၂၀၁၇ ဘတ်ဂျက်ကို ပြင်ဆင်ရေးဆွဲရန် ဆောင်ရွက်ခဲ့ရပြီး ပြင်ဆင်သည့် ဥပဒေကို သြဂုတ်လတွင် အတည်ပြုနိုင်ခဲ့သဖြင့် ငွေလုံးငွေရင်း အသုံးစရိတ်များ ပထမခြောက်လတွင် များစွာသုံးစွဲမှု မရှိသေးခြင်း၊ သဘာဝဘေးဒဏ်ခံစားရသည့် ဒေသများတွင် ကုန်ထုတ်လုပ်မှု ကျဆင်းခြင်းစသည်တို့ကြောင့် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လိုငွေနှင့် ဂျီဒီပီအချိုးမှာ မူလခန့်မှန်းခြေငွေစာရင်းတွင် ၃ ဒသမ ၉ ဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းတွင် ၄ ဒသမ ၉၇ ရာခိုင်နှုန်း ဖြစ်ပါတယ်” လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအဖွဲ့အစည်းအလိုက် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ကျပ်ဘီလျံ ၁၃၅၄ ဒသမ ၆၁၄ တင်ပြတောင်းခံထားတဲ့ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို နိုဝင်ဘာ ၁၆ ရက်က ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ပြီး ဗဟိုအဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေက နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်က လွှတ်တော်မှာ လာရောက်ရှင်းလင်း တင်ပြခဲ့ပါတယ်။

လွှတ်တော်ဘတ်ဂျက်လိုငွေတွေက ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေစုစုပေါင်း ကျပ် ၂၁၅၉ ဘီလျံ၊ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေစုစုပေါင်း ကျပ် ၁၉၅၃ ဘီလျံ၊ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေစုစုပေါင်း ကျပ် ၂၉၂၆ ဘီလျံ၊ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေစုစုပေါင်း ကျပ် ၂၇၅၁ ဘီလျံ၊ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်မှာ ပထမအကြိမ်အရ ဘတ်ဂျက်လိုငွေ ကျပ် ၃၆၀၀ ဘီလျံကျော်ရှိတဲ့အတွက် ဝေဖန်မှုတွေက မြင့်တက်လာခဲ့ပါတယ်။

လက်ရှိအစိုးသစ်လက်ထက်မှာလည်း ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းမှာ မူလခန့်မှန်းခြေလိုငွေထက် ကျပ် ၇၃၇ ဒသမ ၄၈၁ ဘီလျံတိုးမြင့်လာတဲ့အတွက် လွှတ်တော်ဘတ်ဂျက်လိုငွေပြမှုတွေဟာ အစိုးရသစ်လက်ထက်မှာ ဆက်လက်ရှိနေပါတယ်။

တိုင်းပြည်အတွင်း နှစ်စဉ်ဘတ်ဂျက်လိုငွေပြမှုများကြောင့် တိုင်းပြည်၏စီးပွားရေးမှာ စိုးရိမ်ဖွယ်ရှိနေသည့်အတွက် အစိုးရအနေနဲ့ တိုင်းပြည်ဘဏ္ဍာငွေဖြည့်ဖို့ နည်းလမ်းတွေ ရှာဖွေရမှာဖြစ်ပေမယ့် အစိုးရက ငွေစက္ကူရိုက်ထုတ်နေတဲ့ နည်းလမ်းကိုသုံးမယ်ဆိုရင် မှန်ကန်မှုမရှိဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပြောဆိုပါတယ်။

“အသုံးစရိတ်တွေက တိုးလာတယ်။ ရငွေတွေက ထူးထူးခြားခြား တိုးမလာဘူး။ လိုငွေပြတယ်ဆိုလို့ရှိရင် ဘယ်လိုပဲဖြစ်ဖြစ်ဒီငွေကို ဘယ်လိုရှာမလဲဆိုတဲ့ အပေါ်မှာမူတည်ပြီးတော့ အကျိုးသက်ရောက်မှု ရှိရမှာပေါ့။ အခွန်တွေတိုးကောက်ပြီး ရှာမလား။ အဲဒီလိုမှမဟုတ်ဘဲ ငွေစက္ကူတွေ ရိုက်ထုတ်ပြီး ရှာမယ်ဆိုရင်တော့ တိုင်းပြည်ထဲမှာ ကုန်ဈေးနှုန်းတွေ တက်လာမယ်”လို့ နိုင်ငံတော်ဘတ်ဂျက် လေ့လာသူ စီးပွားရေး ပညာရှင်တစ်ဦးက ဆိုပါသည်။

အခုလိုတိုင်းပြည်မှာ ဘတ်ဂျက်လိုငွေများ မြင့်တက်လာတာကြောင့် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာပါတယ်။ ဒီလိုငွေကြေးဖောင်းပွမှုကြောင့် အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းကြီးမြင့်လာတဲ့အတွက် အခြေခံလူတန်းစား လက်လုပ်လက်စားတွေရဲ့ ဘ၀ကလည်း တဖြည်းဖြည်းကျပ်တည်းလို့ လာပါတယ်။

“ငွေကြေးဖောင်းပွတာပေါ်အခြေခံပြီး ဈေးနှုန်းတွေက ကြီးမြင့်လာရင် ဘာပဲပြောပြော ၀င်ငွေနဲ့ထွက်ငွေမမျှတဲ့အခါမှာ အခက်အခဲတွေဖြစ်လာမှာပဲ။ ဒီလိုအခက်အခဲတွေ ဖြစ်လာတဲ့အခါမှာ အစိုးရအနေနဲ့ ဘာလုပ်သင့်လဲ။ အစိုးရအနေနဲ့လည်း ငွေကြေးဖောင်းပွတာကို နည်းပညာသုံးပြီး အထိုက်အလျောက် လုပ်ဆောင်မယ်လို့ထင်ပါတယ်။ ငွေကြေးဖောင်းပွမှု တည်ငြိမ်မှလည်း ကုန်ဈေးနှုန်းက ထပ်ပြီးကြီးမြင့်ဖို့မရှိဘဲ ပြန်ပြီးတည်ငြိမ်လာမှာပါ။ အစိုးရအနေနဲ့ကတော့ လတ်တလောအနေအထားမှာ ပြောရမယ်ဆိုရင် Open Types လုပ်ထားပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေ လည်းမထိခိုက်အောင်၊ ပြည်သူတွေအပေါ်မှာလည်း ထိခိုက်မှုမရှိအောင် လုပ်ဆောင်ရမှာပါ” လို့ မြန်မာနိုင်ငံပဲကုန်သည်၊ နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက သုံးသပ်ပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၀၆ ခုနှစ် အခြေခံနှစ်အရ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃ - ၂၀၁၄  ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၉၀ ရာခိုင်နှုန်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် အစားအစာဈေးနှုန်းများတက်ခဲ့ရာက ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာလမှာ ၈ ဒသမ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ဒုတိယကာလတို ငါးနှစ်စီမံကိန်းမှာ ဖော်ပြထားပါတယ်။

NLD ရွေးကောက်ပွဲ ကြေညာစာတမ်း

၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာစာတမ်းထဲမှာ မူဝါဒခေါင်းစဉ်ခွဲ ၁၃ ခုပါတယ်။ စီးပွားရေးမူဝါဒကစလို့ မြို့ပြဖွံ့ဖြိုးရေးမူဝါဒအထိ လုပ်ဆောင်မယ့်အချက်တွေကို ဖော်ပြထားပါတယ်။

စီးပွားရေးမူဝါဒ ခေါင်းစဉ်ခွဲအောက်မှာတော့ အချက်ခြောက်ချက်ပါဝင်ပါပြီး ပြည်သူ့ဘဏ္ဍာရေးစနစ်ကို ထိရောက်စွာကျင့်သုံးနိုင်ရေး၊ အခွန်ကောက်ခံရေး နှင့်စပ်လျဉ်း၍ ပြည်သူများက လိုလားစွာ ထမ်းဆောင်လိုစိတ်ရှိစေသည့် အခွန်စနစ်ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့စေရေး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အရင်းအနှီးများ၊ နည်းပညာနှင့် ငွေရေးကြေးရေးဆိုင်ရာ အခွင့်အလမ်းကောင်းများရရှိနိုင်ရန် ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ငွေကြေးဈေးကွက်များ ဖြစ်ထွန်းလာရေး တွန်းအားပေးခြင်းနှင့် ဗဟိုဘဏ်ကို အမှန်တကယ် သီးခြားလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုရေး၊ နိုင်ငံတကာကျင့်ဝတ်များနှင့် ကိုက်ညီသော နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ တိုးတက်မြင့်မားလာစေရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ သတင်းအချက်အလက်ရရှိရေး၊ လယ်ယာကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေပြဿနာများ တရားမျှတစွာဖြေရှင်းရေး၊ လယ်ယာမြေအသုံးချခွင့် အာမခံချက်ရှိစေရေး သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရေးနှင့် စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိခိုက်မှုမရှိစေရေးအတွက် သင့်လျော်သည့်နည်းလမ်းများကို ချမှတ်ဆောင်ရွက်ရေးဆိုပြီး ဖော်ပြခဲ့သလို ကျန်ကဏ္ဍတွေကိုလည်း အသေးစိတ်ဖော်ပြခဲ့ပါတယ်။

ဒါ့ပြင် NLD အစိုးရအနေနဲ့ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာတော့ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ၁၂ ရပ်ကို ထပ်မံထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီလိုမူဝါဒတွေ ထုတ်ပြန်ခဲ့ပေမယ့် လက်ရှိအစိုးရသက်တမ်း ရှစ်လနီးပါးကြာမြင့်ချိန်အထိ နိုင်ငံရဲ့စီးပွားရေးဟာ သိသိသာသာပြောင်းလဲလာတာကို မတွေ့ရသေးဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) မှာ အောက်တိုဘာ ၂၂ ရက်က ကျင်းပခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲအခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က “ကျွန်မတို့ မျှော်မှန်းသလောက် ပထမ ၆ လဟာ စီးပွားရေးဘက်မှာ မြန်မြန်ဆန်ဆန်တိုးတက်မှု မရှိခဲ့ဘူးဆိုတာ ပွင့်ပွင့်လင်းလင်းပဲ ၀န်ခံချင်ပါတယ်” လို့ပြောကြားထားပါတယ်။

အစိုးရက ဘယ်လိုဖြေရှင်းပေးမလဲ

အစိုးရသက်တမ်း ပထမခြောက်လအတွင်း စီးပွားရေးဟာ မြန်မြန်ဆန်ဆန် တိုးတက်လာမှုမရှိဘူးလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံထားပါတယ်။ လက်ရှိအချိန်ထိလည်း စီးပွားရေးက တက်ရိပ်ပြမလာသေးပါဘူး။ ဒီလိုစီးပွားရေး ကျပ်တည်းနေတဲ့အချိန်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေက တက်လာတဲ့အတွက် အခြေခံလက်လုပ်လက်စား ပြည်သူတွေမှာ စားဝတ်နေရေးကို ခက်ခဲကျပ်တည်းစွာ ရင်ဆိုင်ဖြတ်သန်းနေရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် တတိယပုံမှန် အစည်းအဝေးမှာ ပန်းတောင်းမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က “အရပ်ရပ်ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ် ရှိ၊ မရှိ” အပေါ်မေးမြန်းခဲ့ပါတယ်။

ဒီလိုမေးမြန်းခဲ့မှုအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က လုံလောက်တဲ့ဖြေဆိုမှု မပေးနိုင်ခဲ့ပါဘူး။

ဒါကို ဒေါက်တာသန်းမြင့်က ပြန်ဖြေတဲ့အခါ ငွေကြေးဖောင်းပွမှု အခြေအနေ၊ ကုန်ဈေးနှုန်းမြင့်လာတဲ့ ကိန်းဂဏန်း ဖော်ပြချက်ဒါတွေကိုပဲ အသေးစိတ်ပြောဆိုခဲ့ပြီး ထိန်းချုပ်မယ့်အစီအစဉ်ကို မဖြေခဲ့ပါဘူး။ ဒီအတွက်လည်း မေးမြန်းတဲ့မေးခွန်းကို ထိထိရောက်ရောက် ဖြေဆိုဖို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးခဲ့ရပါတယ်။

ဒီလိုသတိပေးပြီးလို့ ပြန်ဖြေချိန်မှာလည်း တိတိကျကျဖြေကြားမှုမရှိတဲ့အတွက် ဒေါ်ခင်နှင်းသစ်က ထပ်ဆင့်မေးမြန်းခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ရဲ့ ကြားဝင်ပြောဆိုမှုနဲ့အတူ ဖြေဆိုဖို့အဆင်သင့် မဖြစ်သေးတာကြောင့် နောက်မှဖြေဆိုခွင့်ပြုဖို့ ဒေါက်တာသန်းမြင့် မေတ္တာရပ်ခံခဲ့ပါတယ်။

အစိုးရပိုင်းက ကုန်ဈေးနှုန်းထိန်းချုပ်နိုင်မှု ရှိ၊ မရှိအပေါ် ဒေါ်ခင်နှင်းသစ်ရဲ့ မေးခွန်းကနည်းနာအရ လွဲချော်မှုရှိကောင်းရှိနိုင်ပေမယ့် ကုန်ဈေးနှုန်းတက်နေတာကို လှိမ့်ခံနေရတဲ့ ပြည်သူတွေအတွက် အစိုးရက ဘာလုပ်ပေးမလဲဆိုတာ မျှော်လင့်ချက်ဖြစ်စေခဲ့ပါတယ်။ လုပ်ပေးနိုင်တဲ့အစီအစဉ်နဲ့ အကြောင်းပြဖြေကြားမှု မရေရာတဲ့အခါ မေးတဲ့မေးခွန်းထက် ဖြေဆိုမှုအပေါ် စိတ်ပျက်မှု ဖြစ်စေခဲ့ပါတယ်။

ဒီအဖြစ်အပျက်က နိုဝင်ဘာ ၁၆ ရက်က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် တတိယပုံမှန် အစည်းအဝေးမှာ ဖြစ်ပွားခဲ့တာပါ။ ပြည်ထောင်စုဝန်ကြီး တစ်ယောက်ကတောင် ကုန်ဈေးနှုန်းကျဆင်းအောင် ဖြေဆိုဖို့အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ သဘောမျိုးဖြစ်ခဲ့ရင်အောက်ခြေက ပြည်သူတွေအနေနဲ့ ဘယ်သူ့ကိုအားကိုးရမလဲဆိုတဲ့ မေးခွန်းကရှိလာပါပြီ။

ဘာပဲဖြစ်ဖြစ် ဒီနှစ်မကုန်မီ တစ်လအလိုမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုတွေ ၂၁၀ ရှိနေပါတယ်။ အသေးစိတ်တွက်ကြည့်ရင် တစ်လကို လူ ၂၀ နီးပါးလောက်က မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ပြီး သတ်သေခဲ့ကြတာပါ။

ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့တဲ့ သတင်းတွေအရ သေကြောင်းကြံစည်မှု အများဆုံးပြုလုပ်သူတွေဟာ အိမ်ထောင်သည်တွေဖြစ်ပြီး အမျိုးသားတွေ အများဆုံးဖြစ်ကြတယ်လို့ သိရပါတယ်။ ဒါ့ပြင် မိမိကိုယ်ကိုယ် သေကြောင်းကြံ သေဆုံးမှုအများစုရဲ့ အကြောင်းပြချက်က စားဝတ်နေရေးပြဿနာကြောင့် ဖြစ်တာများပြီး ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးရဲ့ နှစ်အလိုက်စာရင်းတွေအရ ဒီနှစ်မှာ ပိုမိုသိသာမြင်သာစေပါတယ်။

ပြည်သူလူထုရဲ့ စားဝတ်နေရေး အကျပ်အတည်းတွေကို ဖြေရှင်းပေးရမှာက အစိုးရရဲ့တာဝန်တစ်ရပ် ဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ ကဗျာဆရာ မောင်မိုးပွင့် (ရေကြည်) က “၀င်ငွေနဲ့ထွက်ငွေ ဘယ်လိုမှမမျှတာကတော့ များတယ်။ မြန်မာနိုင်ငံမှာ စိတ်ဖိစီးမှုအများဆုံးဖြစ်နေတာက အလုပ်အကိုင်ရှားပါးတော့ ၀င်ငွေနည်းတယ်။ ၀င်ငွေလောက်အောင်ရှာဖို့ အခက်အခဲဖြစ်နေတယ်။ သင့်တင့်မျှတတဲ့ ၀င်ငွေရတဲ့ အလုပ်အကိုင်နည်းနေတဲ့ အတွက်ကြောင့်မို့ ဒီလိုကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုတွေ ဖြစ်ကုန်တယ်လို့ မြင်တယ်။ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ ပြည်သူလူထု အနေအထားကတော့ ကျွန်တော်တို့ အခြေခံပြည်သူ လက်လုပ်လက်စားသမားတွေရဲ့ အခြေအနေပိုဆိုးသထက် ဆိုးလာနေတယ်။ ကျွန်တော်က ဆင်းရဲသားတွေနဲ့အတူ နေရတာဆိုတော့သိတယ်။ ကျွန်တော်ရှေ့မှာတင် ထမင်းငတ်ပြီးတော့ ကျွန်တော့်အိမ်အောက်မှာ သေသွားတဲ့သူတောင်ရှိတယ်” လို့ဆိုခဲ့ပါတယ်။
Writer:
ဆန်းမိုးထွန်း

No comments:

Post a Comment