Saturday, November 19, 2016

မျောက်ပြ ဆန်တောင်းဖြစ်နေသော ကလေးလုပ်သား ပြဿနာ

ရန်ကုန်မြို့ ကြီး၏ အထပ်မြင့် တိုက်ကြီးများအနီးတွင် တည်ရှိနေသည့် လက်ဖက်ရည်ဆိုင်ကလေး။ သာမန်ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများအဖို့ ထိုဆိုင်များကိုသာ အားကိုးနေရဆဲ။ ထိုဆိုင်များတွင် ထမင်းနှင့် ဟင်းပါ တွဲဖက်ရောင်းချသည့်အတွက် သာမန်ဝန်ထမ်းများအဖို့ အားထားရာဆိုင်များလည်း ဖြစ်သည်။ ထိုဆိုင်များတွင် နံနက်ရုံးတက်ချိန်၊ နေ့လယ်ထမင်းစားချိန်၊ နေ့လယ် ကော်ဖီသောက်ချိန်တွေဆို အမြဲလူစည် ကားနေတတ်သည်။ ထိုဆိုင်များတွင် အလုပ်လုပ်သည့်စားပွဲထိုးများမှာ များသောအားဖြင့် ကလေးတွေကများသည်။ အထူးသဖြင့် ထိုကလေးများသည် ၁ဝနှစ် ဝန်းကျင်ခန့်သာ ရှိလိမ့်မည်ဖြစ်သည်။ ရသည့်လစာမှာ ကျပ် ၃ဝဝဝဝ မှ ကျပ် ၄၅ဝဝဝ ဝန်းကျင်အထိသာ ရကြသည်။ ဆိုင်ရှင်က ၎င်းတို့ကို ထမင်းနှစ်နပ်ကျွေးသည်။ တစ်ခါတစ်ရံ မုန့်ပဲသရေစာပါ ကျွေးတတ်သည်။ ထိုကလေးများသည် အများအားဖြင့် ရန်ကုန်မြို့မှ မဟုတ် ချေ။ အများအားဖြင့် နယ်ဘက်မှ မြို့ပြသို့ ရောက်ရှိလာသူများဖြစ်သည်။ ပညာရေးက တောကျောင်းများ၌ ပညာသင်ကြားခဲ့ရသူများ ဖြစ်သည်။ ထိုကလေးများ မြို့ပြများတွင် ဒုနှင့်ဒေး။


ထိုကလေးများသည် အဘယ့်ကြောင့် မိဘများနှင့် နေရပ်ကို စွန့်ခွာကာ မြို့ပြများတွင် လာရောက်အလုပ်လုပ်နေရသနည်း။ အဖြေမှာ များများစားစားမရှိ။ ဆင်းရဲမွဲတေမှုပင်ဖြစ်သည်။ ထိုဆင်းရဲမွဲ တေမှုမှ ကလေးလုပ် သားပပျောက်ရေးသည် ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြစ်သော်လည်း လက်တွေ့အကောင်အထည်ဖော်ရန် ခက်ခဲနေသေးသည်။ ''ကျွန်တော့်ဆီမှာတော့ တောင်သူ လယ်သမားကိစ္စဘဲ တော် တော်များများ တိုင် ပြီးတော့ ဒီကလေးလုပ်သားကိစ္စက တိုင်ကြားမှုကလဲ နည်းတယ်။ နောက်တစ်ချက်က ကလေးလုပ်သားက လယ်ယာ ကဏ္ဍမှာလဲ ကလေးလုပ်သားတွေ့တယ်။ မြို့ပေါ်က အရောင်းဆိုင် တွေမှာလဲ ကလေးလုပ် သားတွေ တွေ့ရတယ်။ အခုကလေးလိင်ကိစ္စ တွေပါ ဖြစ်လာတဲ့အခါကြတော့ ကျွန်တော် လွှတ်တော်ပိုင်းကတော့ ကလေးလုပ်သား ကာကွယ်ရေးဥပဒေ ဆွဲနိုင်ဖို့တော့ ပြဋ္ဌာန်းထားတာရှိတယ်။ သို့သော်လဲ လက်တွေ့ အကောင်အထည် ဖော်မှုကြ တော့ အားနည်းနေတာ တွေ့ရတယ်''ဟု ပြည်သူ့လွှတ်တော် တောင် သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်း က ပြောသည်။


မိသားစုဆင်းရဲ၍ အရွယ်မရောက်သေးသည့်ကလေးများ အလုပ်လုပ်ခြင်းကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လက်ခံထားရသည်ဟု အလုပ်သမားအရေး ကျွမ်းကျင်သူများကဆိုသည်။ ထို့ကြောင့် ကလေးလုပ်သား ပပျောက်ရေး ထက် လက်ရှိကလေးလုပ်သားများကို ကာကွယ် စောင့်ရှောက်ကာ ¤င်းတို့၏ဘဝ ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းရန်သာ သင့်တော်သည်ဟု ပြောသည်။ ထိုကိစ္စကို အပြည်ပြည်ဆိုင် ရာ အလုပ်သမားအဖွဲ့  ILO နှင့် ပြည်တွင်းအလုပ်သမားအရေး ဆောင်ရွက်သူများက လုပ်ဆောင်နေသည်ကို လေ့လာတွေ့ရှိရသည်။ အစိုးရစာရင်းများအရ ကလေးလုပ်သား တစ်သန်းခွဲခန့်ရှိသည်ဟု သိရသည်။ ထိုအထဲတွင် လက်ဖက် ရည်ဆိုင်မှ ကလေးများကို လူသိများကြသည်။ မိဘများနှင့်ခွဲခွာကာ နေရပ်စွန့်ခွာပြီး ရန်ကုန်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်သည့် မောင်ထူးက ''ရွာမှာ အလုပ်ကရှားတယ်။ ကလေးဖြစ်နေတော့ လယ်လုပ်ဖို့ကလဲ မရ သေး ဘူး။ အဲဒါကြောင့် ဒီဆိုင်မှာ လာလုပ်တာ''ဟု ပြောသည်။


မောင်ထူးကဲ့သို့ ကလေးလုပ်သားများ မြို့ပြများတွင် များစွာရှိ နေသည်။ ထိုကလေးများအတွက် အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့ချုပ် ILO  နှင့် ပူးပေါင်းဆောင်ရွက်နေသည်။ လက်ဖက်ရည်ဆိုင်မှ ကလေးလုပ် သားများအတွက် ဖွင့်ထားသည့်  Mobile Education Project ရွေ့လျားပညာရေးကို လုပ်ဆောင်လျက်ရှိပြီး လူသိများသည်။ သို့သော် ကလေးလုပ်သားများအတွက် ထိရောက်သည့်နည်း လမ်းတစ်ခုတော့ မဟုတ်ေ သးပေ။ ကလေးလုပ်သားများဆီသို့ ရွေ့ လျားကျောင်းကားနှင့် ပညာသင်ပေးနိုင်ရန် Tim Aye-Hardy  ဆိုသူ လူငယ်တစ်ဦးက တီထွင်ထားခြင်း ဖြစ်သည်။ ယင်းအစီအစဉ်ကို ၂ဝ၁၄ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ကလေးလုပ်သား ၁ဝဝဝ ခန့်ကို သင်ကြားပေးနိုင်ပြီဟု သိရသည်။ ကလေးလုပ်သားများသည် ဝန် ဆောင်မှုလုပ်ငန်းများ၌ လုပ်ကိုင်နေရသည်မှာ လူပေါင်းသိန်းချီရှိနေ သည်။ သို့သော် အိမ်တွင်းကလေးအလုပ်သမား မိန်းကလေးများကို မြင်နိုင်ရန် ခက်ခဲသည့်အတွက် ယင်းတို့၏အခြေအနေကို ခန့်မှန်းရ ခက်နေသည်။ ထိုသို့ လုပ်ဆောင်ချက်များသည် ကလေးလုပ်သားများ အတွက် ထိရောက်မှု နည်းပါးနေသည့်အပြင် ယင်းတို့၏ ဘဝကို ပြောင်းလဲနိုင်ခြင်း မရှိပေ။


အလုပ်သမားအရေးကျွမ်းကျင်သူ ဦးအောင်လင်းက''စီးပွားရေး ကျပ်တည်းမှုနဲ့ ပညာသင်ကြားခွင့် အခွင့်အလမ်းဆုံးရှုံးမှု ပမာဏများပြားလာတယ်ဆိုတာ ကလေးလုပ်သား ပိုမိုများပြားလာတာက သက်သေခံနေ တယ်''ဟု ပြောသည်။  မြန်မာနိုင်ငံအစိုးရနှင့် ILO  အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် ကလေးလုပ်သားပပျောက်ရေး ပဏာမအစီအစဉ်ကို ၂ဝ၁၅-၂ဝ၁၇ စီမံချက်အရ နိုင်ငံ တကာထောက် ပံ့ကူညီမှုနှင့် ကလေးလုပ်သား စစ်တမ်းကောက်ယူခြင်း ရှေ့ပြေး အစီအစဉ်အရ ကလေးလုပ်သား ၃၆ဝဝ ကို ပြန်လည်ထူထောင်ရေးအတွက် သုတေသနပြုလုပ်ရန် အစီအစဉ်ရှိသည်ဟု အလုပ်သမား အရေး ကျွမ်းကျင်သူများက ပြောသည်။  တစ်နိုင်ငံလုံး ကောက်ယူရရှိသည့် စစ်တမ်းအရ တရားဝင် ထုတ်ပြန်ချက်မှာ ကလေးလုပ်သား ၁ဒသမ၂သန်း ရှိသည်ဟု သိရသည်။ ယင်းစစ်တမ်း ထုတ်ပြန်ချက်သည် မူလခန့်မှန်းထားသည်ထက် အဆမတန်များနေသည်ကို တွေ့ရသည်။ ထို့ပြင် အန္တရာယ်ရှိလုပ်ငန်းခွင်များ၌ ကလေးလုပ်သား ခြောက်သိန်းခန့် ရှိနေသည်ဆိုခြင်းမှာ အလွန်စိုးရိမ်စရာ အခြေအနေပင် ဖြစ်သည်။


ထိုစစ်တမ်းအရ စားသောက်ဆိုင်နှင့် အထည်ချုပ်စက်ရုံအချို့၌ ၁၃နှစ်အောက် ကလေးလုပ်သားများကို တွေ့ရှိရသည်ဟုဆိုသည်။ ကလေးလုပ်သား ပေါ်ပေါက်လာရန် ဖန်တီးသည့် အကြောင်းရင်းများတွင် မိဘဆင်း ရဲမှုနှင့် အလုပ်ရှင်များက လိုလားစွာ လက်ခံလိုသည့် အချက်မှာ အဓိကအကြောင်းရင်းပင်ဖြစ်သည်ဟု ဆိုကြသည်။ မိဘ တွေ၏ မေတ္တာရပ်ခံမှုကြောင့် ကူညီသည့်အနေဖြင့် ကလေးလုပ်သားများကို လက်ခံရခြင်းဖြစ် သည်ဟု အလုပ်ရှင်များက ဆိုသည်။  ကလေးလုပ်သားများသည် လူကြီးလုပ်သားများထက် ပို၍ ကျိုးနွံသည့်အတွက် လုပ်ငန်းခွင်တွင် ခိုင်းကောင်းသည်ဟု လုပ်ငန်း ရှင်များက မြင်နေသည်။ စက်ရုံအလုပ်ရုံများတွင် ကျွမ်းကျင်မှုအပေါ် မူတည်ကာ လုပ်ခရခြင်းဖြစ်သောကြောင့် ကလေးလုပ်သားများ အလုပ်လုပ်ကာ အတတ်ပညာသင်ယူရမည်ဟု လုပ်ငန်းရှင်ဘက်က ရော ကလေးလုပ်သားဘက်ကပါ ခံယူနေကြခြင်း ဖြစ်သည်။ ထိုခံယူချက်ကြောင့်ပင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအထိ ပညာပြီးဆုံးအောင် သင်ကြားခွင့်မရရှိသည့် ကလေးများသည် ကလေးလုပ်သားအဖြစ် တစ်နည်းနည်းဖြင့် လုပ်ငန်းခွင်များသို့  ရောက်ရှိ လာခြင်း ဖြစ်သည်။


''အလုပ်မျိုးစုံမှာ သူတို့ လုပ်နိုင်ကိုင်နိုင်တဲ့ နေရာစုံနယ်ပယ်စုံထဲ ပျံ့နှံ့ရောက်ရှိ လုပ်ကိုင်ကြရာမှာ အခကြေးငွေ ဒါမှမဟုတ် အခ ကြေးငွေ တိတိကျကျ သတ်မှတ်ခြင်းမခံရဘဲ ကလေးတွေရဲ့ဘဝကို တာဝန်ယူလိုက်တဲ့ ပုံစံမျိုးတွေနဲ့ အခိုင်းအစေခံ လုပ်သားဘဝပုံစံမျိုး တွေလည်း ရှိလာတယ်။ ဒါက ဆင်းရဲမွဲတေမှု ပိုမိုမြင့်မားလေ ပညာသင်ကြားပေးနိုင်မှု ပိုမိုအားနည်းလာလေ ကလေးလုပ်သားတိုးပွားမှု နှုန်း ပိုမိုမြင့်တက်လေ ဖြစ်ပါ တယ်''ဟု ဦးအောင်လင်းက သုံးသပ် ပြောဆိုသည်။ လက်ရှိ အိမ်တွင်းအလုပ်သမားဘဝအဖြစ် ရောက်ရှိနေသည့် ကလေးဦးရေကို ကြေညာခြင်းမရှိသေးသော်လည်း အိမ်တွင်းကလေး အလုပ်သမားများသည် ကလေးမှ လူကြီးဖြစ်လာသူများ အများအပြားရှိနေသည်။ အထူးသဖြင့် မိန်းကလေးများကို အိမ်တွင်းအလုပ်သမားအဖြစ် အသုံးပြုသည့်ဓလေ့ကို မြန်မာနိုင်ငံ၌ လက်ခံလာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယင်း ကလေး လုပ်သားများ၏ လုပ်အားခကို ကလေး၏မိဘ (သို့မဟုတ်) အုပ်ထိန်းသူကသာ လက်ခံရယူသည့် စနစ် ဖြစ်သည်။


ကလေးလုပ်သားအဖြစ် လုပ်ကိုင်ရာမှ အရွယ်ရောက်လာသူများကို  ပြည်ပသို့ အိမ်တွင်းအလုပ်သမားအဖြစ် အသက်မွေးဝမ်း ကျောင်း ပြုလုပ်စေပြန်သည်။ အများအားဖြင့် ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဟောင်ေ ကာင်နိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသား အိမ်တွင်းအလုပ်သမားကို အကာအကွယ် ပေးနိုင်ရန် အစိုးရမှ စီစဉ်နေကြောင်း သိရသည်။ လက်ရှိ၌ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အိမ်တွင်းအလုပ်သမား ၃ဝဝဝဝ ခန့်ရှိနေပြီး စင်ကာပူ၌ အိမ်တွင်းအလုပ်သမား ၄ဝဝဝဝ ကျော် ရှိနေသည်ဟု သိရသည်။ ထိုအထဲတွင် နှိပ်စက်ညှဉ်းပန်းခံရသူများလည်း ရှိနေသည်ဟု သိရသည်။  တိုင်းရင်းသားလူထုတိုးတက်ရေး မိတ်ဖက် အဖွဲ့ ပြည်တွင်းပြည်ပအလုပ်သမားရေးရာတာဝန်ခံ ဒေါ်မာမာဦးက ''မြန်မာနိုင်ငံမှာ ကလေးလုပ်သား လုံးဝပပျောက်အောင် လုပ်မယ်ဆိုရင် မိသားစုဝင်ငွေကို လုံလောက်အောင် ဖန်တီးပေးရပါမယ်။ ကလေးတွေရဲ့ မိဘဝင်ငွေ မလုံလောက်ခြင်းက ကလေးလုပ်သားတွေကို ပိုမိုများလာစေတယ်။ နောက်တစ်ချက်က ပြည်တွင်းစစ်နဲ့ သဘာဝဘေးဒဏ်တွေကြောင့်လဲ ရွှေ့ပြောင်းကလေးလုပ်သားနဲ့ ကလေးသူငယ် လူကုန်ကူးခံရ မှုတွေ ရှိနေနိုင်ပါတယ်''ဟု ပြောသည်။


၁၉၅၁ခုနှစ် အလုပ်ရုံဥပဒေ ပြင်ဆင်ချက်၌ အလုပ်လုပ်ကိုင်နိုင်ရန် ခွင့်ပြုထားသည့် ၁၃နှစ်ပြည့်ပြီး ၁၆နှစ်မပြည့်သေးသူကို ကလေး လုပ်သားဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ၁၆နှစ် ပြည့်ပြီးသူကိုမူ ၁၈နှစ် မပြည့်သေး သူ လူရွယ်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ကလေးသူငယ်ဥပဒေအရ ၎င်း ၁၉၅၁ အလုပ်ရုံများဥပဒေကို ပြင်ဆင်သည့် ဥပဒေ ၂ဝ၁၆ အရ ၁၄နှစ်အောက် ကလေးသူငယ်များကို မိသားစုလုပ်ငန်းများမှအပ အခကြေးေ ငွဖြင့်လည်းကောင်း၊ အခြားတစ်နည်းနည်းဖြင့်လည်းကောင်း အလုပ်ခိုင်းစေခြင်းသည် ပြစ်မှုမြောက်ပြီး သက်ဆိုင်ရာတရားရုံးမှ ပြစ်ဒဏ်စီရင်ခြင်းခံရနိုင်သည်။ ၁၄နှစ်မှ ၁၆နှစ်အတွင်းကို ကလေးလုပ်သားဟု ဥပဒေက သတ်မှတ်ထားပြီး သက်ဆိုင်ရာ ဆရာဝန်၏ အလုပ်လုပ်ကိုင်နိုင် ကြောင်း ထောက်ခံချက် ရရှိမှသာလျှင် အလုပ်ခိုင်းစေပိုင်ခွင့်ရှိသည်။ ယင်းတို့၏အလုပ်ချိန်မှာ တစ်ရက်လျှင် လေးနာရီဖြစ်ပြီး လူကြီးလုပ်ခ တန်းတူပေးရမည် ဖြစ်သည်။ အလုပ်ချိန် ည ၆နာရီနှင့် နံနက် ၆နာရီအတွင်း လုံးဝခိုင်းစေပိုင်ခွင့် မရှိပေ။ ၁၆နှစ်နှင့် ၁၈နှစ်ကို လူရွယ်လုပ်သားဟု သတ်မှတ်ကာ တစ်ရက် အလုပ်ချိန် ရှစ်နာရီခိုင်းစေ၍ရသည်။ ထို့အပြင် ဆရာဝန်လက်မှတ်လည်း ပါရှိရမည်ဖြစ်သည် ဟု ဦးအောင်လင်းက ပြောသည်။  ''လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့တင် လုံလောက်ပါတယ်။ ဥပဒေ ထပ်ပြုစရာ မလိုပါဘူး။ ဒီလိုဖြစ်နေတာက ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ရန် တာဝန်ပျက်ကွက်မှုများကြောင့်သာ ဖြစ်တယ်''ဟု ဦးအောင်လင်းက ပြောသည်။


မြို့နယ်အလုပ်သမား ဥပဒေအရာရှိများ၏ လုပ်ပိုင်ခွင့်များသည် အလွန်မြင့်မားစွာ ဥပဒေတွင် ပေးထားပြီးဖြစ်သည်။ ၎င်းသည် အလုပ်သမားများနှင့်ပတ်သက်၍ ဆုံးဖြတ်နိုင်မှုသည် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တန်းတူ ပါဝါရရှိသည်။ မြို့နယ်အလုပ်သမားဥပဒေ အရာရှိသည် မိမိမြို့နယ်အတွင်းရှိ ဆိုင်များနှင့် အလုပ်ရုံများကို ၂၄ နာရီ ရှောင်တစ်ခင် စစ်ဆေးအရေးယူနိုင်ခွင့်အား ဥပဒေက ခွင့်ပြုပေးထားသည်။ စစ်ဆေးမှုနှင့် ထိရောက်သော အရေးယူဆောင်ရွက်မှု လျော့ရဲနေခြင်းသာ ဖြစ်သည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးတွင်လည်း ကလေးသူငယ် စောင့်ရှောက်ကာကွယ်ရေးအဖွဲ့ ရှိရမည့် ဖွဲ့စည်းပုံပါရှိပြီးဖြစ်သည်။ ''ကလေးလုပ် သားများနဲ့ ခိုင်းစေတဲ့အခါ လည်ပတ်နေတဲ့ စက်ယန္တရားတွေမှာ ခိုင်းမယ်ဆိုရင် လုပ်ငန်းကျွမ်းကျင်တဲ့ လုပ်သားများက အနားမှာနေပြီး ကြီးကြပ်ရပါမယ်။ ဒီအချက်တွေဟာ ကလေးလုပ်သားများအတွက် သတ်မှတ်ပေးထားတဲ့ ဥပဒေတွေပါ။ သီးသန့် ဥပဒေပြဋ္ဌာန်းထားတာ မရှိပေမယ့် ၁၉၅၁ အလုပ်ရုံဥပဒေနဲ့ ၂ဝ၁၃ အလုပ်ရုံဥပဒေမှာ ပါထားပါတယ်။ ဒီဥပဒေကို လက်ရှိလုပ်ငန်းရှင်များ ဘက်က လိုက်နာမှုမရှိသလို အလုပ်သမားများဘက်ကလဲ လိုက်နာမှု မရှိတဲ့အတွက် ကလေးလုပ်သားများဟာ စက်ရုံတွင်း ထိခိုက်ဒဏ်ရာ ကြောင့် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နေကြပါတယ်''ဟု ဒေါ်မာမာ ဦးက ပြောသည်။ ထိုသို့ဖြစ်နေခြင်းမှာ ကလေးလုပ်သားများအား ခိုင်းစေပိုင်ခွင့် ဥပဒေကို အလုပ်ရှင်ဘက်က မလိုက်နာနိုင်ခြင်းသည် ယင်းတို့အတွက် အကျိုးအမြတ်များ ရရှိနေခြင်းကြောင့် ဖြစ်သည်။ ကလေးလုပ်သား များဘက်မှ မလိုက်နာနိုင်ခြင်းသည် လည်း စားဝတ်နေရေး အဆင် မပြေခြင်းကြောင့် ဖြစ်သည်။


''ကလေးလုပ်သားတွေအတွက် လက်ရှိနိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဥပဒေပါခံစားခွင့်တွေ ပေးရပါမယ်။ ဒါ့အပြင် ကလေးလုပ်သားများအတွက် အသိပညာပေးလုပ်ငန်းတွေလဲ သင်ကြားပေးရပါမယ်။ ကလေးတွေ အတွက် ကိုယ်ပိုင်အားလပ်ချိန်၊ အနားယူချိန်တွေ ဖန်တီးပေးရပါမယ်''ဟု ဒေါ်မာမာဦးက ပြောသည်။ ကလေးလုပ်သားများအတွက် ကျောင်းပြင်ပပညာရေးကို အရည်အသွေးမီ အခြေခံပညာရေးစီမံချက်ကို QVEP မှ ပံ့ပိုးမှုပြုလုပ်ပေး နေသည်။ အရည်အသွေးမီ အခြေခံပညာရေးစီမံချက်၏ ရည်ရွယ်ချက်မှာ ကလေးလုပ်သားများအနေဖြင့် အရည်အသွေးမီ ပညာသင်ကြားနိုင်မှု အခွင့်အလမ်း တိုးတက်စေရန်နှင့် မူလတန်းအဆင့် ပညာ ရေးကို ရရှိနိုင်စေရန်အတွက် မြန်မာနိုင်ငံအစိုးရကို ပံ့ပိုးကူညီပေးရန် ဖြစ်သည်။ အရည်အသွေးမီ အခြေခံပညာရေးစီမံချက်ကို MDEF ဟု ခေါ်သော အလှူရှင်စုံ ပညာရေးရန်ပုံငွေက ထောက်ပံ့ပေးပြီး ဒိန်း မတ်၊ သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ နော်ဝေနှင့် ဗြိတိန် အစရှိသော နိုင်ငံများမှလည်း ယူနီဆက်ဖ်မှတစ်ဆင့် မြန်မာနိုင်ငံအစိုးရနှင့် လက် တွဲဆောင်ရွက်လျက် ရှိနေသည်။


အရည်အသွေးမီ အခြေခံပညာရေး စီမံချက်မှ ပံ့ပိုးပေးထားသည့် MLRC က ကျောင်းပြင်ပပညာရေး ညနေသင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ ထိုကျောင်းပြင်ပပညာရေး စာသင်ခန်းများသည် တစ်နေ့ လျှင် နှစ်နာရီခွဲကြာ သင်ကြားပေးပြီး တစ်ပတ်လျှင် ခြောက်ရက်ဖွင့်လှစ်ပေးသည်ဟု သိရသည်။ ရပ်ရွာမှ စေတနာ့ဝန်ထမ်းများသည် အရည်အသွေးမီ အခြေခံပညာရေးစီမံချက်မှပံ့ပိုးသော သင်တန်းများနှင့် သင်ထောက်ကူပစ္စည်းများကို MLRC မှတစ်ဆင့်ရရှိပြီး စာပေကဏ္ဍနှင့်သင်္ချာတို့ကို သင်ကြားပေးလျက်ရှိသည်။ ကျောင်းပြင်ပ ပညာရေးကို အောင်မြင်ပြီးပါက ကလေးများကို မူလတန်းအဆင့်ပညာရေး ပြီးဆုံးတ တ်မြောက် သည်ဟု သတ်မှတ်ပြီး အစိုးရအလယ်တန်းကျောင်းများသို့ ဆက်လက်တက်ရောက် စေနိုင်သည်ဟု ဆိုသည်။


ILO အဖွဲ့နှင့် ပြည်တွင်းအလုပ်သမားအရေး ဆောင်ရွက်သူများသည် ကလေးလုပ်သားများနှင့်ပတ်သက်ပြီး လက်လှမ်းမီသရွေ့ လေ့လာနေပုံရသည်။ ရန်ကုန်မြို့ ၊ လှိုင်သာယာစက်မှုဇုန်မှ ကလေးအလုပ်သမား အကြောင်းကို Rapid Assessment of Child Labour in Hlaing Thar Yar Industrial Zone ဆိုသည့် စာတမ်းအား ပြီးခဲ့သည့်နှစ်က ထုတ်ဝေထားသည်။ ယင်းစာတမ်းအရ ကလေးများကို တိုက်ရိုက်ေ မးမြန်းထားသည့်အပြင် မိဘ၊ ဆရာ၊ ဆရာမနှင့် အလုပ်ရှင်များကိုလည်း မေးမြန်းထားသည်ဟု ဆိုသည်။ လှိုင်သာယာရှိ ကလေးအလုပ်သမား တစ်ဝက်ခန့်သည် ၁၃နှစ်အောက်များ ဖြစ်ကြပြီး ရှစ်နှစ်သားအရွယ်အထိ ပါဝင်သည်ဟု စာတမ်းက ဖော်ပြသည်။ ထို့အပြင် ကလေးလုပ်သားများကို ဥပဒေတွင် တစ်နေ့ လေးနာရီသာ ခိုင်းစေရမည်ဟု သတ်မှတ်ထားသော်လည်း လက်တွေ့တွင်မူ တစ်နေ့ ရှစ်နာရီအထိ အလုပ်လုပ်နေ ကြရသည်။


ထိုသို့ဖြစ်နေရခြင်းအပေါ် ဦးအောင်လင်းက ''ဆင်းရဲမွဲတေမှု၊ ဝင်ငွေနိမ့်ပါးမှု၊ အသိပညာချို့တဲ့မှုတို့ကို မကုစားနိုင်သရွေ့ ပညာသင်ကြားမှု အခွင့်အလမ်းပိုမိုနိမ့်ကျနည်းပါးလာပြီး ကလေးလုပ်သား ဖောင်းပွမှုကို မလျှော့ ချနိုင်ပါဘူး။ ဒါတွေ ပပျောက်ဖို့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူပြန်ရင်လည်း သူတို့အလုပ်အကိုင် အခွင့်အလမ်းနဲ့ မိသားစုထမင်းအိုးကို ခွဲသလိုဖြစ်သွားနိုင်ပါတယ်'' ဟု သုံးသပ်သည်။ ထိုသို့လုပ်မည့်အစား ဟန်ပြစီမံကိန်းများ၊ ငွေကုန်ကြေးကျများ ပြားသည့် အလုပ်ရုံဆွေးနွေးပွဲများ၏ ကုန်ကျစားရိတ်များအား လျှော့ချပြီး လက်တွေ့ဖြစ်ပျက်နေသည့် အခြေအနေအား ဘက်ပေါင်းစုံက ကူညီစောင့်ရှောက်မှုများကို လက်တွေ့ ကျကျ ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သည်ဟု ဦးအောင်လင်းက အကြံပြု ပြောဆိုသည်။ ''ကလေးလုပ်သားပပျောက်ရေးအတွက် မိသားစုလုပ်အားခနဲ့ အသုံးစရိတ်များ မျှတအောင် နိုင်ငံတော်အစိုးရက စီမံဆောင် ရွက် ပေးရပါမယ်။ ပညာသင်ကြားခြင်းထက် အသက်မွေးဝမ်းကျောင်း ပညာကိုသာ စိတ်ဝင်စားတဲ့ ကလေးတွေအတွက် အစိုးရနဲ့ လုပ်ငန်း ရှင်များက ပူးပေါင်းပံ့ပိုးပေးရပါမယ်''ဟု ဒေါ်မာမာဦးက သုံးသပ် ပြောဆို ပါတယ်။ ထိုလုပ်ငန်းစဉ်အား အကောင်အထည်ဖော်လာနိုင်မည်ဆိုပါက မြန်မာနိုင်ငံအတွက် အသိပညာရှင်များ၊ အတတ်ပညာရှင်များ တစ်ပြိုင်နက် ပေါ်ပေါက်လာနိုင်သည်။ ထိုသို့ဖြစ်လာပါက နိုင်ငံဖွံ့ဖြိုးတိုး တက်ရန် အတွက် ခွန်အားများ ဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်မာမာဦးက ဆက်လက်ပြောဆိုသည်။


သို့သော် မိဘ(သို့မဟုတ်) အုပ်ထိန်းသူများဘက်က ကြည့်မည်ဆိုပါက ကလေးလုပ်သားများအား သင်တန်းတက်နိုင်ရန် စီစဉ်ပေးမည်ဆိုပါက ¤င်းတို့အတွက် ဝင်ငွေလျော့နည်းသွားနိုင်သည်။ ထိုအချက်ကို ကလေး လုပ်သား မိဘများက လက်ခံရန်လိုအပ်သည်။ ထို့ကြောင့် ကလေးလုပ်သားများအတွက် အလုပ်ခွင်သင်တန်း အောင် မြင်ရေးသည် လုပ်ငန်းရှင်နှင့် မိဘများအပေါ်တွင် မူတည်နေသည်။ လှိုင်သာယာအပါအဝင် အခြားဒေသများရှိ အလုပ်သမားများ လုပ်ခလစာကောင်းကောင်း မရရှိသည့်ပြဿနာရှိနေသည်။ မိဘများနှင့် အုပ်ထိန်းသူများက အလုပ်လုပ်နိုင်ပြီး ဝင်ငွေကောင်းကောင်းရပါက ကလေးလုပ်သားများ လျော့နည်း သွားနိုင်သည်ကို ILO က ထောက် ပြထားသည်။ ထို့ကြောင့် ကလေးလုပ်သားပြဿနာသည် မြန်မာနိုင်ငံ၏အရေးတကြီး အာရုံစိုက်ရမည့်ပြဿနာ ဖြစ်နေသည်။ လက်တွေ့ဖြေရှင်းရ မည့် ပြဿနာဖြစ်နေသည့် အတွက် မျောက်ပြ၍ ဆန်တောင်းနေသည့် လုပ်ရပ်များကိုလည်း အထူးသတိပြု သုံးသပ်ရမည်ဖြစ်သည်။ နိုင်ငံ့ဂုဏ်သိက္ခာကို ငဲ့ညှာကာ အမှန်တကယ် ကလေးလုပ်သားများအတွက် ရရှိသည်က နည်းနည်း ၊ ယင်း ကလေးလုပ်သားများကို အကြောင်းပြု၍ အကျိုးရှာသူများက များများ ဖြစ်နေမည်ဆိုပါက တိုင်းပြည်အတွက် ပိုမိုနစ်နာရန်သာ ရှိတော့သည်။          

အောင်ထူးနိုင်

No comments:

Post a Comment