Thursday, November 17, 2016

ထရန့် သမ္မတသက်တမ်းအတွက် စိုးရိမ်နေသော ဥရောပ မဟာမိတ်များကို နှစ်သိမ့်ရန် သမ္မတ အိုဘားမား ကြိုးပမ်း

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် အနိုင်ရခဲ့ပြီးနောက် စိုးရိမ်နေကြသော ဥရောပ မဟာမိတ်များကို နှစ်သိမ့်ရန် ကြိုးပမ်းနေသည့် သမ္မတအိုဘားမားက သူ၏ ဥရောပနှုတ်ဆက် ခရီးစဉ်တွင် ဂရိ၌ မိန့်ခွန်းပြောကြားခဲ့သည်။ ထရန့်ကဲ့သို့သော အများအကြိုက် မူဝါဒဆောင်ရွက်သူများ ကြီးမြင့်လာမှုကြောင့် မသေချာမရေရာမှုများကို ဖြေရှင်းရန်အတွက် အိုဘားမားက ဒီမိုကရေစီ၏ အစပြုရာဖြစ်သော ဂရိကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတအဖြစ် ဥရောပနောက်ဆုံးခရီးစဉ်ကို သွားရောက်ခဲ့သည့် အိုဘားမားက နေတိုးမဟာမိတ်သည် အမေရိကန် အကျိုးစီးပွားအတွက် အသက်သွေးကြော ဖြစ်ကြောင်း၊ ခိုင်မာတောင့်တင်းပြီး ညီညွတ်သော ဥရောပသည် အမေရိကအတွက် ကောင်းမွန်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရန် ဆုံးဖြတ်မှု၊ အမေရိကန်တွင် ထရန့်က သမ္မတ ရွေးကောက်ပွဲအနိုင်ရမှု၊ ဥရောပတွင် ရွှေ့ပြောင်းအခြေချ ဆန့်ကျင်သူများအား ကောင်းလာမှုတို့ကို ကြုံခဲ့ရပြီးနောက် အမျိုးသားရေး ၀ါဒအားကောင်းလာမှုကို ကာကွယ်ရမည်ဖြစ်ကြောင်း အိုဘားမားက အေသင်တွင် ပြောကြားခဲ့သည်။
   
အထူးသဖြင့် ရုရှားစက်ဝန်းနှင့် နီးကပ်နေသော အရှေ့ဥရောပနိုင်ငံများတွင် အစိုးရများသည် ထရန့်က သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက် နေတိုးမဟာမိတ်တို့နှင့် ပတ်သက်၍ ၀ါရှင်တန်၏ လုံခြုံရေးအာ မခံချက်ကို သံသယ၀င်နေခဲ့ကြသည်။
   
နေတိုးမဟာမိတ်တို့က ငွေကြေးထည့်ဝင်မှသာ လုံခြုံရေးအကူအညီပေးမည်ဟု ထရန့်က ပြောကြားခဲ့သည်။ သို့သော်လည်း အိုဘားမားက အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးသည် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် အခြေခံဖြစ်ပြီး အိမ်ဖြူတော်တွင် မည်သူရှိနေသည်ဖြစ်စေ မဟာမိတ်ဆက်ဆံရေးက ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
   
အိုဘားမားသည် ဂရိဝန်ကြီးချုပ် အလက်ဇီဆီပရက်နှင့် တွေ့ဆုံခဲ့ပြီး ဥရောပရွှေ့ပြောင်း အခြေချအကျပ်အတည်းတွင် ရောက်ရှိလာသော ဒုက္ခသည် အမြောက်အမြားကို အထူးကောင်းမွန်စွာ ရိုင်းပင်းကူညီခဲ့သော ဂရိအား ချီးကျူးခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ရွှေ့ပြောင်းအခြေချ ၈၀၀၀၀၀ ကျော် ဂရိသို့ ရောက်ရှိခဲ့သည်။ ဘော်လ်ကန်နိုင်ငံများက ယခုနှစ် အစောပိုင်းတွင် ၎င်းတို့နယ်စပ်များကို ပိတ်ပစ်ခဲ့ပြီးနောက် ဂရိတွင် သောင်တင်နေခဲ့သော ဒုက္ခသည် ၆၀၀၀၀ ကျော်ကို နေရာပေးရန် စီးပွားရေး ကျပ်တည်းနေသောဂရိက ကြိုးပမ်းနေရသည်။
   
အိုဘားမားသည် နိုဝင်ဘာ ၁၆ ရက်တွင် ဂျာမနီသို့ သွားရောက်ပြီး ၀န်ကြီးချုပ် အင်ဂျလာမာကယ်၊ ပြင်သစ်၊ ဗြိတိန် ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ အိုဘားမား၏ နှစ်ရက်ကြာ ဂရိခရီးစဉ်တွင် မြို့တော်၌ အချို့နေရာများတွင် ဆန္ဒပြမှုများကို တရားဝင် တားမြစ်ထားပြီး လုံခြုံရေးကိုလည်း တင်းကျပ်ထားခဲ့သည်။ သို့သော်လည်း ဆန္ဒပြသူ ၂၅၀၀ ခန့်က အမေရိကန်သည် ကိုလိုနီပြုနေသည်ဟု ရှုတ်ချသော စာတန်းများ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည်။
   
ဂျာမနီ ခရီးစဉ်အပြီးတွင် အိုဘားမားသည် ပီရူး၌ အာရှ - ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အေပက်ဖိုရမ်သို့ သွားရောက်မည်ဖြစ်ပြီး တရုတ်သမ္မတနှင့် တွေ့ဆုံဖွယ်ရှိသည်။

No comments:

Post a Comment