Monday, November 28, 2016

ကစားသမားလား နည်းပြလား

ရွှေသီးရေ.. ငါအခုတစ်လော ညညအိပ်မက်ဆိုးတွေမက်ပြီး လန့်လန့်နိုးတယ်ကွ။ အိပ်မက်ထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၈ နှစ်ကို ပြန်ရောက်သွားတယ်ဟေ့။ တကယ်တော့ အိပ်မက်ဆိုတာ တကယ်ဖြစ်တာတွေ မက်တယ်ဆိုတာထက် စိတ်စွဲလမ်းရာတွေကို မက်တတ်တာမဟုတ်လား။ ခုက ငါတကယ် ကြုံခဲ့တာတွေ ပြန်ပြန်မက်ပြီး လန့်လန့်နိုးတာကွ။ အဲဒီတုန်းကငါက ဒုတိယနှစ်ကျောင်းသား အသက်က (၁၈) နှစ်အရွယ်ဆိုပါတော့။ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဆိုတာတွေ မြို့ နယ်အသီးသီးမှာ ဖွဲ့ကြတော့ ငါတို့လည်း ယောင်တိယောင်ချာပါတာပေါ့။ ရှစ်လေးလုံးအရေးတော်ပုံ ၈.၈.၈၈ နောက်ပိုင်းမှာ မြန်မာတစ်နိုင်ငံလုံး ညီညီညာညာနဲ့ တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ အချိန်မှာပဲ ကောလာဟလတွေစတော့တာပါပဲ။ ဘယ်ရပ်ကွက်မှာ အဆိပ်ခတ်တဲ့ လူဘယ်နှယောက်ကို မိထားပြီ။ ဘယ်ရပ်ကွက်က ဘယ်ရပ်ကွက်ကို မီးရှို့တော့မယ်။ ပိုဆိုးတာက ငါနေတဲ့ ရပ်ကွက်က လမ်းထိပ်မှာ ပါတီယူနစ်၊ မြို့နယ်ကောင်စီ၊ ရဲစခန်း၊ ဘဏ်တွေရှိတော့ အဲဒီနေရာတွေကို မီးလာရှို့ မယ်ဆိုတဲ့ သတင်းတွေ ခဏခဏကြားနေရတာပေါ့။
အဲဒီရုံးတွေကို မီးရှို့ရင် ငါတို့ရပ်ကွက် မီးထဲပါမှာမို့ ရပ်ကွက်လုံခြုံရေးစောင့်ဖို့ လူကြီးတွေ စီစဉ်ကြရတော့တာပေါ့။  ရပ်ကွက်ထိပ်မှာ သစ်တုံးသစ်ပင်တွေနဲ့ ပိတ်ဝါးကပ်တွေနဲ့ကာ။တုတ်ဓားလှံ ဂျင်ကလိလေးခွစတဲ့ လက်နက်အပြည့်အစုံနဲ့ ကာလသားအရွယ်တွေက ကင်းစောင့်ပေါ့။ အဲဒီလို စောင့်နေရင်းနဲ့ကို ဘယ်ရပ်ကွက်က ရုံးကို မီးရှို့ဖို့  ချီတက်လာပြီဆိုတဲ့ သတင်းမျိုးတွေ ခဏခဏကြားရတာပဲ။ လူတွေလည်း အထိတ်တလန့်ဖြစ်၊ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ဘယ်အချိန်အ သက်နဲ့ ခန္ဓာအိုးစားကွဲမလဲ စောင့်နေရတဲ့ အဖြစ်ပေါ့။ ငါတို့ကတော့ မြောက်ဥက္ကလာပဆေးရုံကြီးမှာ စုရပ်လုပ်ပြီး ရန်ကုန်ဆေးရုံကြီးကို ချီတက်လိုက်ကြ၊ လူတွေဝေတဲ့ ထမင်းထုပ်တွေ စားလိုက်ကြနဲ့ အစိုးရ ပြုတ်ကျမယ်ပဲ ထင်နေကြ တာ။

တစ်ရက်တော့ သူငယ်ချင်း တစ်ယောက်က ငါ့ကို လာခေါ် တယ်။ မြို့နယ်သမအသင်း ဂို ဒေါင်ကို လူတွေဖောက်နေကြပြီ တဲ့။ ငါတို့ ဂိုဒေါင်ရှေ့ရောက်သွား တော့ သမဂိုဒေါင်ထဲက ဆန်အိတ်တွေ၊ ပစ္စည်းတွေကို လူတွေက ယူနေကြပြီ။ မြို့နယ်ကျောင်းသား သမဂ္ဂက ကျောင်းသားခေါင်း ဆောင်တွေ တားပေမယ့် တားလို့ မရဘဲ ပြန်တောင်ရန်လုပ်နေကြ သေးတယ်။ တိုက်ဆိုင်တာက အဲဒီနေ့တစ်နေ့တည်းမှာ ရန်ကုန်မြို့ က အကောက်ခွန်ဂိုဒေါင်အပါအ၀င် ဂိုဒေါင်အားလုံးနီးပါးပွင့်သွားတာပါပဲ။ ဘယ်သူဖွင့်မှန်းမသိဘဲ ပွင့်သွားတဲ့ ဂိုဒေါင်ထဲက ပစ္စည်းတွေကို လူတွေ သယ်ယူနေကြပုံတွေကို နောက်ပိုင်းရုပ်မြင်သံကြားကပြတဲ့ ပြကွက်တွေမှာ ပြန်မြင်ရတာပဲလေ။ နောက်ပိုင်းရက်တွေမှာတော့ မင်းသိတဲ့အတိုင်း ရဲတွေကို ခေါင်းဖြတ်သတ်တာတွေ။ လူအ ချင်းချင်းထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖြတ်ခံရတာတွေ ပေါ်လာတာပဲလေ။ အဲဒီအချိန်မှာ ရပ်ကွက်ထဲက ပြည်သူလူထုရင်ထဲက ခံစားချက်ကို မင်းသာဝင်ပြီး ခံစားကြည့်ပေတော့။ ဘယ်သူ့ကိုအားကိုးရမှန်းမသိတဲ့ ဘ၀ကို ရက်ပိုင်းအတွင်း ချက်ချင်းရောက်သွားရတာလေ။ မနေ့တစ်နေ့ကပဲ တိုင်းပြည်ကို မဆလတစ်ပါတီအာဏာရှင်တွေ အုပ်ချုပ်ခဲ့တယ်။

 သူတို့ကို မကျေနပ်လို့ ဆန္ဒပြတဲ့  ရက်တွေအတွင်းမှာပဲ မင်းမဲ့စရိုက်တွေ တစ်ခုပြီးတစ်ခုပေါ်လာတယ်။ ဒါနဲ့ မင်းကို ကြုံတုန်းတစ်ခုပြောပြရဦးမယ်။ ငါတို့ ရန်ကုန် မှာဖြစ်တဲ့ ကောလာဟလလိုမျိုးပဲ ဟိုး မေမြို့လို့ခေါ်တဲ့ ပြင်ဦးလွင် မှာလည်း ဖြစ်တယ်လို့ ရှစ်လေး လုံးအရေးတော်ပုံအပြီး တစ်နှစ် လောက်မှာ ပြင်ဦးလွင်မှာနေတဲ့ ငါ့အစ်ကိုက ငါ့ကိုပြောပြလေရဲ့။ နောက်တော့ ဟိုလူပြော ဒီလူပြောနဲ့ ဆက်စပ်ကြည့်မှ တစ်နိုင်ငံလုံးဖြစ်တာတဲ့ ကိုယ့်လူရေ။ ကဲ...မထူးဆန်းဘူးလား။ အဲဒီလို အချိန်မျိုးမှာ လူထုရင်ထဲမှာ ဘာကိုတောင့်တတယ်။ ဘာကို မျှော်လင့်တယ်လို့ မင်းထင်လဲ ရွှေသီး...၊ တရားဥပဒေစိုးမိုးရေးပေါ့။ အဲဒီတရားဥပဒေစိုးမိုးရေးကို ဘယ်သူက လုပ်ပေးနိုင်လဲ။ လက်နက်ရှိတဲ့ စစ်သားကြီး တွေကပေါ့။  ဥပဒေနဲ့ အမိန့်ကို အတူတူထင်နေတာကိုး။ စက်တင်ဘာ ၁၈ ရက်တပ်က အာဏာသိမ်းပြီးချိန်မှာ စစ်ကားတွေ တို့ရပ်ကွက်ထဲဝင်လာတော့ လက်ခုပ်တီးပြီး ရပ်ကွက်ထဲက လူတွေက ကြိုကြတယ် ရွှေသီးရဲ့။ တကယ့်နိုင်ငံရေးသမားတွေကတော့ အကြီး မားဆုံး ဆုံးရှုံးမှုကို တွေ့ရပြီလို့ ခံစားနေရချိန်မှာ ရပ်ကွက်ထဲက ပြည်သူလူထုအများစုကတော့ ဟူး..ခုမှပဲ စိတ်အေးရတော့တယ် ဆိုပြီး လက်ခုပ်လက်ဝါးတီးပြီး ကြိုဆိုခဲ့ကြတယ်။ အဲဒီအဖြစ်အပျက်  ဟာ နောက်နှစ် ၂၀ ကျော်ကြာ တိုင်းပြည်တစ်ခုလုံး ချွတ်ခြုံကြ သွားမှာပါလားလို့ သတိမမူမိကြ ဘူးလေ။ ပြောရရင် တို့နိုင်ငံသူ နိုင်ငံသားတွေရဲ့ တောင့်မခံနိုင် တဲ့ စိတ်လို့ပဲ အပြစ်တင်ရလေမ လားပဲ။ နိုင်ငံတစ်ဝန်းမှာ တစ်ပါ တီအာဏာရှင်စနစ်ပြုတ်ကျဖို့ တက်ညီလက်ညီဆန္ဒပြမှုတွေ ဖြစ်နေတယ်။ သိပ်မကြာခင် နောက် ဆက်တွဲ ပြဿနာတွေ ဖြစ်လာ တယ်။

 ဒီနောက်ဆက်တွဲ ပြဿနာ တွေဟာ အသေးအမွှားကိစ္စတွေပဲ  တို့အဓိကအရေးအကြီးဆုံးကိစ္စ က တစ်ပါတီအာဏာရှင်စနစ် ပြုတ်ကျပြီး ပါတီစုံဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်လာဖို့ပဲလို့ ဘယ်သူမှ တောင့်မခံနိုင်ခဲ့ဘူး။ မင်းမဲ့စရိုက်တွေကို တဒင်္ဂတွေ့လိုက်တာနဲ့ သွေးပျက်ချောက်ချားပြီး အားကိုးရာရှာတော့တာပဲ။ အဲဒီလိုအားကိုးရာရှာတာကိုပဲ ခုတုံးလုပ်ပြီး အဖေနဲ့ သားများ ဇာတ် လမ်းမျိုး ကျေးဇူးရှင်ကြီးတွေ ပေါ်လာရတာကိုး။

ရွှေသီးရေ ငါခုတစ်လောမက်နေတဲ့ အိပ်မက်က စစ်အာဏာရှင် ပြုတ်ကျရေးဆန္ဒပြနေတဲ့ လူစုလူ ဝေးကြားမှာ ပေါက်ကွဲမှုတစ်ခုဖြစ်တာကွ။ ပေါက်ကွဲတဲ့ ပစ္စည်းက M-150 အချိုရည်ပုလင်းတဲ့ဟေ့။ ဘယ်လိုလဲ။ မင်းကော သွေးပျက်သွားလား။ ငါကတော့ အခုမှ ကြည့်ကောင်းတဲ့ ပွဲစတယ်လို့ ထင်တာပဲ။ အင်န်အယ်လ်ဒီ အစိုးရ ရှစ်လသက်တမ်းအတွင်းမှာ အရှေ့အနောက် တောင်မြောက် ဘယ်နေရာကမှ လှုပ်လို့ မရအောင် ပြဿနာတွေပေါ်လာပြီ မောင်ရွှေသီးရေ။ အရှေ့ဘက်နဲ့ မြောက်ပိုင်းက ကေအိုင်အေ ဦးဆောင်သော တိုက်ပွဲများ၊ အနောက်ဘက်မောင်တောက ဘင်္ဂါလီပြဿနာများ၊ နိုင်ငံတစ်ဝန်းမှာက လယ်ယာမြေ ပြဿနာ၊ ကျောင်းသားပြဿနာ၊ ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာဆိုတဲ့ အထွေထွေပြဿနာ ပေါင်းစုံ ပုစွန်ဆိတ် ခေါင်းထဲ စုပြုံကျလာတဲ့အချိန်၊ ပြဿနာကြီး ပြဿနာငယ်တွေကြားထဲ M.150 ကထထပေါက်။ မနေ့က  ရန်ကုန်တိုင်း အစိုးရရုံးထဲမှာကို ပေါက်ကွဲမှုဖြစ်ပြီဆိုမှတော့ မင်းဘယ်ပြေးမလဲ မိချိုသဲတော့ ဖြစ်ပြီ ရွှေသီးရေ။အင်န်အယ်လ်ဒီ အစိုးရဟာ  ၁၉၄၈လွတ်လပ်ရေးရပြီး ကတည်းကတက်ခဲ့တဲ့ အစိုးရတွေထဲမှာ အညံ့ဆုံးအစိုးရလို့ပြောတာ တပ်လော်ဘီမဟုတ်ဘူး ပြည်ခိုင်ဖြိုးမဟုတ်ဘူး ရွှေသီးရဲ့။ တို့ဒီမိုကရေစီဘက်တော်သားကွ။

ဆိုက်ကားဆရာတစ်ယောက် ပိုက်ဆံ ၂,၅၀၀ မပေးနိုင်လို့ ကြိုးဆွဲချသတ်သေတယ်ဆိုတာ မြန်မာပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသယောင်     အခြေခံစားသောက်ကုန်ဈေးနှုန်းကို ဖြစ်နေတဲ့ဈေးနှုန်းထက် ပိုပိုသာသာဖော်ပြပြီး အစိုးရကို အပုပ်ချနေတာ။ပြည်သူလူထုဆိုတဲ့ စကားလုံးကိုရေလဲသုံးပြီး ကိုယ့်ရဲ့ အတ္တကို ရှေ့တန်းတင်နေတာ၊ အစိုးရ မုန်းတီးရေးရောဂါစွဲကပ်ပြီး အစိုးရမှန်သမျှ တိုက်ထုတ်ကြဆောင်ပုဒ်ကို လက်ကိုင်ပြုသူတွေကြားထဲမှာ M-150 ကို ဗုံးလုပ်ဖောက်သူက ရယ်နေရှာမှာပေါ့။ နှစ်ပေါင်း၆၀ ကျော်ကြာဒဏ်ရာတွေဗရပွနဲ့ နာတာရှည်လူနာကြီးကို ၀ိုင်းဝန်းဖေးမဖို့ထက် ငါကားပညာရှင်လို့  သွေးနားထင် ရောက်နေတဲ့ပညာရှင်အချို့က ရန်သူထက်စိုးတဲ့ အပြုအမူမျိုးနဲ့ ပြည်သူအစိုးရကို ၀န်းရံရမယ့်အစား ပိုကဲပြီး အပြစ်တင်နေတာကို မြင်ရတော့ ငါဖတ်ဖူးခဲ့တဲ့ ဘရာဇီးနည်းပြရဲ့ စကားကို သတိရမိတယ်။ ဘယ်သူဘယ်ဝါပြောတယ်ဆိုတာကတော့ အတိအကျ မမှတ်မိတော့ဘူး ရွှေသီးရေ။ ပြောတဲ့စကား အဓိပ္ပာယ်ကတော့ ဒီအတိုင်းကိုမလွဲဘူး။

‘‘ဘရာဇီးဘောလုံးအသင်း မှာ ဘောလုံးသမား ၁၈ ယောက် ပဲ ရှိတယ်။ နည်းပြက သန်းနှစ်ရာ ကျော်တယ်တဲ့-’’

ဘရားဇီးနိုင်ငံက ပြည်သူ သန်းနှစ်ရာကျော်ကို ရည်ညွှန်းတဲ့ စကားပေါ့။

ကဲ့...မင်းကော ဘယ်လို ထင်သလဲ ရွှေသီး။ ကွင်းထဲမှာ တကယ်ကစားနေရတဲ့ အားက စားသမား ၁၈ ယောက်ရဲ့ အခြေ အနေကို ကိုယ်တိုင်ဝင်မကစားရ ဘဲ ဘာဖြစ်တယ် ညာဖြစ်တယ် ဝေဖန်နေသူတွေကို ပြောလိုက် တဲ့၊ အထိရောက်ဆုံးစကားလို့ ထင်တာပဲ။ မင်းကို ငါတစ်ခုမေး မယ် ရွှေသီး။ မင်းကကော ကစား သမားလား၊ နည်းပြလား။   နီဟိန်းမော်

No comments:

Post a Comment