Tuesday, November 22, 2016

ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ခိုးဝင်နေထိုင်သူ ဘင်္ဂါလီ ၁၇ ဦးအနက် အသက်ပြည့်သူ ၁၃ ဦးကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်စီ ကျခံစေရန်နှင့် အသက်မပြည့်သူ လေးဦးအား သန်လျင်လူငယ် သင်တန်းကျောင်းတွင် နှစ်နှစ်စီ ထားရှိရန် အမိန့်ချ

ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ အထောက်အထားမဲ့ တရားမ၀င် လာရောက်နေထိုင်သူ ဘင်္ဂါလီအမျိုးသား ၁၇ ဦးကို နိုဝင်ဘာ ၂၁ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ၁၇ ဦးသည် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လာရောက်ရာတွင် ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂)။/ ၆(၃) အရ ယာယီခရီးသွားလက်မှတ် မပါရှိခြင်း၊ ခရီးသွားရာတွင် မည်သည့်သက်သေခံ လက်မှတ်မျှ ကိုင်ဆောင်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စစ်ဆေးအရေးယူပေးပါရန် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မြောက်ဥက္ကလာပမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သဖြင့် စစ်ဆေးရာ အဆိုပါ ၁၇ ဦးက စွပ်စွဲချက်မှာ မှန်ကန်သည်ဟု ၀န်ခံခဲ့သဖြင့် ပြစ်မှုထင်ရှား၍ ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆ (၂)/၆ (၃) အရ အသက်ပြည့်သူ ၁၃ ဦးကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်စီကျခံစေရန်နှင့် အသက်မပြည့်သူ လေးဦးကို ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေပုဒ်မ ၄၇ (ဃ) အရ လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ရှိ သန်လျင်မြို့ လူငယ်သင်တန်းကျောင်းသို့ နှစ်နှစ်စီထားရှိရန် မြောက်ဥက္ကလာပမြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။



အဆိုပါ ဘင်္ဂါလီ အမျိုးသား ၁၇ ဦးမှာ ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့များရှိ ပွဲစားများမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့ အလောင်းဘုရားလမ်းရှိ အိမ်တစ်အိမ်တွင် အထောက်အထားမဲ့ တရားမ၀င် လာရောက်နေထိုင်သူများ ဖြစ်ကြောင်း၊ ၎င်းတို့အား ပို့ဆောင်ပေးသည့် ပွဲစားနှစ်ဦးအား တစ်ဦးလျှင် ကျပ် ၁၁ သိန်း ပေးခဲ့သည်။

အဆိုပါ ပွဲစားနှစ်ဦးက မော်တော်ယာဉ် ဖြင့်ရန်ကုန်မြိုသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့ တရားမ၀င် နေထိုင်သည့် အိမ်ကို ရောက်ရှိသည်မှာ တစ်ပတ်ခန့်ရှိနေကာ မလေးရှားနိုင်ငံ သွားရောက် အလုပ်လုပ်ကိုင်ရန် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မလေးရှားသို့ အောက်လမ်းမှ သွားရောက်လိုလျှင် ပွဲစားများကို ကျပ် ၁၂ သိန်းခွဲစီ ပေးရမည်ဖြစ်ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။

၎င်းတို့ကို နိုဝင်ဘာ ၂၂ ရက်က ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင် ဥပဒေပုဒ်မ ၆ (၂)၊ ၆ (၃) ဖြင့် တရားစွဲဆို ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် အလားတူ ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် တရားမ၀င် လာရောက်နေထိုင်သူ ဘင်္ဂါလီ အမျိုးသားငါးဦးကို တာမွေမြို့နယ် တရားသူကြီးက ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆ (၃) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ်စီ ကျခံစေရန် ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။                

           
Writer:
နေမျိုးဝင်း

No comments:

Post a Comment