Monday, November 28, 2016

မောင်တောမြို့နယ်အတွင်း ဆရာဝန် လစ်လပ်နေသည့် တိုက်နယ်ဆေးရုံများသို့ စစ်တွေဆေးရုံကြီးမှ ဆရာဝန်များ အလှည့်ကျ တာဝန်ချထားမည်

မောင်တောမြို့နယ်အတွင်းရှိ တိုက်နယ် ဆေးရုံများ အားလုံးဖွင့်လှစ်ပြီး ဆေးရုံအခြေပြု ကျန်းမာရေး စောင့်ရှောက်မှုပေးရန်အတွက် ဆရာဝန် လစ်လပ်နေသည့် တိုက်နယ်ဆေးရုံများသို့ စစ်တွေဆေးရုံကြီးမှ ဆရာဝန်များကို အလှည့်ကျ တာဝန်ချထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ "ကုသရေးဦးစီးဌာန အနေနဲ့ ရခိုင်ပြည်နယ် ကုသရေးဦးစီးဌာနမှူးရဲ့ အနီးကပ်ကြီး ကြပ်မှုနဲ့ မောင်တာဒေသရှိ ဆေးရုံတွေဖြစ်တဲ့ ခရိုင်ပြည်သူ့ဆေးရုံ(မောင်တောမြို့)၊ ကြိမ်ချောင်းတိုက်နယ်ဆေးရုံ၊ အလယ်သံကျော် တိုက်နယ်ဆေးရုံ၊ တောင်ပြိုလက်ဝဲတိုက်နယ် ဆေးရုံတွေမှာလည်း ဆေးရုံလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက် ရှိပါတယ်။ လစ်လပ်နေတဲ့ တိုက်နယ်ဆေးရုံ ဆရာဝန်တွေ အတွက်လည်း ပြည်သူ့ဆေးရုံကြီး(စစ်တွေ)က အလှည့်ကျ တာဝန်ချ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးအောင်က ပြောကြားသည်။




နိုဝင်ဘာ ၂၃ ရက်က  စစ်တွေမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်း၌ ပြုလုပ်ခဲ့သော လူနာတင်ယာဉ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

မောင်တောမြို့နယ်တွင် တိုက်နယ်ဆေးရုံများ ပြန်လည်ဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသော်လည်း တောင်ပြိုလက်ဝဲ၊ အောင်သပြေ၊ ကြိမ်ချောင်းတိုက်နယ်ဆေးရုံတို့တွင် ဆရာဝန် မရှိကြောင်း သိရသည်။

အောက်တိုဘာ ၉ ရက် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံရေး အခြေအနေများကြောင့် မောင်တောဒေသတွင် ဆေးရုံဆေးခန်း အခြေပြု ကျန်းမာရေး စောင့်ရှောက်မှု စတင်တော့မည်ဖြစ်ရာ အရေးပေါ် လူနာများ ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်နိုင်ရေးအတွက် လူနာတင်ယာဉ်များ တိုးချဲ့ ထောက်ပံ့ထားကြောင်း သိရသည်။

ထို့အပြင် ဆေးရုံများ လုံခြုံရေးနှင့် ၀န်ထမ်းများ လုံခြုံရေးအတွက် မောင်တောခရိုင် ပြည်သူ့ဆေးရုံ ခြံစည်းရို ပြုလုပ်ခြင်း လုပ်ငန်းကို ဌာနရန်ပုံငွေ ၇၇၃ သိန်းဖြင့်လည်းကောင်း၊ ကြိမ်ချောင်းတိုက်နယ်ဆေးရုံ ခြံစည်းရိုး ပြုလုပ်ခြင်းအတွက် ကျပ်သိန်း ၂၀၀ ဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။ မောင်တောမြို့နယ်အတွင်း ကျန်းမာရေးဌာနခွဲ ၄၁ ခု၊ ကျန်းမာရေးဌာန ငါးခု၊ တိုက်နယ်ဆေးရုံလေးခု၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာန တစ်ခုရှိကြောင်း သိရသည်။
Writer:
သားရွှေဦး (ကစ္ဆပ)

No comments:

Post a Comment