Wednesday, November 23, 2016

၁၃၁ နှစ်ပြည့် ပါတော်မူနေ့နှင့် သီပေါမင်းနတ်ရွာစံသက် ရာပြည့်အကြို ကုသိုလ်ပြု အလှူတော် မန္တလေး မြနန်းစံကျော် ရွှေကျောင်းတော်တွင် ပြုလုပ်

၁၃၁ နှစ်ပြည့် ပါတော်မူနေ့နှင့် သီပေါမင်း နတ်ရွာစံသက် ရာပြည့်အကြို ကုသိုလ်ပြု အလှူတော်ကို နိုဝင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းက မန္တလေးမြို့၊ နန်းမြို့တွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကြီးတွင် ကုန်းဘောင်ဆက် အနွယ်တော်များမှ ဦးဆောင်၍ ကျင်းပခဲ့သည်။ ၁၃၁ နှစ်ပါတော်မူနေ့နှင့်သီပေါမင်း နတ်ရွာစံသက် ရာပြည့်အကြို ကုသိုလ်ပြု အလှူတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ သီပေါမင်း၏ တီတော်စပ်သူ ဦးကျော်သီဟက "အဓိက ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော် တို့နိုင်ငံဟာ နှစ်ပေါင်းတစ်ရာကျော်လောက် နယ်ချဲ့အင်္ဂလိပ်အောက်မှာနေခဲ့ရတယ်။ ကျွန်တော်တို့တွေက ဒီ နောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ တိုင်းသူပြည်သားတွေအနေနဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို ကာကွယ်မယ်ဆိုတဲ့ စိတ်မျိုးကို စွဲမက်နေအောင်လို့ ပြုလုပ်တာပါ " ဟု ပြောသည်။

အဆိုပါပွဲတွင် ဆွေတော်မျိုးတော်များက ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး တက်ရောက် လာသူများကိုလည်း ကျွေးမွေးဒါနပြုခဲ့ကြသည်။
"ဆရာတော်တွေကို နေ့ဆွမ်းဆက်ကပ်ပြီး ဒီကိုလာတဲ့သူအားလုံးကို ကျွေးမွေးဒါနပြုပါတယ်။ ဒီမြနန်းစံကျော် မှာက ပထမဆုံး ပြုလုပ်ခွင့်ရတာပါ "ဟု ဦးကျော်သီဟ ကပြောသည်။
ကုန်ဘောင်ဆက် ဆွေတော်မျိုးများအနေဖြင့် ယခင်က မိမိတို့နေထိုင်ရာ အိမ်များနှင့် နီးစပ်သည့် ဘုန်းတော်ကြီး ကျောင်းများတွင်သာ ပြုလုပ်ခဲ့ကြရပြီး ယခုမှသာ နန်းမြို့တွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကြီးတွင် ကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု သီပေါမင်း၏ မြစ်တော် ဦးစိုးဝင်းက ဆိုသည်။
"ဝမ်းသာတာပေါ့။ ကျွန်တော်တို့ ဝမ်းသာသလို ပြည်သူတွေလည်း ဝမ်းသာမယ်လို့ ယုံကြည်ပါတယ်"ဟု ပြော သည်။
သီပေါမင်း နတ်ရွာစံသက် နှစ်တစ်ရာပြည့်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံတွင် ကျင်းပပြု လုပ် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment