Thursday, November 24, 2016

ဂျပန်နိုင်ငံတွင် အင်အား ၅ ဒဿမ ၆ မဂ္ဂနီကျူ့ငလျင် ထပ်မံ လှုပ်ခတ်

နိုဝင်ဘာလ ၂၄ရက်နေ့ အစောပိုင်းတွင် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် အင်အား ၅ ဒဿမ   ၆ မဂ္ဂနီကျူ့ ရှိသော မြေငလျင်တခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာစောင့်ကြည့်ရေး အဖွဲ့ကပြောသည်။ ဖူကူရှီးမားမြို့ နျုကလီးယားစက်ရုံအနီးတွင် ပြင်းထန်သော ငလျင်လှုပ်ခတ်ကာ ဆူနာမီဝင်ရောက်ခဲ့ပြီး ၂ရက်အကြာတွင် ထိုသို့ ငလျင် ထပ်မံလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် နိုဝင်ဘာလ ၂၄ရက်နေ့တွင် ငလျင်လှုတ်ခတ်မှုနှင့် စပ်လျဉ်း၍ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိဘဲ အပျက်အစီးသတင်းများလည်း ဖော်ပြခြင်း မရှိသေးပါ။ ထိုငလျင်သည် ဒေသစံတော်ချိန် ၆နာရီ ၂၃မိနစ်တွင် ဖူကူ၇ှီးမား စီရင်စု၏ ပင်လယ်ပြင် တိုကျိုမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၁၀ အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း ဂျပန်အာဏာပိုင်များက ပြောသည်။



ထိုငလျင်ကြောင့် ဖူကူရှီးမား နျုကလီးယား စက်ရုံတွင် မည်သည့် ထိခိုက်မှုမျှ မရှိကြောင်း သိရသည်။ နိုဝင်ဘာလ ၂၂ရက်နေ့တွင် ဆူနာမီလှိုင်းငယ်များ ရိုက်ခတ်ခဲ့သော အင်အား ၆ ဒဿမ ၉ မဂ္ဂနီကျူ့ ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ငလျင်ထပ်မံလှုပ်ခတ်ခြင်း ဖြစ်သည်။

ကမ္ဘာ့မြေအလွှာ လေးခုဆုံချက်တွင် တည်ရှိနေသော ဂျပန်နိုင်ငံသည် နှစ်စဉ် ပြင်းထန်သော ငလျင်များ လှုပ်ခတ်လေ့ရှိသည်။ ၂၀၁၁ ခုနှစ်တွင် ကြီးမားသော ပင်လယ်မြေအောက်ငလျင် လှုပ်ခတ်ခဲ့သောကြောင့် ဂျပန်နိုင်ငံ အရှေ့မြောက်ကန်ရိုးတန်းသို့ ဆူနာမီလှိုင်းလုံးများဝင်ရာက်ခဲ့ရာ လူပေါင်း ၁ သောင်း ၈ ထောင်ကျော် သေဆုံးခဲ့ပြီး ဖူကူရှီးမား နျုကလီးယားစက်ရုံတွင် ဓာတ်ပေါင်းဖို ၃ ခုကို ပျော်ကျခဲ့သည်။

ဧပြီလတွင် ဂျပန်နိုင်ငံ ကူမာမိုတို စီရင်စု တောင်ပိုင်းတွင် အားပြင်းသော ငလျင် ၂ခုလှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင် ၁၇၀၀ကျော် လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူပေါင်း ၅၀ကျော် သေဆုံးခဲ့သည်။

No comments:

Post a Comment