Saturday, November 19, 2016

မင်္ဂလာဆောင်တွင် ဂုဏ်ပြုသေနတ်ဖောက်စဉ် သေနတ်ကျည်ထိပြီး တဦးသေ

အိန္ဒိယနိုင်ငံမှာ မင်္ဂလာဧည့်ခံပွဲတခုကျင်းပစဉ် ဂုဏ်ပြုသေနတ်ပစ်ဖောက်ကြချိန် သေနတ်ကျည် မတော်တဆထိမှန်ပြီး ဧည့်သည်တဦးသေဆုံးကာ တခြားဧည့်သည် ၄ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုဝင်ဘာ ၁၅ ရက်နေ့က အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယနပြည်နယ်၊ ကာနဲလ်ဒေသမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဆိုပါအခမ်းအနားကျင်းပချိန်မှာ အသက် ၄၀ အရွယ် ဆာဒဗီဒေဗာသာကာ အမည်ရတဲ့ အမျိုးသမီးတဦးနဲ့ အဖွဲ့ဝင် သေနတ်သမား အမျိုးသားတွေဟာ သေနတ်တွေနဲ့ လေထဲကို ဂုဏ်ပြုပစ်ခတ်ခဲ့ကြတာကို တွေ့ရပါတယ်။ သေနတ်ကျည်တတောင့်ဟာ အသက် ၄၈ နှစ်အရွယ် ဧည့်သည်အမျိုးသမီး ဆူနီတာရဲ့ ရင်ဘတ်ကို ထိမှန်ခဲ့လို့ ဆေးရုံကိုပို့ဆောင်ခဲ့ရပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။



ဆူနီတာရဲ့ ၀မ်းကွဲအစ်မဖြစ်တဲ့ ရိုစီဒတ်ထာက “တကယ့်ကို ထိတ်လန့်စရာပါပဲ။ ဒီကိစ္စကို ကျမတို့ မကျေနပ်ပါဘူး။ သူဟာ ကျမတို့မျက်စိရှေ့မှာတင် သေသွားခဲ့ရပြီး ကျမတို့ သူ့ကို မကယ်တင်နိုင်ခဲ့ပါဘူး။ ကျမရဲ့တူမလေးလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဒါကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ကျမတို့မြို့က ရဲတွေများ အိပ်ပျော်နေကြသလားရှင်” လို့ ပြောလိုက်တာပါ။

ထိခိုက်ဒဏ်ရာရရှိကြသူတွေထဲမှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတဦးလည်း ပါဝင်ပြီး သူတို့ဟာ ဆေးရုံမှာ အရေးပေါ်ဆေးကုသမှုတွေ ခံယူနေကြရပါတယ်။

ကာနဲလ်ရဲစခန်းမှ တာဝန်ရှိသူ ဂျက်စ်ဘင်ဒါ ဆင်းဂ်ျက “သာကာကို သတို့သမီး၊ သတို့သား မိသားစုတွေက မင်္ဂလာဆောင်ကို လာခဲ့ဖို့ ဖိတ်ခေါ်ခဲ့တာပါ။ သူဟာ မိုးပေါ်ထောင် ဂုဏ်ပြုသေနတ်ပစ်ဖောက်တာ မလုပ်ခင်မှာ ဒီဂျေနဲ့အတူ သီချင်းဖွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူ့လူတွေနဲ့အတူ သေနတ်ပစ်ဖောက်ချိန်မှာ သူတို့ထဲက တယောက်ရဲ့ကျည်က မထွက်တဲ့အတွက် ကြမ်းပြင်ဆီ ထိုးချိန်ပစ်လိုက်ချိန်မှာ အနီးကလူတွေကို မတော်တဆ ထိမိခဲ့တာပါ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဆာဒဗီနဲ့ သူ့ရဲ့သေနတ်သမားတွေဟာ အခင်းဖြစ်ပြီးပြီးချင်းပဲ ထွက်ပြေးပုန်းရှောင်နေကြပြီး လက်ရှိအချိန်ထိ သူတို့ ဘယ်နေရာမှာရှိတယ်ဆိုတာကို ရဲတွေက မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ သူတို့ကို အိန္ဒိယနိုင်ငံရဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ လူသတ်မှု၊ လူသတ်ရန်ကြံစည်မှု ပုဒ်မ ၃၀၇ နဲ့ ဘုံရည်ရွယ်ချက်နဲ့ လူအများကို ထိခိုက်စေမှု ပုဒ်မ ၃၄ တို့နဲ့ အရေးယူဆောင်ရွက်သွားမှာပါ။”

No comments:

Post a Comment