Monday, November 21, 2016

၁၀၅မိုင်ကုန်သွယ်ရေးဇုန်အနီးတွင်အသတ်ခံရသူများ၏ ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှုတွင် တောတွင်းသို့ ဖမ်းဆီးခေါ်ဆောင်၍ အသတ်ခံရသော ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့(နိုဝင်ဘာ ၂၁ရက်)နံနက်တွင် သွားရောက်သယ်ဆောင်ခဲ့ကြသည်။ ယမန်နေ့(နိုဝင်ဘာလ ၂၀ ရက်)နံနက်ပိုင်းက ယင်းတိုက်ခိုက်မှုတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး နမ့်ပေါတံတားရဲကင်းစခန်းမှ တပ်ကြပ်ကြီးလှိုင်စိုး၊ တပ်ကြပ်ခင်အုန်း၊ ဒုတပ်ကြပ် ဇော်လင်းအောင်နှင့် အရပ်သား တစ်ဦးကို လက်နက်ကိုင်များက ဖမ်းဆီးသွားပြီး ရဲကင်းနှင့် ၂ ဖာလုံခန့်အကွာ တောထဲတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးအခြေအနေအရ ယနေ့ နံနက်မှသာ ရုပ်အလောင်းများအား သွားရောက်သယ်ဆောင် ခဲ့ရခြင်းဖြစ်ပြီ်း သေဆုံးသူ ရဲတပ်ဖွဲ့ဝင်အားလုံး အိမ်ထောင်သည်များဖြစ်ပြီးယင်းတိုက်ခိုက်မှုကို KIA (ကချင်)၊ TNLA (တအာင်း၊ ပလောင်)၊ MNDAA နှင့် AA ပူးပေါင်းအဖွဲ့များက ကျူးလွန်ခြင်းဖြစ်သည်။ တိုက်ခိုက်မှုများကြောင့် တပ်မတော်သားတစ်ဦး၊ ရဲတပ်ဖွဲ့မှ သုံးဦး၊ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး အရပ်သား လေးဦးသေ ဆုံးခဲ့သည်။ထို့ပြင် အရပ်သား ၁၇ ဦး၊ ရဲတပ်ဖွဲ့ဝင်ကိုးဦးနှင့် အကောက်ခွန်ဝန်ထမ်းနှစ်ဦး စုစုပေါင်း ၂၈ ဦး ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲကြောင့် ပြည်သူ ၁၅၀၀ခန့် ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေပါသည်။

No comments:

Post a Comment