Wednesday, November 23, 2016

ဟိုက်ဒရာဘတ်မြို့သို့ တစ်ခေါက်

‘ကြယ်ခုနစ်ပွင့်လို့ ပြောတယ်အဟုတ် ... ခလုတ်တွေကအလွန်ရှုပ်. .. ကျွန်တော့်မှာတော့ ခေါင်းသာကုတ်’
ဆေးကုမ္ပဏီတစ်ခု၏ အစီအစဉ်ဖြင့်ရောက်ခဲ့သော အိန္ဒိယနိုင်ငံခရီးစဉ် ဖြစ်ပါသည်။ အိပ်မက်ပင်လျှင် ယောင်၍မမက်ဖူးသည့် ကြယ်ခုနစ်ပွင့်ဟိုတယ်မှာ တည်းသည်မို့ အနည်းငယ် ဦးနှောက်ခြောက်ခဲ့ရပါ၏။ အတန်အသင့် ကျယ်ဝန်းသည့် အခန်းတစ်ခုထဲမှာ တစ်ယောက်အိပ် ခုတင်နှစ်လုံး၊ အိမ်သာခန်းနှင့် ဘိုစတိုင်ရေချိုးခန်း သီးသန့်။ စားပွဲပေါ်မှာ၊ ခုတင်တစ်လုံး၏ ခေါင်းရင်းအနီးနှင့် အိမ်သာခန်းထဲ အပါအ၀င် တယ်လီဖုန်းကသုံးလုံး။ အ၀တ်ဘီရို၊ တိုလီမုတ်စ ထည့်စရာကြောင်အိမ်၊ အဆာပြေစားဖို့ ဘီစကွတ်တစ်ထုပ်၊ ပန်းသီးတစ်လုံးနှင့် ပန်းသစ်တော်နှစ်လုံး၊ နံရံပေါ်က ရုပ်မြင်သံကြား ဖန်သားပြင်ထက်မှာပေါ်နေသည်က မစ္စတာ…. အားကြိုဆိုပါ၏တဲ့။ ဘ၀မေ့ပြီး စိတ်ကြီးဝင်ချင်လိုက်တာနော်။


ရန်ကုန်မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူ၊ ကွာလာလမ်ပူမှတစ်ဆင့် အိန္ဒိယနိုင်ငံတောင်ပိုင်းက ဟိုက်ဒရာဘတ်ဆိုတော့ ခရီးစဉ်ကဝေးသည်။ သည်အထဲမှ ကွာလာလမ်ပူလေဆိပ်မှာ ခြောက်နာရီနီးပါးထိုင်ပြီး လေယာဉ်စောင့်ရသေးဆိုတော့ မွန်းတည့် ၁၂ နာရီက စလိုက်သည့် လေယာဉ်ခရီးစဉ်မှာ ဒေသစံတော်ချိန် ည ၁၂ နာရီထိုးမှသာ ဆုံးခန်းတိုင်တော့၏။ ရန်ကုန်မှဂါယာသို့ တိုက်ရိုက်လေယာဉ်ခရီးစဉ် ရှိသော်ငြား ဟိုက်ဒရာဘတ်မြို့သို့မရှိသဖြင့် ကိုယ့်နိုင်ငံ၏ အရှေ့တောင်အရပ်သို့ အရင်ဦးဆုံးသွားပြီးမှ အနောက်ဘက်သို့ ပြန်ယွန်းရသည်။ ဒေါက်တာရဲနိုင်၏ ‘အနောက်ကိုရွေ့ အရှေ့သို့မျှော်’ နှင့်တော့ ဆန့်ကျင်ဘက်ပေါ့လေ။

ဆရာဝန်ငါးဦးနှင့် ဆရာဝန်ကတော်တစ်ဦးပါဝင်သည့် ကျွန်တော်တို့အဖွဲ့ကို အိန္ဒိယနိုင်ငံက မိုးနှင့်ဆီးကြိုသည်။ လေယာဉ်ဆင်းခါနီး ရွာလိုက်သည့်မိုးက တကယ့်ကိုသဲသဲမဲမဲ။ တစ်ချက်တစ်ချက် လေပင်ဝေ့လိုက်သေးသည်။ ဆင်းခါနီးမှ ရွာလို့သာတော်တော့၏။ လေဆိပ်မှထွက်သည်နှင့် ဟိန္ဒူလူမျိုးတို့၏ ဆိုင်းသံ၊ ဗုံသံတွေကို ကြားရသည်။ ဟိန္ဒူဘုရားကျောင်းတစ်ခုမှ ဖြစ်မည်ထင်ပါရဲ့။ ဒါဟာအိန္ဒိယနိုင်ငံပါလို့ သက်သေပြလိုက်သည့်သဘော။

လေဆိပ်မှ တစ်နာရီခွဲသာသာခန့် သွားအပြီးမှာ တည်းခိုမည့် ဟိုတယ်သို့ရောက်သည်။ အခန်းထဲကိုရောက်တော့ နံနက် ၂ နာရီတိတိ။ ဆိုခဲ့သလိုပင် အရေးအကြောင်းကြုံလျှင် မလုပ်တတ်မကိုင်တတ် ဖြစ်နေမည်စိုးသဖြင့် ရောက်ရောက်ချင်း မအိပ်နိုင်သေးဘဲ များပြားလှသည့်ခလုတ်တွေကို ဟယ်လိုတက်စတင်း ၀မ်းတူးသရီးလုပ်ပြီးမှ စိတ်ချလက်ချ အိပ်ရာဝင်ရသည်။

နိုင်ငံအသီးသီးမှ တက်ရောက်မည့်သူတွေက ညဥ့်နက်သန်းခေါင်မှ ရောက်ကြသည်ဆိုတော့ ကောင်းကောင်းအနားရပြီး ဦးနှောက်ကြည်ကြည်ဖြင့် ၀င်ရောက်ဆွေးနွေးနိုင်စေရန် အလို့ငှာ အခမ်းအနားကို မွန်းလွဲ ၂ နာရီမှသာ စတင်သည်။ ငယ်စဉ်ကျောင်းသားဘ၀က သင်ယူခဲ့ရသော အမျိုးသားပညာဝန် ဦးဖိုးကျား၏ ‘ဘုရားဖူးသွားခြင်း’ ဆောင်းပါးမှာကဲ့သို့ ဘုရားလည်းဖူး၊ လိပ်ဥလည်းတူး၊ လိပ်မကြီးလည်းဖမ်းရင်း ဆိုသလိုပင် ခရီးစဉ်၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် နှလုံးရောဂါဆိုင်ရာ ဆေးပညာနှီးနှောဖလှယ်ပွဲက ရောက်သည့်ရက် တစ်ရက်တည်းသာဖြစ်ပြီး ကျန်သည်ကတော့ လိပ်ဥတူးခြင်း၊ လိပ်မဖမ်းခြင်းတို့နှင့်သာ အချိန်ကုန်ခဲ့သည်က များပါ၏။

နယ်မြေချင်းဆက်စပ်မှုရှိလို့လားမသိ၊ အိန္ဒိယနိုင်ငံမှ အခမ်းအနားမှာလည်း မြန်မာနိုင်ငံမှာကဲ့သို့ပင် ပြောင်းလွယ်၊ ပြင်လွယ်။ မွန်းလွဲ ၂ နာရီမှာ အခမ်းအနား စတင်မည်ဆိုပြီး တကယ့်တကယ်က ၂ နာရီခွဲမှသာ စဖြစ်သည်။ စသည့်အချိန် နောက်ကျရသည့်အထဲ ဟောပြောသူ၊ ဆွေးနွေးသူတွေက အချိန်ကန့်သတ်ချက် ဘောင်ကျော်သွားသဖြင့် ညနေ ၅ နာရီပြီးဖို့ သတ်မှတ်ထားသည့် အခမ်းအနားက ည ၈နာရီကျမှသာ အဆုံးသတ်တော့၏။ ပြောစရာ၊ မေးစရာတွေက များလွန်းသည်မို့ သတ်မှတ်ထားသည့်အချိန် အတိုင်းအတာထက် ဘောင်ကျော်သွားကြသည်ထင်ပါ့။

နောက်ရက်နံနက်ကစပြီး အာရှသုံးနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကိုယ်စားလှယ် ၆၇ ဦးတို့ အုပ်စုနှစ်စုခွဲကာ မှန်လုံကားနှစ်စီးဖြင့် လိပ်ဥနှင့်လိပ်မကို လိုက်ပြီးရှာကြသည်။ ပထမဦးဆုံးရောက်သွားသည်က မြို့အပြင်မှာရှိသည့် ဆေးဝါးထုတ်လုပ်ရေးစက်ရုံ။ သည်တော့မှ ဟိုက်ဒရာဘတ်မြို့ ဘယ်လောက်အထိ ကျယ်တယ်ဆိုတာ သိရတော့သည်။ မြို့လယ်မှ မြို့ပြင်ရောက်ဖို့ ယာဉ်ကြောပိတ်ဆို့မှု သိပ်ပြီးမရှိလိုက်ပါဘဲ ကားဖြင့်တစ်နာရီခွဲသာသာ သွားလိုက်ရသည်။ မြို့ကမန္တလေးမြို့နှင့် ဆင်တူ၏။ လမ်းအချို့ကကောင်းပေမယ့် အချို့လမ်းတွေကတော့ ချိုင့်တွေ၊ ခွက်တွေနှင့်။ မိုးရွာလျှင် လမ်းပေါ်ရေလျှံတာချင်းလည်း တူသည်။ (အတူပါလာသော မန္တလေးသူကတော့ မန္တလေးလမ်းတွေက ပိုကောင်းသည်ဆို၏။)

မန္တလေးနှင့် ကွာသည်ကတော့ ဟိုက်ဒရာဘတ်ကမြို့ထဲမှာပင် မြေလွတ်မြေရိုင်းတွေ ကျန်နေသေးခြင်းဖြစ်သည်။ မြို့၏အဆောင်အယောင်ဖြစ်သည့် ဟိုတယ်တို့၊ စူပါမားကက်တို့ကို တော၏အရိပ်အငွေ့ဖြစ်သော မြေလွတ်မြေရိုင်းတို့နှင့် ပေါင်းစပ်လိုက်သည့်အခါ ကန္တာရထဲမှာ အိုအေစစ်ကို တွေ့လိုက်ရသလိုမျိုး ရင်ထဲမှာကြည်မြမြ ရှတတလေး ခံစားလိုက်ရသည်။  မြို့ပြဖွံ့ဖြိုးမှုကြားထဲမှာ သည်ခံစားမှုလေး ဘယ်လောက်အထိ ရှင်သန်နိုင်မည်လဲဆိုတာကတော့ အစီအရီဆောက်လုပ်နေကြသည့် လူနေတိုက်ခန်းတွဲတွေကြောင့် ဆက်ပြီးမတွေးရဲတော့ပါလေ။

လမ်းမပေါ်မှာ ကား၊ ထော်လာဂျီနှင့် ဆိုင်ကယ်တွေ လူးလာခတ်နေသည်။ ကားတွေကို လိုက်ပြီးငေးကြည့်တော့ တိုယိုတာ၊ ဆူဇူကီးစသည့် ဂျပန်ကားများနှင့် အိန္ဒိယနိုင်ငံ တာတာကုမ္ပဏီထုတ် ကားလေးများကို တွေ့ရသည်။ ရာခိုင်နှုန်း ၇၀ သောကားများက အိန္ဒိယနိုင်ငံထုတ်များဖြစ်ပြီး ရာခိုင်နှုန်း ၃၀ ကသာ ပြည်ပကားများဟုဆိုသည်။ ပြည်ပကားများမှာလည်း ပြည်ပမှတင်သွင်းခြင်း မဟုတ်ဘဲ ပြည်တွင်းရှိ သက်ဆိုင်ရာကုမ္ပဏီတို့၏ စက်ရုံခွဲများကသာ ထုတ်လုပ်သည်မို့ ဈေးသက်သာပါသတဲ့။ ဆေးဝါးအပါအ၀င် လူသုံးကုန်ပစ္စည်းမျိုးစုံကို ပြည်တွင်းမှာ လုံလုံလောက်လောက် ထုတ်လုပ်နိုင်တော့ အိန္ဒိယနိုင်ငံမှာ ငွေဖောင်းပွမှုနည်းပါးတာ မဆန်းဟုဆိုရမည်။

စက်ရုံရောက်တော့ စက်ရုံတာဝန်ခံအပါအ၀င် အိန္ဒိယတိုင်းရင်းသားဝတ်စုံ ၀တ်ထားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေး၊ ငါးဦးခန့်က အဆောက်အအုံဝင်ပေါက်မှ ဆီးကြိုကာ အမျိုးသမီးငယ်တို့က တစ်ယောက်ချင်းစီ ပန်းကုံးစွပ်ပေးပြီး နဖူးအလယ်နှာတံအရင်းမှာ ဆေးနီတို့ပေးသည်။ နောက်တစ်ခန်းဝင် တစ်ခန်းထွက်ခေါ်သွားကာ ဆေးဝါးထုတ်လုပ်ပုံအဆင့်ဆင့်မှ ထုပ်ပိုးသိမ်းဆည်း ပြီးစီးသည်အထိ လိုက်လံပြသ၏။ ကျွန်တော်တို့မှာတော့ တစ်နေရာရောက်တိုင်း ဟာခနဲ၊ ဟင်ခနဲ။ ဆေးသိုလှောင်ခန်းထဲက ဆေးတွေကို လိုက်လံကြည့်ရှုရင်း ကိုယ့်နိုင်ငံမှာမရှိသေးသည့် ဆေးအချို့ကိုတွေ့ရတော့ ရေမြေအနေအထားချင်းတူသော်ငြား ဖွံ့ဖြိုးတိုးတက်မှုက အတော်ကြီးကွာဟသွားပြီဆိုတာကို ရင်နာနာဖြင့် လက်မခံချင်ပါဘဲ လက်ခံလိုက်ရသည်။

နောက်တစ်ရက်မှာ ရာမိုဂျီရုပ်ရှင်စတူဒီယို (Ramoji Film City) သို့သွားရောက်လေ့လာကြသည်။ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်တင်ထားသည့် ရာမိုဂျီရုပ်ရှင်စတူဒီယိုမှာ ၁၆၆၆ ဧက ကျယ်ဝန်းပြီး ၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသတဲ့။ သည်လောက်ကျယ်ဝန်းလှသည့် ရုပ်ရှင်ဝင်းကြီးထဲမှာ လာရောက်လည်ပတ်သူတွေ အပန်းဖြေဖို့အတွက် ကစားကွင်းတွေ၊ ပန်းခြံတွေရှိသည်။ နောက် ရုပ်ရှင်ဇာတ်ဝင်ခန်းတွေ ရိုက်ဖို့သက်သက် တည်ဆောက်ထားသည့် ဘုရားရှင်တရားဟောနေပုံ ဆက်တင်အခမ်းအနား၊ ဟိုက်ဒရာဘတ်ဘူတာရုံ၊ ဗဟိုအကျဉ်းထောင် စသည် စသည်…။ နောက်နာမည်ကြီး အိန္ဒိယရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးခဲ့သည့်နေရာတွေ တစ်နေရာပြီးတစ်နေရာ။ တစ်ချိန်ကကိုယ့်နိုင်ငံမှာ သာဓုရုပ်ရှင်ခြံရှိတာ ကြားဖူးပေမယ့် ကိုယ်တိုင်မတွေ့ဖူး၊ မကြုံဖူးသည်မို့ နှိုင်းယှဉ်ခြင်းငှာ မစွမ်းသာခဲ့။ ကိုယ့်အတွေးကို သိလျှင်တော့ မတန်မရာနှိုင်းရကောင်းလားဟု အိမ်ရှင်တို့က ပြက်ရယ်ပြုကြမည်လားမသိ။

သိမ်ငယ်စိတ်ကို အားကျစိတ်ဖြင့် ဆွဲတင်ရင်းကနေ တည်းခိုရာဟိုတယ်သို့ ပြန်ကြသည်။ ဟိုတယ်ရောက်တော့ ရေမိုးချိုးပြီး ညစာစားပွဲနွှဲကြပေါ့။ သောက်တတ်သူသောက်၊ စားတတ်သူစားရင်း အိန္ဒိယရိုးရာအကတွေကို ခံစားကြသည်။ ဒစ္စကိုကချေသည် (Disco Dancer) လို ကြားဖူးနားဝရှိသည့် သီချင်းအချို့ကြောင့်လားမသိ၊ ငယ်စဉ်က အိန္ဒိယရုပ်ရှင်ဇာတ်ကားတွေ ကြည့်ခိုက်ဆိုကနေသည့် အခန်းများရောက်လျှင် အနည်းငယ်ပျင်းရိသလို ဖြစ်ခဲ့ပေမယ့် ယခုလိုမျက်မြင်ကိုယ်တွေ့ကျတော့လည်း ကြည့်လို့အကောင်းသား။ ကိုယ့်ဆီကသင်္ကြန်လိုပဲထင်ပါရဲ့။ သင်္ကြန်သီချင်းကို ကာရာအိုကေစက်နှင့်ဆိုလျှင် ခြောက်ကပ်ကပ်နိုင်ပြီး တီးဝိုင်းနှင့်ဆိုကပါက ပိုပြီးမြိုင်ဆိုင်မြူးကြွလာတတ်သည်လေ။

ကပွဲတွေကြားထဲမှာ ပရိသတ်တွေ မရိုးမအီရလေအောင် ကြားညှပ်အစီအစဉ်လေးတွေလည်း ထည့်ထားသေးသည်။ ဂျိမ်းဆိုသူ အိန္ဒိယအမျိုးသားသီဆိုသွားသည့် အင်္ဂလိပ်သီချင်းလေးတွေက အတော်လေး နားထောင်လို့ကောင်းသည်။ အထူးသဖြင့် ဘာသာတရား ကွဲပြားမှုတို့၊ မုန်းတီးမှုတို့နှင့် ဝေးကွာရာ၊ သည်းခံခြင်း၊ ချစ်ခင်ခြင်းတို့ ပေါင်းစုရာငြိမ်းချမ်းသော ကမ္ဘာကြီးကို မျှော်လင့်ထားသည့် ငြိမ်းချမ်းရေးသီချင်း။ သည့်နောက် ပရိသတ်ရှေ့မှောက်မှာပင် လူငယ်ပညာရှင်တစ်ယောက် ကိုယ်တိုင်ကိုယ်ကျ ရေးဆွဲသွားသည့် သဲပန်းချီ။ အိန္ဒိယနိုင်ငံမှာ အစပြုသည်ဆိုသည့် သဲပန်းချီကလည်း ဆွဲဆောင်မှုအပြည့်။ ဘုရားမပွင့်မီကာလမှသည် ဘုရားပွင့်ပြီးသည့်နောက် ခေတ်အဆက်ဆက်ကို သဲမှုန်လေးတွေဖြူးလိုက်၊ လက်ဖြင့်ဖျက်သည့်အခါ ဖျက်လိုက်ဖြင့် လိုသလိုပုံဖော်ရင်းကနေ နှလုံးရောဂါဆိုင်ရာ နှီးနှောဖလှယ်ပွဲအရောက်မှာ အဆုံးသတ်သည်။ လက်ခုပ်သံတွေကအတော မသတ်နိုင်အောင်ပင် တဖြောင်းဖြောင်း။

သည်လောက်အထိ အာရုံမျိုးစုံနှင့် မပျင်းရလေအောင် ဖျော်ဖြေနေသည့်ကြားကမှ ငိုက်မျဉ်းချင်သူတို့အတွက် နောက်ဆုံးပေါ်လက်နက်က ရှိသေးသည်။ လက်နက်အမည်က အဟိမာနိကာတဲ့။ အသက် ၂၅ ၀န်းကျင်ခန့်ရှိ မော်ဒယ်ကိုယ်လုံးပိုင်ရှင် အစီအစဉ်တင်ဆက်သူ မိန်းမပျိုလေး။ သွက်သည်၊ ထက်သည်၊ ညက်သည်။ နှီးနှောဖလှယ်ပွဲတက်လိုက်၊ လေ့လာရေးခရီးသွားလိုက်မို့ ကောင်းကောင်းအနားမရသဖြင့် စားရင်းသောက်ရင်းကနေ မျက်ခွံလေးလာပြီး အိပ်ငိုက်မည်အလုပ်မှာ မာနိကာကမျက်လုံးကို အတင်းဆွဲဖွင့်သည်။ ပထမဦးစွာ သွက်လက်မြူးကြွသော ဟန်ပန်၊ ချက်ချာသော စကားလုံးများဖြင့် ပရိသတ်၏ အာရုံကိုသူ့ဆီရောက်အောင် စုစည်းလိုက်ပြီးနောက် မဟာပညာခန်းစသည်။ သူအချက်ပေးလိုက်သည်နှင့် ပြောထားသည့်အတိုင်း လုပ်ဆောင်စေလိုပါသတဲ့။ ‘တစ်’ဟုဆိုလျှင် လက်ခုပ်တီး၊ ‘နှစ်’ဆိုလျှင် လက်ဖျောက်တီး၊ ‘သုံး’ဆိုလျှင် ချစ်ကြည်ဟန်ပြ၊ ‘လေး’ဆိုလျှင် မျက်စိတစ်ဖက် မှိတ်ပြပါတဲ့လေ။ ပြီးသည်နှင့် တစ်၊ နှစ်၊ သုံး၊ လေးဆိုချင်သလို လှည့်ဆိုနေတော့သည်။ အမျိုးသမီးတွေကတော့မသိ၊ အမျိုးသားတွေက အလွန်အားနာတတ်ပုံရသည်။ မျက်စိတွေကျယ်လာပြီး ခိုင်းသည့်အတိုင်း မညည်းမညူ  လိုက်လုပ်ကြ၏။ ၀တ်ကျေတမ်းကျေမျှသာမဟုတ်။ တကယ့်ကိုအားရပါးရ ကျေကျေနပ်နပ်ကြီး။

သည်တစ်ခုရိုးသွားတော့ နောက်ထပ်ပညာပြပြန်သည်။ ကျန်းမာသန်စွမ်းသည့် ယောက်ျားဆရာဝန်တွေ စင်ပေါ်တက်ခဲ့ပါတဲ့။ ဘာများခိုင်းဦးမလို့ပါလိမ့်။ ဖိတ်ခေါ်သူက ဖိတ်ခေါ်တော့ ခပ်သွက်သွက် ဆရာဝန်နှစ်ယောက်၊ သုံးယောက် စင်ပေါ်တက်သွားကြသည်။ မရွှေစာကသည်မျှနှင့် မကျေနပ်။ ယောက်ျားတွေ မကျန်တော့ဘူးလားတဲ့။ ဒါကတော့ ယောက်ျားမာနကို ထိခိုက်သလိုရှိသည်မို့ နောက်ထပ်ဆရာဝန်တွေ တက်သွားကြပြန်သည်။ ကလိလိုက်တက်သွားလိုက်၊ ကလိလိုက်တက်သွားလိုက်ဖြင့် နောက်ဆုံးတော့ လူ ၁၀ ယောက်လောက် စင်ပေါ်ရောက်သွား၏။

အောက်ကလူတွေက ဘာများခိုင်းမှာပါလိမ့်ဟူသော သိချင်စိတ်ဖြင့် လည်ပင်းတရှည်ရှည် စောင့်မျှော်နေသည့်အချိန်မှာ သေနတ်ဖောက်သည်။ တစ်ဦးကို ၁၀ ခါတိတိ ဒိုက်ထိုးကြပါတဲ့။ ဗျစ်စိဗျစ်စိအသံတွေ ထွက်လာသည်။ အောက်မှာတုန်းက အများနှင့်မို့ပြဿ နာမရှိပေမယ့် စင်ပေါ်မှာတော့ နည်းနည်းသွေးဆုတ်နေကြပုံရသည်။ သို့ပေမဲ့ မာနိကာကမာနိကာပဲလေ။ မာနိကာကြံ့ခံနိုင်ရိုးလား။ နောက်ဆုံးတော့လည်း မထိုးချင်ထိုးချင်ဖြင့် (အားနာပါးနာ) ထိုးကြရှာသည်။ ခွန်အားကြီးလှပါသည်ဆိုသော ယောက်ျားဘသားတွေ၊ ခုတော့လည်း ဘာမျှသွေးသားမတော်စပ်သည့် မိန်းမပျိုတစ်ယောက်၏ စေစားမှုကြောင့် အလမ္ပါယ်ဆရာ ရှေ့မှောက်ရောက်လာသော မြွေများသဖွယ် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့ လိမ္မာကြရရှာသည်။

“မောင်တို့ ယောက်ျားတွေရယ် မိန်းမတွေကိုနေရာတကာမှာ နိုင့်ထက်စီးနင်း ပြုချင်ကြတယ် စကားနဲ့တမျိုး . . . အားမာန်ကိုးပါလို့တသွယ် မိန်းမမာယာသဲကိုးဖြာလို့ ဆိုကြပြန်သေးတယ် . . . မောင်တို့ ယောက်ျားတွေများကျတော့ သဲကိုးဖြာတောင် မလောက်ပါတယ် မန်ကျည်းကိုးပင်ကို နှောက်ပါလို့ရယ် လိမ်လည်လှည့်စား . . . ဥာဏ်များ . . . လှပါတယ်” တဲ့၊ မာမာအေးက သီဆိုခဲ့ပါသည်။ တေးရေးဆရာက ဘယ်လိုပဲရေးရေး၊ မာမာအေးက ဘယ်လိုပဲဆိုဆို ခေတ်သစ်မောင်တို့ ယောက်ျားတွေကတော့ အဟိမာနိကာ၏ ရှေ့မှောက်မှာ အတုံးအရုံး။

သြော် . . . ဘုရားဖူးသွားခဲ့ပါသည်။ လိပ်ဥလည်းတူးခဲ့ပါသည်။ လိပ်မကြီးလည်းဖမ်းဖို့ ကြိုးစားခဲ့ပါသည်။ သို့တစေကျွန်တော်တို့ ငမိုက်သားတွေခမျာ လိပ်မကြီး၏ မာယာကွန်ရက်ထဲမှာ မလူးသာမလွန့်သာ . . . ။
Writer:
■ မျိုးကို

No comments:

Post a Comment