Wednesday, November 30, 2016

ကမ္ဘာ့အသက်အကြီးဆုံး လူသား အီတလီ အဖွားအို၏ ၁၁၇ နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပ

ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် မှတ်တမ်းတင်ထားသူ အီတလီ အမျိုးသမီးကြီး အမ်မာ မိုရာနိုသည် ယခုအခါ အသက် ၁၁၇ နှစ် ပြည့်မြောက်သွားပြီ ဖြစ်သည်။ မိုရာနို၏ ၁၁၇ နှစ်ပြည့် မွေးနေ့ကို နိုဝင်ဘာ ၂၉ ရက်က ကျင်းပခဲ့သည်။ သူမကို ၁၈၉၉ ခုနှစ်တွင် အီတလီရှိ ပိုင်းဒ်မောင့် အရပ်၌ ဖွားမြင်သည်။ မိုရာနို မွေးဖွားချိန်က အီတလီတွင် ပထမ အမ်ဘာတိုဘုရင် နန်းစံနေဆဲ ဖြစ်သည်။ Fiat ကားကုမ္ပဏီမှာလည်း လုပ်ငန်းစတင်ကာစဖြစ်ပြီး ကမ္ဘာ့အစဉ်အလာအကြီးဆုံးစာရင်းဝင် အီတလီ ဘောလုံးကလပ် အေစီမီလန်ကို စတင်ထူထောင်သည်မှာ သီတင်းပတ် အနည်းငယ်မျှသာ ကြာမြင့်သေးသည်။ မိုရာနို၏ ဘဝဇာတ်ကြောင်းသည် လှလှပပ မဖြစ်ခဲ့ချေ။ အနိုင်ကျင့် ရက်စက်တတ်သည့် အိမ်ထောင်ဘက်နှင့် ကြုံခဲ့သလို တစ်ဦးတည်းသော သားမှာလည်း ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်ခဲ့ရှာသည်။ သူမသည် ရာစုနှစ် သုံးခုကို ဖြတ်သန်းခဲ့ဖူးပြီး ယနေ့ခေတ်တွင် ၁၉၀၀ ပြည့်နှစ်မတိုင်မီ မွေးဖွားသည့် တစ်ဦးတည်းသော လက်ကျန်လူသားလည်း ဖြစ်နေသည်။



မိုရာနိုသည် မေလအတွင်း အမေရိကန်အဖွားအို ဆူဆန်နာ မူရှတ်ဂျုံးစ် ကွယ်လွန်သွားသည့်နောက်ပိုင်း ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် တရားဝင် အသိအမှတ်ပြု ခံခဲ့ရသည်။ မိုရာနိုက အသက်ရှည်ခြင်းနှင့် ပတ်သက်၍ သူမတွင် နည်းလမ်းကောင်း မရှိဘဲ မျိုးရိုးလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဖွင့်ဟခဲ့သည်။ သူမ၏ မိခင်သည် အသက် ၉၁ နှစ်ထိ နေထိုင်ခဲ့သည်။ မိုရာနိုသည် မွေးချင်း ၈ ယောက်အနက် အကြီးဆုံးဖြစ်ပြီး သူမ၏ ညီမအချို့သည်လည်း အသက် ရာဂဏန်းထိ နေထိုင်သွားကြကြောင်း သိရသည်။

မိုရာနိုသည် ကျန်းမာရေးပြဿနာများကြောင့် အစားအသောက်ကို နှစ်ရှည်လများ ဆင်ခြင်ခဲ့ရသူလည်း ဖြစ်သည်။ ပထမကမ္ဘာစစ်အပြီးတွင် ဆရာဝန်များက သူမ၌ သွေးအားနည်းရောဂါ ရှိနေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် သူမသည် တစ်နေ့လျှင် ကြက်ဥ နှစ်လုံးမျှနှင့် ဘီစကွတ် အနည်းငယ်သာ စားသောက်ရန် ညွှန်ကြားခံခဲ့ရသည်။ ခေတ်ဟောင်းက ကျန်းမာရေး အကြံပေးမှုများသည် မိမိ၏ ၂၇ နှစ်တာ ဆရာဝန် လုပ်သက် အတွေ့အကြုံများအရ ဖြစ်သင့်သည့် အခြေအနေနှင့် လုံးဝ ဆန့်ကျင်နေကြောင်း မိုရာနို၏ ဆရာဝန် ကာလို ဘာဗာက ဆိုသည်။

“ကျွန်တော်သူ့ကို စသိကတည်းက ကြည့်နေခဲ့တာ။ အသီးနည်းနည်း၊ အရွက်နည်းနည်းလောက်ပဲ စားလေ့ရှိတယ်။ တစ်နေ့ကို ကြက်ဥသုံးလုံးလောက် စားတယ်။ ညပိုင်းဆို ကြက်သားနည်းနည်း စားတယ်”ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။ သို့သော် မိုရာနိုသည် မသေမျိုးနွယ်အဖြစ် ထာဝရ အသက်ရှည်လိမ့်မည်ဟု မိမိယုံကြည်ကြောင်းလည်း ကာဗာက ကျီစယ် အရွှန်းဖောက်ခဲ့သည်။

မိုရာနိုသည် ၁၉၃၈ ခုနှစ်တွင် ခင်ပွန်းသည်ကို စွန့်ခွာခဲ့သည်။ ထိုနှစ်တွင်ပင် ၎င်း၏ သားဖြစ်သူမှာ အသက် ၆ လအရွယ်၌ ဆုံးပါးသွားခဲ့ရှာသည်။ မိုရာနိုက မိမိ၏ အိမ်ထောင်ရေးမှာ သာသာယာယာ မရှိခဲ့သလို စွန့်ခွာလိုက်ခြင်းက အသက်ရှည်ရှည် နေရသည့် အကြောင်းတစ်ခုအဖြစ် ပါဝင်လိမ့်မည်ဟုလည်း မှတ်ချက်ပေးခဲ့ဖူးသည်။ သို့တိုင်အောင် ၎င်းတို့နှစ်ဦး တရားဝင် မကွာရှင်းဖြစ်ခဲ့ချေ။ မိုရာနို၏ ခင်ပွန်းမှာ ၁၉၇၈ တွင် ကွယ်လွန်ခဲ့သည်။ မိုရာနိုက နောက်တစ်ကြိမ် အိမ်ထောင်ပြုရန် လုံးဝစိတ်ကူးမရှိတော့ဟု ဝန်ခံခဲ့သည်။

မိုရာနို၏ ၁၁၇ နှစ်ပြည့်မွေးနေ့မှာ သိုသိုသိပ်သိပ် ပြီးဆုံးသွားခြင်းမူ မဟုတ်ချေ။ အီတလီအစိုးရပိုင် ရုပ်မြင်သံကြားဌာန RAI က မွေးနေ့ပွဲကို တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည်။ ပါလန်ဇာမြို့ရှိ မက်ဂီယိုရီ ရေကန်ဘေးမှ သူမ၏ နှစ်ထပ်တိုက်ခန်းငယ်လေးထဲတွင် လူအများအပြား ရှိနေခဲ့ပြီး မိုရာနိုအတွက် မွေးနေ့ကို ကူညီဆင်နွှဲခဲ့ကြသည်။ ထို့အပြင် အီတလီ သမ္မတ ဆာဂျီယို မတ်တာရဲလား ကိုယ်တိုင်က မိုရာနို၏ မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းသည့် သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရှိရသည်။

Ref: ABC

No comments:

Post a Comment