Saturday, November 19, 2016

အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်တိုင်းအစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ ပြည်သူ့ရင်ပြင်တွင်ကျင်းပမည်

နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကျရောက်မည့် ၉၆ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးဆောင်ပြီး အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်ဖျော်ဖြေရေးကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီမှ သိရသည်။ အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်တိုင်းလွှတ်တော်၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂအဖွဲ့ချုပ်(ဗကသ)၊ တက္ကသိုလ် ကျောင်းသားများသမဂ္ဂစသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပသွားမည်ဖြစ်သည်။ အမျိုးသားနေ့ အခမ်းအနားကို အမျိုးသားညီညွှတ်ရေး အတွက် ရည်ရွယ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးဆောင်ကျင်းပရခြင်းဖြစ်ကြောင်း အမျိုးသား အောင်ပွဲနေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

"၁၉၂၀ မှာ တက္ကသိုလ်အက်ဥပဒေကို ကျောင်းသားထုကနေ တွန်းလှန်ရာကစပြီးတော့ လွတ်လပ်ရေးရတဲ့အထိ အမျိုးသားအောင်ပွဲကို ခံယူနိုင်ခဲ့တယ်။အခု ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ အချိန်မှာလည်း အမျိုးသားညီညွှတ်ရေးက လိုအပ်ပါတယ်။အမျိုးသားညီညွှတ်ရေးကနေ ငြိမ်းချမ်းရေးကို ဦးဆောင်နိုင်မယ်။"ဟု ဦးနိုင်ငံလင်းက ပြောသည်။
အမျိုးသားနေ့ကို အမျိုးသားညီညွတ်ရေးကို အခြေခံသောပြုပြင်ပြောင်းလဲမှုများ ပေါ်ထွန်းရေး၊ လွတ်လပ်မှုကိုလေးစားတန်ဖိုးထားတတ်ရေး၊ လွတ်လပ်ရေး ဒီမိုကရေစီအရေး ကြိုးပမ်းမှုများ၏ သမိုင်းတလျောက် ကျောင်းသားထု၏ အခန်းကဏ္ဍကို ထင်ဟပ်ရေး စသည့် ရည်ရွယ်ချက်သုံးခုဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
အမျိုးသားနေ့အခမ်းအနားကို ညနေ ၄ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
နာယက ဦးတင်ဦး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့မှ အမှာစကားပြောကြားကြမည် ဖြစ်ကာ ၈၈ ငြိမ်းပွင့်မှ ဦးမင်းကိုနိုင်၊စာရေးဆရာ ကိုလေး(အင်းဝဂုဏ်ရည်)တို့က ဟောပြောကြမည် ဖြစ်ကြောင်း၊ ဟောပြောပွဲအပြီးတွင် ဒါရိုက်တာကြည်ဖြုရှင် ဦးစီးပြီး အနုပညာရှင်များဖြင့် ဖျောဖြေသွားမည်ဖြစ်ကြောင်း အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီမှ သိရသည်။
အဆိုပါအမျိသားနေ့အခမ်းအနားကို ပိုမိုစည်ကားစေရန် အခမ်းအနားနေ့ တစ်ရက်လုံးတွင်
ဈေးဆိုင်များရောင်းချသွားမည်ဖြစ်ပြီး ဈေးဆိုင်ရောင်းချ လိုသူများအနေဖြင့် ဒေါ်သက်ထားနွယ်ဝင်း ၀၉၇၉၁၆၃၁၉၁၄ နှင့် ဒေါ်ချိုချို ၀၉၇၉၈၁၁၈၅၄၆ တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကျင်းပရန်အတွက် ကျပ်ငွေ သိန်းငါးရာခန့် လျာထာပြီး အဆိုပါငွေကြေးများကို ပြည်သူလူထုမှ လှူဒါန်းငွေများအပါအဝင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဘက်ဂျက်ဖြင့် သုံစွဲသွားမည် ဖြစ်ကြောင်း အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး ဦးသော်တာအောင်ကပြောသည်။
လင်းဟိန်း

No comments:

Post a Comment