Monday, November 28, 2016

အမေရိကားမှ အမျိုးသားရေးအဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွတ်လိုကြောင်း မဘသ ဆရာတော် ဦးဝီရသူ ပြော

မဘသအဖွဲ့မှ ထင်ရှားသည့် အစွန်းရောက်အမျိုးသားရေးဝါဒီ ရဟန်းတစ်ပါးဖြစ်သူ ဦးဝီရသူက ယင်း၏ မူဆလင်ဆန့်ကျင်ရေးအမြင်ကို အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဒေါ်နယ်ထရမ့်၏ အမြင်နှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်။ ဦးဝီရသူက “တစ်ကမ္ဘာလုံးကဝေဖန်နေကြပေမယ့် ငါတို့က ကိုယ့်နိုင်ငံနဲ့ လူမျိုးကို ကာကွယ်နေတာပါ” ဟုပြောသည်။ “ငါ့ကို အမြင်ကျဉ်းတယ်လို့ တစ်ကမ္ဘာလုံက ပြောကြတယ်။ ဒါပေမယ့် ဒီမိုကရေစီနဲ့ လူအခွင့်အရေး ဘိုးအေနိုင်ငံဖြစ်တဲ့ အမေရိကန်မှာ ဘုန်းကြီးလိုပဲ အမျိုးသားရေး ဦးစားပေးတဲံ့ ဒေါ်နယ်ထရမ့် ရွေးချယ်ခံရတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက လက်ညှိုးထိုးတာ လျော့သွားမှာပါ။” ဟု ဦဝီရသူကဆိုသည်။

ယင်းက အမေရိကန်နိုင်ငံရှိ အမျိုးသားရေးအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် စိတ်ကူးရှိကြောင်းလည်း ပြောကြားသည်။ ”အမေရိကန်နိုင်ငံမှာ အစ္စလမ်ခြိမ်းခြောက်မှုကို ကာကွယ်တဲ့ ဘုန်းကြီးတို့လို အဖွဲ့တွေ ရှိနိုင်ပါတယ်။ အဲဒီအဖွဲ့တွေ အနေနဲ့ မြန်မာနိုင်ငံကိုလာပြီး ဆွေးနွေးတာ၊ အကြံတောင်းတာတွေ လုပ်နိုင်ပါတယ်။”ဟု ဦးဝီရသူက နိုဝင်ဘာ ၁၂ တွင် မန္တလေး၌ ပြုလုပ်သည့် နိုင်ငံခြားသတင်းဌာနတစ်ခုနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။
လူဦးရေ သန်း ၅၀ ကျော်ရှိပြီး ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် မြန်မာနိုင်ငံတွင် ဦးဝီရသူသည် အစ္စလမ်ဆန့်ကျင်ရေး အမုန်းပွားစကားများ ဖြန့်ဝေကာ ပဋိပက္ခများကို သွေးထိုးပေးလျက်ရှိသည်ဟု စွပ်စွဲခံထားရသည်။ ဦးဝီရသူ၏ လွှမ်းမိုးနိုင်မှုမှာ ပြီးခဲ့သည့်နှစ်အတွင်း ကျဆင်းခဲ့သည်။ ဦးဝီရသူသည် ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ ယခင်ပြည်ခိုင်ဖြိုးအစိုးရကို ထောက်ခံခဲ့သော်လည်း NLD က ပြတ်သားစွာ အနိုင်ရခဲ့သည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးမှုများကို ကျပ်မတ်မှုများပြုလုပ်သင့်ကြောင်း ဇူလိုင်လအတွင်း ပြောကြားခဲ့ပြီးနောက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကလည်း မဘသအဖွဲ့နှင့် ပတ်သတ်မှုမရှိကြောင်း ထိုလတွင်ပင် ကြေညာခဲ့သည်။ ဦးဝီရသူကမူ လှုပ်ရှားမှုများ ရပ်တန့်ပျောက်ကွယ်သွားမည် မဟုတ်ဟု ဆိုသည်။
ယင်းက “ဒီအစိုးရက မဘသကို အလိုမရှိပါဘူး”ဟု ပြောကြားသည်။ သို့သော် မဘသအဖွဲ့သည် မည်သည့်ဥပဒေကိုမျှ ချိုးဖောက်ခြင်း မရှိသဖြင့် အဖွဲ့အားဖယ်ရှားရန် ကြိုးပမ်းမှုက NLD အစိုးရကိုသာ ထိခိုက်စေမည်ဟု ဦးဝီရသူက ဆိုသည်။
ယင်းက “အခုအစိုးရက သက်တမ်းနုသေးပြီး ဘယ်လိုအုပ်ချုပ်ရမယ်ဆိုတာ မသိသေးတဲ့အတွက် အခုအချိန်မှာတော့ ဘုန်းကြီးတို့ စောင့်ကြည့်နေပါတယ်။ ဒါကြောင့် အစိုးရအပေါ် သက်ရောက်မှုရှိစေတဲ့ ဆန္ဒပြတာ၊ လှုပ်ရှားတာတွေ မလုပ်ပါဘူး။ ဒါပေမယ့် အဖွဲ့က အစည်းအဝေးတွေ လုပ်ပြီး ကြေညာချက်ထုတ်ပြန်တာတွေ လုပ်နေပါတယ်”ဟု ပြောကြားခဲ့သည်။
KHTun

No comments:

Post a Comment