Saturday, November 19, 2016

ခန္ဓာကိုယ် အပူချိန်ဖြင့် အားသွင်းနိုင်မည့် စမတ်နာရီ မိတ်ဆက်

လူသားတို့၏ ခန္ဓာကိုယ်မှ ထွက်ရှိသော အပူချိန်ဖြင့် အားသွင်းနိုင်မည့် စမတ်နာရီကို အမေရိကန် အခြေစိုက် နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်သော Matrix Industries က မိတ်ဆက်ခဲ့ကြောင်း ပီစီမဂ္ဂဇင်းက ဖော်ပြသည်။ အဆိုပါ စမတ်နာရီကို Power Watch ဟု အမည် ပေးထားကာ ခန္ဓာကိုယ် အပူချိန်ကို အီလက်ထရွန်များ အဖြစ် ပြောင်းလဲကာ နာရီအတွင်း အားပြည့်စေမည့် စနစ်ကို ထည့်သွင်း ထားကြောင်း သိရသည်။ အားသွင်းရန် လုံလောက်သော ခန္ဓာကိုယ် အပူချိန် မရရှိပါက နာရီ ပိတ်သွားမည် ဖြစ်သော်လည်း အသုံးပြုသူ မှတ်သားထားသော သတင်း အချက်အလက်များနှင့် တခြား Setting များကို သိမ်းဆည်း ပေးထားမည် ဖြစ်သည်။ Power Watch ၏ ကိုယ်ထည်မှာ လေယာဉ်တွင် အသုံးပြုသည့် အလူမီနီယံ ကဲ့သို့ မာကျောသည့် အလူမီနီယံများဖြင့် အသုံးပြု ထားခြင်း ဖြစ်သည်။ ထို့ပြင် ရေအောက် မီတာ ၅ဝ အနက်အထိ ရေမဝင်စေရန်နှင့် ရေဖိအားဒဏ်ကို ခံနိုင်စေရန် တည်ဆောက်ထားသောကြောင့် မည်သည့်ပုံစံဖြင့် အသုံးပြုသည် ဖြစ်စေ အားသာချက် များစွာ ရရှိစေမည် ဖြစ်သည်။ Power Watch ကို မိုဘိုင်းလ်ဖုန်းများ အပါအဝင် တခြား Gadget များနှင့်လည်း ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်ကာ ကျန်းမာရေးနှင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်း များတွင်လည်း အထောက်အကူ ဖြစ်စေမည့် လုပ်ဆောင်ချက်များ ပါဝင်မည် ဖြစ်သည်။ မြ၀တီ

No comments:

Post a Comment