Tuesday, November 29, 2016

ရခိုင်ခရီးစဉ်ပြီးဆုံးပါက ကိုဖီအာနန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံရန်ရှိ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်အနေဖြင့် ရခိုင်ပြည်နယ် ခရီးစဉ် ပြီးဆုံးပါက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံဆွေးနွေးသွားရန် ရှိကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် သတင်းထုတ်ပြန်ချက်အရ သိရသည်။ ကိုဖီအာနန်အနေဖြင့် ယနေ့ (နိုဝင်ဘာ ၂၉ ရက်)တွင် ရန်ကုန်မြို့ သို့ ရောက်ရှိမည် ဖြစ်သည်။ ကိုဖီအာနန်၏ ၈ ရက်တာ ခရီးစဉ်အတွင်း ၄င်းဦးဆောင်သည့် အကြံပေးကော်မရှင် အတူ ရခိုင်ပြည်နယ် မြောက် ပိုင်း နှင့် အခြားမြို့နယ်များ သွားရောက်ကာ သက်ဆိုင်ရာ လူမှုအသိုင်း အ၀ိုင်း အသီးသီးမှ လူငယ်ခေါင်းဆောင် များ အမျိုးသမီး အဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ခရီးစဉ် ပြီးဆုံးသည့်နှင့် ကိုဖီအာနန်အနေဖြင့် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ခုပ်မှူးကြီး မင်းအောင်လှိုင် တို့ အပါအ၀င် အဆင့်မြင့်အစိုးရ အရာရှိပုဂ္ဂိုလ်များနှင့် နေပြည်တော်၊ ရန်ကုန်မြို့တွင် တွေ့ဆုံရန် အစီစဉ် ရှိကြောင်း ဖော်ပြထားသည်။
ဆွေးနွေးပွဲများမှ ထွက်ပေါ်ရရှိလာမည့် အချက်အလက်များကို ကော်မရှင် မှ နိုင်ငံတော် အစိုးရ ထံသို့ ရခိုင်ပြည်နယ် နှင့် သက်ဆိုင်သည့် အကြံပြုချက်များ ပေးရာတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း ဆိုသည်။
ကိုဖီအာနန်က “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နဲ့ တွေ့ဆုံပြီး ရခိုင်ဒေသ မြောက်ပိုင်းနှင့် နယ်စပ်ဒေသရှိ ပဋိပက္ခဖြစ်ပွားရာ နေရာဒေသ များသို့ သွားရောက် တွေ့ဆုံရန်ရှိကာ ကြုံတွေ့နေတဲ့ အခက်အခဲ စိန်ခေါ်မှုတွေအား ပိုမိုနားလည်နိုင်ရန် ဖြစ်သည်” ဟု တွစ်တာနှင့် ဖေ့စ် ဘုတ်တွင် ရေးသားထားသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်သည့် လူထုအသိုင်းအ၀ိုင်း အားလုံး၏ လူမှုဘ၀များ ပိုမိုကောင်းမွန် လာစေရန်အတွက် အကြံပြုချက်များ ပံ့ပိုးပေးသွားရန် တာဝန် ပေးအပ်ထားကြောင်း ဖော်ပြပါရှိသည်။
အဆိုပါ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က တာဝန်ယူထားပြီး ပြည်တွင်း ပညာရှင် ၆ ဦး၊ နိုင်ငံတကာ ပညာရှင် ၃ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ကို နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ကိုဖီအာနန် ပါဝင်သည့် ကော်မရှင်အဖွဲ့၏ ပထမဆုံး ရခိုင်ပြည်နယ် ခရီးစဉ်ကို ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့က သွားရောက်ခဲ့သည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် နိုဝင်ဘာ ၁၅ ရက်နေ့က သုံးရက်တာ ခရီးစဉ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဒုတိယ အကြိမ်မြောက် သွားရောက်ခဲ့ပြီး စစ်တွေမြို့ရှိ နှစ်ဖက် အသိုင်း အဝိုင်းနှင့် တွေ့ဆုံခဲ့သည်။ သို့သော် ထိုခရီးစဉ်အတွင်း အဖွဲ့ ခေါင်းဆောင် မစ္စတာ ကိုဖီအာနန် မပါဝင်ခဲ့သလို ပဋိပက္ခဖြစ်ပွားရာ မောင်တော မြောက် ပိုင်းသို့လည်း သွားရောက်ခဲ့ခြင်း မရှိကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
The Ladies News

No comments:

Post a Comment