Wednesday, November 23, 2016

တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃၀၀၀ ကျော်ကယ်ဆယ်ရေးစခန်းများသို့ရောက်ရှိ၊ စောင်နှင့် အနွေးထည်များ အရေးပေါ်လိုအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့အနီးဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၃၀၀၀ကျော် မူဆယ်ကယ်ဆယ်ရေးစခန်းများသို့ရောက်ရှိလာပြီဖြစ်ပြီး ၎င်းတို့အတွက် ခြုံစောင်နှင့် အနွေးထည်များ အရေးပေါ်လိုအပ်လျက်ရှိနေကြောင်း မူဆယ်ဂရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။ “မိုင်းယု၊ နန့်ဟွယ်၊ မန့်မော် ကျေးရွာက ဒေသခံ ၃၀၀၀ ကျော်ကမူဆယ်မြို့ပေါ်ကို စစ်ဘေးရှောင်လာကြတယ်၊ မူဆယ်မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ပြည်သူတွေကို ထားရှိပေးထားပါတယ်။ အစားအစာအတွက်မပူရပေမဲ့ ဆောင်းတွင်းဆိုတော့ ခြုံထည်အနွေးစောင်တွေ အရေးကြီးလိုအပ်နေပါတယ်” ဟု ၎င်းကဆိုသည်။


မူဆယ်မြို့ပေါ်ရှိ မဟာဝန်ဘုန်းတော်ကြီးကျောင်း၊ စေတဝန်ဘုန်းတော်ကြီးကျောင်း၊ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊ နမ့်အွမ်ဘုန်းတော်ကြီးကျောင်းနှင့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်စသည့် နေရာငါးခုတွင် စခန်းဖွင့်လှစ်ကာ စစ်ဘေးရှောင်များကို ခေါ်ယူစောင့်ရှောက်ထားခြင်းဖြစ်သည်။
ဒေသခံများမှာ အသက်လု၍ပြေးလာရခြင်းဖြစ်သည့်အတွက် အဝတ်အထည်နှင့် စောင်များကိုယူဆောင်လာနိုင်ခြင်းမရှိသည့်အပြင် မူဆယ်မြို့၏ ရာသီဥတုမှာရေခဲမှတ်အနီးရောက်ရှိနေသဖြင့် အအေးဒဏ်ကိုခံနေရကြောင်း မိုင်းယုကျေးရွာမှ ဒေါ်ခေါင်နန်းက ပြောဆိုသည်။
နိုဝင်ဘာလ၂ဝရက်ကစတင်ကာ ၂၂ ရက်နေ့အထိ မုန်းကိုးဒေသနှင့် ပန်ဆိုင်းမြို့တို့တွင် ပစ်ခက်တိုက်ခိုက်မှုများရှိနေ၍ ဒေသခံများသည် နယ်စပ်ခြင်းထိစပ်နေသည့် တရုတ်ပြည်သို့ထွက်ခွာသွားကြပြီး တိုင်းရင်းသားအများစုမှာ မူဆယ်မြို့ရှိ ကူညီကယ်ဆယ်ရေးစခန်းများသို့တစ်ဖွဲဖွဲလာရောက်နေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူ ကိုသန့်စင်က ပြောကြားသည်။
The Voice

No comments:

Post a Comment