Thursday, November 17, 2016

မီးဖိုချောင်မှ အသံတိတ်လူသတ်သမား

နိုဝင်ဘာလလယ်ပိုင်းတွင် မြန်မာပြည်သူများ အတွက် ထိတ်လန့်တုန်လှုပ်ဖွယ် သတင်းတစ်ခု ထွက်ပေါ်လာသည်။ ငရုတ်သီးမှုန့်များထဲတွင် အသည်းကင်ဆာဖြစ်စေသည့် မှိုအဆိပ်များ ပါဝင်နေပြီး ယင်းအဆိပ်များဖြင့်   ချက်ပြုတ်ထားသည့် ဟင်းလျာများကို မြန်မာပြည်သူ ၂၅ သန်းခန့်က  နေ့စဉ် စားသုံးနေကြရသည်ဆိုသည့် သတင်းပင် ဖြစ်သည်။ ဟင်းလျာထဲတွင် အပူအစပ်အရသာကို လွန်လွန်ကဲကဲထည့်၍ စားသုံးတတ်သည့် မြန်မာပြည်သူ အများစုအတွက် ယင်းသတင်းက စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။ အိမ်ရှင်မများ၏ မီးဖိုချောင်တွင် မသုံးမဖြစ် အသုံးပြုနေရသည့် ငရုတ်သီးမှုန့်များထဲ၌ အယ်ဖာ တောက်ဆင်ဘီဝမ်းနှင့် ဆိုးဆေးများ ပါဝင်နေ၍ ဈေးကွက် အတွင်းရှိ ယင်းကုန်ပစ္စည်းများကို ပြန်လည်သိမ်းယူဖျက်ဆီးရန် FDAက နိုဝင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။



‘ငရုတ်သီးမှုန့်အကြောင်း တွေကြားရတော့ ငရုတ်သီးတောင့် အခြောက်ကိုပဲ ပိဿာချိန်နဲ့ဝယ် ပြီး ကိုယ့်ဟာကိုယ် ကြိတ်ခွဲပြီး ထောင်းစားရမလိုဖြစ်နေတယ်။ အနုနည်းနဲ့ သတ်နေတဲ့ အသံတိတ်လူသတ်လက်နက်တွေကို ထိထိ ရောက်ရောက် အရေးမယူနေသေး သရွေ့တော့ ဆေးရုံမှာ လူနာတွေ ကြိတ်ကြိတ်တိုးနေဦးတော့မှာပဲ’’ ဟု သာကေတမြို့နယ်နေ အိမ်ရှင်မ ဒေါ်တင်ကြည်က ပြောသည်။

ယခုကဲ့သို့ ထုတ်လုပ်သူများကို အရေးယူလာခြင်းသည် စားသုံးသူများအတွက် ကာကွယ်မှုပိုင်းတွင် ထိရောက်မှုရှိလာမည်ဟု ၎င်းက ဆိုသည်။ ထုတ်လုပ်သူများကို သတိပေးခြင်းသည် ယခုတစ်ကြိမ်သည် နောက်ဆုံးအကြိမ်ဖြစ်စေလိုပြီး စည်းကမ်းလိုက်နာမှုမရှိသည့် ထုတ်လုပ်သူများကို ထိထိ ရောက်ရောက် အရေးယူရန်လို အပ်သည်ဟု စားသုံးသူအချို့က အကြံပြုသည်။

‘‘အရောင်တင်မှုန့်မသုံးဘူး။ ကိုယ့်ဟာကိုယ် ငရုတ်သီးတောင့်ကို ကြိတ်သုံးတယ်။ သူတို့ရောင်းတဲ့ ပစ္စည်းတွေက ဘာတွေနဲ့ လုပ်မှန်းမသိဘူး။ တချို့ငရုတ်သီးအကျက်မှုန့်တွေဆို အညှာတွေနဲ့ ထောင်းထားတာ။ အူမှာသွားစိုက်ရင် သေနိုင်တယ်။ ပင်ပန်းပါစေ အလွယ်တော့ မသုံးဘူး’’ဟု သန်လျင်မြို့နယ်နေ အိမ်ရှင်မ ဒေါ်ရီချိုက ပြောသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် စက်တင်ဘာ၌ ဈေးကွက် အတွင်း ရောင်းချနေသော ငရုတ် သီးမှုန့် (အကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းထားမှုန့်နှင့် အရောင်တင်မှုန့်)များထဲမှ နမူနာ ၆၅၁ မျိုးကို FDA က စစ်ဆေးကောက်ယူခဲ့ သည်။ ထို့အပြင် ငရုတ်သီးမှုန့်အမှတ်တံဆိပ်အမည်တပ်၍ ရောင်းချနေသည့် ကုန်ပစ္စည်း ၇၅ မျိုးတွင် ၁၅ မျိုးသာ FDA ထောက်ခံချက်ရယူထားသဖြင့် ကျန်သည့် အမှတ်တံဆိပ် ၆၀ မှာ ထောက်ခံချက်ရ ယူထားခြင်းမရှိကြောင်း သိရ သည်။

FDA ထောက်ခံချက်ယူထား သော ငရုတ်သီးမှုန့်အမှတ်တံဆိပ် များသည် ရန်ကုန်တိုင်းမှ ကိုးခု၊ မန္တ လေးတိုင်းမှ တစ်ခု၊ ဧရာဝတီတိုင်း မှ တစ်ခုနှင့် မွန်ပြည်နယ်မှ သုံးခု ပါဝင်သည်။

‘‘တစ်တိုင်းပြည်လုံးနဲ့ ချိန် လိုက်ရင် ကုန်အမှတ်တံဆိပ် ၁၄ ခုဆိုတာ တော်တော်လေးနည်းနေ တယ်။ ရန်ကုန်မြို့ကြီးထဲမှာ ကုန် အမှတ်တံဆိပ် ကိုးခုပဲရှိတယ်ဆို တော့ တာဝန်ယူမှု၊ တာဝန်ခံမှုအ ပိုင်းက အားနည်းနေတယ်လို့ ထင်  တယ်။ ရန်ကုန်မြို့အနေနဲ့ဆိုရင် ဈေးကွက်ကြီးက အရမ်းကြီးပါ တယ်။ ဒါ့ကြောင့် ထုတ်လုပ်သူ အပိုင်းကို ပညာပေးမှု အရေးကြီး တယ်။ တာဝန်ခံ၊ တာဝန်ယူမှုစကားလုံးနှစ်လုံးတွဲလေးက လုပ်ငန်းရှင်တွေအတွက် တော်တော်လေးတာဝန်ရှိတယ်ဆိုတာ ဖော်ပြနေတယ်’’ဟု မွန်ပြည်နယ်မှ FDA ထောက်ခံချက်ရယူထားသည့် ငရုတ်သီးမှုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

 ယခုကဲ့သို့ FDA ၏ လုပ်ရပ် အပေါ် စားသုံးသူများဘက်က ထောက်ခံကြိုဆိုကြသော်လည်း ထုတ်လုပ်ရောင်းချသည့် လုပ်ငန်း ရှင်ပိုင်းတွင် အခက်အခဲအချို့ရှိနေသည်ဟု သုံးသပ်ပြောကြားသည်။ အရည်အသွေးမြင့် ကုန်ကြမ်းဈေး ပေးမှုတွင် ပြည်ပနှင့် မယှဉ်နိုင် ခြင်း၊ ကုန်ကြမ်းရယူရန် တောင် သူများထံ ကြိုတင်ငွေပေးချေစနစ် ဖြင့် ၀ယ်ယူသော်လည်း သီးနှံပေါ် ချိန်တွင် ကုန်ကြမ်းလိုသလောက် မရရှိခြင်းစသည့် အခက်အခဲများ ရှိနေကြောင်း ကုန်သည်များက ပြောသည်။

‘‘အပြောင်းအလဲလုပ်တဲ့အခါ အခက်အခဲကတော့ ရှိပါတယ်။ မှို ကင်းစင်တဲ့ ကုန်ကြမ်းရဖို့ အခက် အခဲရှိတာ ဖြစ်ပါတယ်။ ကုန်ကြမ်း မှာကတည်းက မှိုကရှိနိုင်တယ်။ စိုက်ပျိုးတဲ့ တောင်သူလက်ထဲကစပြီး သူ့အဆင့်လိုက်ပေါ့။ ကုန်ကြမ်းကို သိုလှောင်ထားမှုအားလုံးမှာ စနစ်မကျတာကြောင့် မှိုပေါက်ဖွားမှုတွေဖြစ်လာရတယ်’’ဟု ရန်ကုန် တွင် FDA ထောက်ခံချက်ဖြင့် ငရုတ်သီးမှုန့်ရောင်းချနေသည့် လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။

ကုန်ကြမ်းများကို ဘုရင့်နောင်ပွဲရုံများတွင် ငရုတ်သီးမှုန့်ထုတ် လုပ်သူများက အရည်အသွေးပေါ် မူတည်၍ ကြိုက်ဈေးပေးဝယ်လေ့ ရှိသည်ဟု ၎င်းက ဆိုသည်။ ငရုတ် ကုန်ကြမ်းများကို ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းစ သည့် ဒေသများမှ အဓိကရယူကြ ပြီး အရည်အသွေးအကောင်းဆုံး ကုန်ကြမ်းများကို တရုတ်၊ ထိုင်းနှင့်အိန္ဒိယနိုင်ငံများသို့ တင်ပို့လေ့ရှိ သည်ဟု ဆိုသည်။

‘‘ပြည်ပနိုင်ငံက ဈေးပိုပေးခဲ့ ရင် ပထမအရည်အသွေးကို သူတို့ ဆီရောင်းလေ့ရှိတယ်။ ဒုတိယအ ရည်အသွေးကိုပဲ ပြည်တွင်းမှာ သုံးရတယ်။ တောင်သူဆီက တိုက် ရိုက်ဝယ်ယူဖို့   လုပ်တော့လည်း အခက်အခဲရှိတယ်။ တောင်သူကို  ငွေကြိုပေးရပြီး တောင်သူက ပစ္စည်းအပ်ရမယ့်အချိန်ကျတော့ လိုသ လောက်မရတာတွေ ရှိတယ်’’ဟု ရန်ကုန်တွင် FDA ထောက်ခံချက် ဖြင့် ငရုတ်သီးမှုန့်ရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ငရုတ်သီးကုန်ကြမ်းသည် အစိုဓာတ်ရှိသည့်အချိန်တွင် မှိုပေါက် ဖွားမှုများ၍ စတင်ခူးယူသည့်အချိန်ကစ၍ စိုထိုင်းစလျှော့ချနိုင်ရန် အရေးကြီးသည်။ ထို့ပြင် သိုလှောင်ထားသိုမှုစနစ်တွင် အားနည်းချက်များရှိပါကလည်း မှိုအဆိပ်များ ဖြစ်နိုင်သည်။

   ယင်းမှိုအဆိပ် (အယ်ဖာ တောက်ဆင်ဘီဝမ်း)ပမာဏအ နည်းငယ်ကို ရေရှည်စားသုံးခြင်း ဖြင့် စားသုံးသူများတွင် ဆဲလ်များ ပျက်စီးကာ မျိုးရိုးဗီဇပြောင်းလဲ ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း များဖြစ်နိုင်ကြောင်း ဆေးပညာရှင်သုတေသီများက ပြောကြားထားသည်။

‘‘အယ်ဖာတောက်ဆင်အဆိပ်ကြောင့် နာတာရှည်အသည်း ရောင်လာပြီး အသည်းမာတာ၊ ကြွပ်တာတွေ ဖြစ်လာတယ်။ နောက်ဆုံးကင်ဆာဖြစ်လာမယ်။ အသည်းက ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက် တွေကို ချေဖျက်ပေးတာကြောင့် အသည်းလုပ်ငန်းဆောင်တာကျ လာရင် ဟော်မုန်းအခြေအနေ၊ ကျောက်ကပ်နဲ့ အစာချေမှုစနစ်စ သဖြင့် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး အခြေအနေတွေကို ထိခိုက်ပြောင်းလဲလာနိုင်တယ်’’ဟု အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာ ကျော်စွာဦးက ပြောသည်။

ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်အား လုံးကို အသည်းက ထိန်းချုပ်လုပ် ဆောင်လျက်ရှိပြီး အသည်းထိခိုက်လာပါက အခြားကျန်းမာရေးချို့ ယွင်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၎င်းက ဆက်လက်ပြောသည်။

ဈေးကွက်အတွင်း ရောင်းချ နေသော ငရုတ်သီးမှုန့်များ၏ ထက်ဝက်ကျော်တွင် အယ်ဖာတောင် ဆင်ဘီဝမ်းပါဝင်နေ၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက (FDA) ထောက်ခံချက်မယူထားသည့် ငရုတ်သီးမှုန့်အ မှတ်တံဆိပ်များကို စားသုံးရန်မ သင့်ကြောင်း ကြေညာမည်ဖြစ်ကာထောက်ခံချက်ယူထားသည့် လုပ် ငန်းရှင်များက တစ်ပတ်အတွင်း မိမိကုန်ပစ္စည်းများကို ဈေးကွက် အတွင်းမှ ပြန်လည်သိမ်းယူဖျက် ဆီးရန် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က သတိပေး ထားသည်။

‘‘တစ်ပတ်အချိန်ပေးတယ် ဆိုတာ မနည်းပါဘူး။ ပြည်သူတွေ က နေ့စဉ်ဒီအဆိပ်တွေကို စားသုံး နေကြရတာ။ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးသူတွေအနေနဲ့ ဈေးကွက် ကနေ ပြန်လည်သိမ်းယူမှုတွေကို အထောက်အထား ဗီဒီယိုဖိုင်၊ အသံဖိုင်တွေနဲ့ FDA ကို တင်ပြရ မယ်။ ထောက်ခံချက်မယူထားတဲ့ တံဆိပ်မပါတဲ့ ကုန်ပစ္စည်းမှန်သမျှ ကို ဖမ်းဆီးအရေးယူဖို့ ညွှန်ကြား ချက်ထုတ်မယ်’’ဟု ၎င်းက ဆို သည်။

FDA ထောက်ခံချက်ရယူ ထားသည့် လုပ်ငန်းရှင်များအနေ ဖြင့် ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းများ ပြန်လည်သိမ်းယူဖျက်ဆီးရ မည့် အခြေအနေကို အကျိုးအ မြတ်မတွက်ဘဲ အမြန်ဆုံးပြုလုပ်ရန် လိုအပ်ပြီး မပြုလုပ်ပါက တရားစွဲ ဆိုအရေးယူမှုများပြုလုပ်မည်ဟု နေပြည်တော်အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဌာန ညွှန် ကြားရေးမှူးချုပ် ဒေါက်တာ သန်း ထွဋ်က ဆိုသည်။

‘‘ဒီနေရာမှာ စီးပွားရေးအရ တွက်လို့ မဖြစ်ဘူး။ လုပ်ငန်းရှင် တွေအနေနဲ့ ကျပ်သိန်းငါးဆယ်၊ တစ်ရာဆုံးရှုံးတာကို မမြင်ကြပါနဲ့။ FDA အနေနဲ့ကတော့ စားသုံးသူ တွေ ဘေးအန္တရာယ်ကင်းရှင်းဖို့ကို ပဲ အဓိကလုပ်မှာပါ။ အခုလုပ်ခိုင်း တဲ့ ဈေးကွက်အတွင်း ပြန်လည် သိမ်းယူဖျက်ဆီးမှုအခြေအနေကို တစ်ပတ်ကျော်တဲ့အခါ ပြန်ကြည့် လို့ တွေ့ရင် အဲဒီအမှတ်တံဆိပ်ကို သုံးစွဲရန် မသင့်လို့ ကြေညာမယ်။ တာဝန်ရှိသူအဆင့်ဆင့်ကိုလည်း တရားစွဲဆိုအရေးယူမယ်’’ဟု ၎င်း က ဆိုသည်။

  ‘‘ကျွန်တော်တို့ကုန်ပစ္စည်း တွေနဲ့ ပတ်သက်ရင် မကြိုက်ဘူး ဆိုရင် ငွေပြန်အမ်းပေးတယ်။ စား သုံးသူလက်ထဲရောက်မှ ပျက်စီးနေ ရင် မကောင်းဘူး။ လဲချင်ရင် လဲ ပေးတယ်။ အခုလည်း ရောင်းချသူ တွေနဲ့ ညှိပြီး လုပ်ဆောင်တယ်။ ငွေပြန်အမ်းတာ လုပ်ပေးတယ်။ တချို့ကျ တခြားပစ္စည်းနဲ့ လဲချင်ရင် လုပ်ပေးပါတယ်။ အဆင်ပြေပါတယ်’’ ဟု မြန်မာ့ရေနံစားသောက်ကုန် ထုတ်လုပ်ငန်းမှ ဦးသန်းလွင်က ပြောသည်။

ငရုတ်သီးမှုန့်ဖျက်သိမ်းရန် FDA ၏ ညွှန်ကြားချက်သတင်း သည် ဖေ့စ်ဘွတ်ခ်နှင့် မီဒီယာပေါ် တွင်သာ ရှိသေးသည်ဟု မရမ်း ကုန်းမြို့နယ် သမိုင်း (၂) ရပ်ကွက် မှ ကုန်စုံဆိုင်ပိုင်ရှင် ကိုဖိုးကျော်က ပြောသည်။

‘‘အဲဒီသတင်းက ကျွန်တော် တို့လို ရပ်ကွက်ထဲက လက်လီဆိုင် လေးတွေ မပြောနဲ့။ ရပ်ကွက်ဈေး ကြီးတွေအထိတောင် မရောက် သေးဘူး။ မနေ့က အထိ ဈေးကြီး တွေမှာ ပုံမှန်အတိုင်းပဲ ရောင်းဝယ် နေကြတယ်။ အခုအချိန်ထိ ရပ် ကွက်အုပ်ချုပ်ရေးမှူးတို့ ဘာတို့က လာတားတာမရှိသေး ဘူး။ ရောင်း နေကြတာပဲ။ လာဝယ်သူတွေက လည်း ပုံမှန်ဝယ်နေတယ်။ ငရုတ် သီးမှုန့်တွေက အရင်ထက်စာရင် အခုနောက်ပိုင်းနည်းနည်းစားတာ နဲ့ ပိုစပ်လာတာတွေ့ရတယ်’’ဟု ၎င်းက ဆိုသည်။

‘‘FDA က အရင်တုန်းကဆို ရင် ဦးစီးဌာနအဆင့်မဟုတ်ဘဲ ရုံး ခွဲတစ်ခုအဆင့်မှာပဲ ရှိတော့ အများ ကြီးမလုပ်နိုင်ခဲ့သလို ငွေရော၊ လူ အင်အားရော နည်းတယ်။ အခုကျ တော့ ဦးစီးဌာနအဆင့်ကိုလည်း တိုးမြှင့်လိုက်တယ်။ ငွေအင်အားရော၊ လူအင်အားရောထပ်ပြီး ရလာတယ်။ အဆင့်အတန်းမီတဲ့ ဓာတ်ခွဲခန်းတွေလည်း တည်ဆောက်လာနိုင်တယ်။ နိုင်ငံခြားကနေလည်း အကူအညီတွေ နည်းပညာတွေရလာတဲ့အခါကျတော့ အင်နဲ့ အားနဲ့လုပ်နိုင်တဲ့ အဆင့်ရှိလာတယ်။ FDA အပိုင်းကလည်း စား သုံးသူကာကွယ်ရေးအတွက် ဒီ ထက်တိုးချဲ့လုပ်ဆောင်ဖို့ လိုအပ် ပါတယ်။ ပြည်သူပိုင်းကလည်း စားသုံးသူကာကွယ်ရေးနဲ့ ပတ်သက် ပြီး ကိုယ့်ရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အ ရေးတွေသိဖို့ လိုအပ်ပါတယ်’’ဟု မြန်မာနိုင်ငံစားသုံးသူများ သမဂ္ဂ နာယက၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှုဖြေရှင်းမှု အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်မြင့်က ပြောသည်။

ထို့အပြင် ၂၀၁၄ မတ်လက ပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ် ရေးဥပဒေကို ယခုအချိန်၌ ပြင်ဆင်ရေးဆွဲလျက်ရှိပြီး လွှတ်တော်မှ မကြာမီအတည်ပြုပေးနိုင်တော့ မည် ဖြစ်၍ စားသုံးသူကာကွယ်ရေးအပိုင်းတွင် အာဏာစက်ပိုပြီးရှိလာမည်ဟု ၎င်းက ဆိုသည်။


ငရုတ်သီးမှုန့်အများစုတွင် မှိုအဆိပ်နှင့် ဆိုးဆေးများ ပါဝင်နေသည်။ (ဓာတ်ပုံ−စိုင်းဇော်)

ငရုတ်သီးမှုန့်ထုတ်လုပ်ခြင်း လုပ်ငန်းကို မိရိုးဖလာပုံစံဖြင့် လုပ်ကိုင်နေကြ၍ နည်းပညာအဆင့်မြှင့်တင်မှုများကို အစိုးရပိုင်းက ပံ့ပိုးပေးရန် လိုအပ်သည်ဟု ၎င်းလုပ်ငန်းရှင်က ပြောသည်။

‘‘အိမ်တွင်း တစ်နိုင်တစ်ပိုင် လုပ်ငန်းကနေ စတင်လုပ်ကိုင်ကြ တာများပြီး တဖြည်းဖြည်းနဲ့ တိုး ပြီးတော့ ရင်းနှီးမြှုပ်နှံကြတာပါ။ ငရုတ်သီးမှိုမတက်အောင် ဘယ်လိုလုပ်ကိုင်ရတယ်၊ သိုလှောင်မှုအ ပိုင်းမှာ ဘယ်လိုသိုလှောင်ရတယ် ဆိုတာတွေကို အစိုးရပိုင်းက နည်းပညာဆိုင်ရာသင်တန်းတွေပေး စေချင်တယ်’’ဟု မြန်မာ့ရေနံလုပ် ငန်းရှင် ဦးသန်းလွင်က ပြောသည်။  ငရုတ်သီးမှုန့်ထုတ်လုပ် ရောင်းချသည့် ဈေးကွက်မှာ အ မြတ်နည်းပြီး ထင်သလောက်အ ကျိုးအမြတ်မရကြောင်း ၎င်းက ပြောသည်။ လက်ရှိငရုတ်သီးမှုန့် အရှည် ဈေးကွက်တွင်း တစ်ပိဿာ၃,၆၀၀ ကျပ် ခန့်သာဈေးပေါက် ပြီး အရည်အသွေးကောင်းသည့် ပစ္စည်းက ၆,၅၀၀ ကျပ်ခန့်သာရ သည်။

‘‘ငရုတ်သီးကုန်ကြမ်းတွေဝယ် ပြီးပြီဆိုရင် ကြိတ်ခွဲသင့်တာခွဲ၊ အ ညှာခြွေသင့်တာခြွေ၊ လှော်ထောင်းတာထောင်းစသဖြင့် အဆင့်ဆင့်လုပ်ကြရတယ်။ ရလာတဲ့ ကုန်ပစ္စည်းကို ထုပ်ပိုးပြင်ဆင်ရတယ်။ ဒါပေမဲ့ ငရုတ်သီးမှုန့်တစ်ပိဿာရဲ့ ဈေးနှုန်းက ငရုတ်သီးကုန်ကြမ်း တစ်ပိဿာဈေးနှုန်းထက် နည်းနေ တယ်။ တစ်ခါတလေရှုံးတဲ့အနေ အထားမှာတောင်ရှိတယ်’’ဟု ငရုတ်သီးမှုန့်ထုတ်လုပ်သည့် လုပ် ငန်းရှင်တစ်ဦးက ဆိုသည်။

ထို့ကြောင့် ငရုတ်သီးမှုန့် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်း ရှင်အချို့က စားသောက်ဆိုင်လုပ် ငန်းရှင်အချို့နှင့် ချိတ်ဆက်ထား ပြီး ရောင်းအားပုံမှန်ရရှိအောင် ဆောင်ရွက်ကြသည်။ အချို့လုပ် ငန်းရှင်များက ဈေးကွက်အတွင်း မိမိကုန်ပစ္စည်းကို များများမရောင်းချဘဲ ရောင်းနိုင်သည့် အတိုင်းအ တာဥပမာ တစ်လလျှင် ဖြုန်းအား ၅၀ ခန့်ရှိလျှင် ယင်းကုန်ပစ္စည်းအ ရေအတွက်ထက်ပိုမရောင်းဟု သိ ရသည်။

  ‘‘အသည်းကင်ဆာဖြစ်စေ တဲ့ အယ်ဖာတောက်ဆင်ဘီဝမ်းက ငရုတ်သီးတို့၊ ပြောင်းဖူး၊ မြေပဲတို့ မှာရှိတယ်။ အဓိကက ငရုတ်သီး အပုနဲ့ အရှည်ခြောက်တွေမှာ အဲဒီ မှိုအဆိပ်ကို တွေ့ရတယ်။ ငရုတ် သီးတွေကို ရေဖျန်းတဲ့အခါ မှိုကပို ပြီး ပွားလာတယ်’’ဟု ဒေါက်တာ သန်းထွဋ်က ရှင်းပြသည်။

ယခုကဲ့သို့ ဈေးကွက်အတွင်း ရောင်းချနေသည့် မိမိကုန်ပစ္စည်း များကို ပြန်လည်သိမ်းယူဖျက်ဆီး ရမည့် အခြေအနေတွင် ဆုံးရှုံးမှု များသည့် လုပ်ငန်းရှင်များလည်း ရှိနိုင်သည်ဟု ရန်ကုန်မြို့မှ ငရုတ် သီးမှုန့်  ထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

  ‘‘ကျားကြီးခြေရာကြီးလုပ် ငန်းရှင်တွေအတွက်တော့ များများ ဖြန့်ချိထားမိတဲ့အခါမျိုးမှာ ဆုံးရှုံး မှုများနိုင်ပါတယ်’’ဟု ၎င်းက ပြော ကြားသည်။

မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနအနေ ဖြင့် ဈေးကွက်အတွင်းရောင်းချနေ သည့် FDA ထောက်ခံချက်မယူ ထားသော ကုန်ပစ္စည်းများကို ဖမ်းဆီးအရေးယူထိန်းသိမ်းမှုများ ရေတိုလုပ်ဆောင်မှုအနေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ရေရှည်လုပ်ဆောင်မှုအနေဖြင့် ထုတ်လုပ်သူများကို အသိပညာပေးခြင်းနှင့် နည်းပညာပံ့ပိုးခြင်းများပြုလုပ်မည်ဟု သိရသည်။

‘‘ထုတ်လုပ်သိုလှောင်ဖြန့်ဖြူး ရောင်းဝယ်ဖောက်ကားသူတွေက သူတို့မသိမ်းဆည်းတတ်၊ မသို လှောင်တတ်ရင် မှိုတွေပေါက်နေ ဦးမှာပဲ။ ဒါကြောင့် သိုလှောင်မှုကို ဘယ်လိုလုပ်ရမယ်၊  ဖြန့်ဖြူးရောင်းချမှုအပိုင်းမှာ ဘာတွေလိုအပ် တယ်ဆိုတာကို ထုတ်လုပ်သူကနေစပြီး လက်လီရောင်းချနေသူတွေ အထိ သင်တန်းတွေပေးမယ်။ ငရုတ်သီးမှုန့်အစစ်က ဈေးကြီး တယ်။ တချို့ဖြည့်စွက်ထည့်ရမယ့် ဟာတွေရှိတယ်။ တာရှည်ခံ အောင် တရားဝင်ခွင့်ပြုထားတဲ့ ပစ္စည်းဘာတွေထည့်ရမယ်ဆိုတာ ကအစ နည်းပညာသင်တန်းတွေ ပေးသွားမယ်’’ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ဆို သည်။

 ဘေးအန္တရာယ်ကင်းသည့် ငရုတ်သီးမှုန့်များကို ထုတ်လုပ်ရောင်းချပြီး အများပြည်သူစားသုံးနိုင်ရန် ပညာပေးမှုများလုပ်ဆောင်ရန် လိုအပ်ပြီး ပညာပေးရာတွင် စားသုံးသူပြည်သူများကိုပါ ပေးရန်လိုအပ်နေသည်ဟု မွန်ပြည်နယ်မှ ငရုတ်သီးမှုန့်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးက ယခုကဲ့သို့ဆိုသည်။

‘‘စားသုံးသူက မကောင်းတာ ကို မကောင်းမှန်းသိလျက်နဲ့ ကြိုက်နေတာလည်း ရှိတယ်။ တ ကယ့်ကို ဈေးကွက်မှာ ရောင်းချတဲ့ အခါ ခင်ဗျားငရုတ်သီးကမလှဘူး၊သူများ ငရုတ်သီးတွေကြည့်ရဲနေ တာပဲ၊ နီနေတာပဲ၊ အဲဒီလိုလုပ်ပါ လား ငရုတ်သီးမှာ အရောအနှော တွေပါတော့ စပ်တဲ့အရည်အသွေး ကလျော့သွားတယ်။ ကျွန်တော်က တော့ မလုပ်ဘူး။ သဘာဝအတိုင်း ရှိနေတဲ့ အရောင်အတိုင်းပဲ ရောင်း တယ်။ ဒီလိုအရောအနှောတွေ လုပ်နေတယ်ဆိုတာကိုလည်း လုပ် ငန်းရှင်တွေကပဲသိပြီး    စားသုံးသူ တွေက မသိကြတော့  အရောင်ရဲ တာကြည့်ပြီး ကြိုက်နေကြတယ်။ ပညာပေးမှုတွေကို ထုတ်လုပ်သူ တွေကိုပေးတဲ့အပြင် စားသုံးသူ ပြည်သူကိုလည်း မီဒီယာကတစ် ဆင့် ပညာပေးဖို့ လိုတယ်’’ဟု ၎င်းက ဆိုသည်။ ဟေမာန်ညီညီ

No comments:

Post a Comment