Wednesday, November 23, 2016

ငှက်တစ်ကောင်လွှတ်လိုက်သလို ခံစားခွင့်ရသွားတယ်ဆိုတဲ့ တာဝန်ရပ်နားခံရတဲ့ ဒုဝန်ကြီး

ဗိုလ်ချုပ်ကြီးတွေ လက်ထက်ကဝေဖန်ချက် ဆောင်းပါးတွေ   ရေးသားထောက်ပြခဲ့သူ ရေဆင်းတက္ကသိုလ်ကျောင်းဆင်း ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေး တက္ကသိုလ်ဒေါက်တာဘွဲ့ရ အမေရိကန်သံရုံးရဲ့ စိုက်ပျိုးရေးဌာနမှာ အကြံပေးလုပ်ခဲ့သူ ပညာရှင် ဝါးခယ်မသား တစ်ဦးကတော့ ပြီးခဲ့တဲ့ဖြစ်စဉ်တွေအတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီလည်းထပ်မံတင်ပြလိုစိတ် မရှိတော့ဘူးဆိုပြီး နေပြည်တော်ရှိ ဒုဝန်ကြီးအိမ်ရာ အမှတ် ၄၅ ကနေလွတ်လပ်ပေါ့ပါးစွာထွက်သွားပါတယ်။ သည်နေ့ ရက်စွဲနဲ့ ဒုဝန်ကြီးတာဝန်ကနေ ရပ်စဲခံလိုက်ရတဲ့ ဒေါက်တာထွန်းဝင်းက ကျွန်တော်တင်ပြလိုတဲ့ စိတ်မရှိတော့ဘူးလို့ ခိုင်မာစွာဆုံးဖြတ်ပြီးတဲ့ လေသံနဲ့ ခပ်ပြတ်ပြတ်ပြောပါတယ်။ေ ဒါက်တာထွန်းဝင်းကို မေလ ၂ ရက်နေ့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့တာပါ။ ခြောက်လအတွင်းမှာပဲ တာဝန်က ရပ်ဆိုင်းခံလိုက်ရတာဖြစ်ပါတယ်။



ရှေးတုန်းက ဗိုလ်ချုပ်ကြီးတွေကိုဝေဖန်တာတောင် ဘာမှမဖြစ်တာ၊ ခုကျမှဒါလေးကို မှားတာနဲ့ ကျွန်တော့်ကိုသေဒဏ်ပေးတဲ့ သဘောမျိုးဖြစ်တာကတော့နည်းနည်းတော့ အကျည်းတန်တာပေါ့ဗျာလို့ သူကဆိုပါတယ်။

ဒေါက်တာထွန်းဝင်းက တာဝန်ကရပ်စဲခံရတာအကြောင်းနှစ်ရပ်ရှိပါတယ်။  ပထမ တစ်ခုက ခေါင်းစဉ်သုံးခုပါဝင်တဲ့ သူ့ရဲ့အဆိုပြုချက် သုံးရပ်လုံး ဝန်ကြီးကပယ်ချခဲ့ တာကြောင့် ဝန်ကြီးနဲ့ သူ့ကြားအဆင်မပြေဖြစ်ခဲ့ရပါတယ်။ နောက်တစ်ခုကတော့ စိုက်ပျိုးရေးဌာနနဲ့သက်ဆိုင်တဲ့ နိုင်ငံတော်ပိုင် ခြံမြေ ၂၅,၈၀ဝ ဧကထဲက ပုဂ္ဂလိကကို ပေးထားတဲ့ ဧက ၉၀ကို နိုင်ငံပိုင်ဖြစ်အောင် ပြန်လုပ်ဖို့ကြိုးစားခဲ့တာကြောင့်ဖြစ်ပါတယ်။

သူက အခုခါကျတော့ ကျွန်တော့်မှာတိုင်းပြည်အတွက်လုပ်ရင်းနဲ့ရပ်စဲတဲ့အထိဖြစ်တယ်ဆို တော့ something wrong ပဲဗျာ၊ ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီစိတ်သုန်းနေပြီလား၊ အမှန်တရားပျောက်ကွယ်နေပြီလား၊ အမှန်တရား ဘက်ကိုရောက်အောင် ဘယ်လိုဖြေရှင်း မလဲဆိုတဲ့ ဖြေရှင်းပုံဖြေရှင်းနည်းနည်းလမ်းတွေလိုအပ်နေပြီလို့ထင်တယ်၊ တစ်ဖက်နားနဲ့ ဖြေရှင်းတာ ဒါအမှားပဲလေလို့ ပြောပါတယ်။

ပထမအချက်

ဝန်ကြီးဌာနအနေနဲ့ အကောင်အထည်ဖော်ဖို့ ဒေါက်တာထွန်းဝင်းတင်တဲ့အဆိုသုံးရပ်က   အင်န်အယ်လ်ဒီအစိုးရအာဏာမရခင်က ၂၀၁၃ ကနေ ၂၀၁၅ အထိကိုအမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ လယ်သမားရေးရာကော်မတီ ကနေ ပါတီအာဏာရလာရင်လုပ်မယ့်   မူဝါဒတေါကိုရေးဆွဲကြရာမှာ အကြံပေးအနေနဲ့တာဝန်ယူပြီးရေးဆွဲခဲ့တာဖြစ်ပါတယ်။

အဆိုသုံးချက်မှာ ပထမအချက်က ဆည်တွေထဲမှာ ငါးမွေးမြူရေးကိစ္စ၊ ဒုတိယအချက်က မိုးစပါးစိုက်ဧက ၁၇ သန်းအတွက်ပါ ရေပေးရေးကိစ္စနဲ့ တတိယအချက်က မြစ်ဝကျွန်း ပေါ်ဒေသမှာ ရေတင်စိုက်ပျိုးရေးကိစ္စတို့ဖြစ်ပါတယ်။

ဒေါက်တာထွန်းဝင်းက ဧရာဝတီမြစ်ဝကျွန်းပေါ်ကို လုပ်မယ်ဆိုရင် တခြားသန်လျင်မြစ်ဝ ကျွန်းပေါ်ကိုရော ဘယ်လိုလုပ်မှာလဲဆိုပြီးပြောတယ်၊ ကျွန်တော်ပြောတယ်၊ သန်လျင်မှာ ဘီလူးကျွန်းပဲရှိပါတယ်လို့ မြန်မာနိုင်ငံမှာ မြစ်ဝကျွန်းပေါ်တစ်ခုပဲရှိတယ်လို့၊ ဒီလို ပတ်ဝန်းကျင်မှာ ကျွန်တော် ရှင်သန်ခဲ့ရတာပါလို့ပယ်ချခံရမှုအပေါ်ပေးတဲ့အကြောင်းပြ ချက်ကို ရှင်းပြပါတယ်။

သူကဆက်ပြီး  ဝန်ကြီးသည်လေးလပဲ ဒီစိုက်ပျိုးရေးတာဝန်ကို ယူတာဖြစ်တယ်၊   ကျွန်တော်သည် နှစ် ၄၀ လောက်အထိ ဒုက္ခသုခတွေ လယ်သမားတွေ ခါးစည်းလို့ခံရတာ၊ ဒါတွေသာ လယ်သမားတွေ အခုအစိုးရသစ်မှာ ပြောင်းလဲမှုတစ်ရပ်အနေနဲ့ စပြီးတော့   လယ်သမားတွေကိုချပြပြီးတော့ စိုက်ပျိုးစေမယ်၊ လုပ်စေမယ်ဆိုလို့ရှိရင်တော့   ကျွန်တော်တို့   အစိုးရသစ်မှာအများကြီး တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ပံ့ပိုးနိုင်မှာဖြစ်တဲ့အတွက် ဒီဟာကိုလုပ်ခွင့်ပြုပါလို့ ပြောတယ်၊ သူကခုံကိုထထုပြီးတော့   ကျွန်တော်တို့အားလုံးကို သူသည် ပညာရေးမှာ ငါးနှစ်လောက်လုပ်တယ်၊ ကျောင်းသားကျောင်းဆရာပေါင်း ၂၀ဝ,ဝ၀ဝ လောက်ကိုအုပ်ချုပ်တာဖြစ်တယ်၊ ဒါကြောင့်မို့လို့ ဒီလုပ်ငန်းတွေနဲ့ ပတ်သက်လို့ သူလေ့လာနေတယ်၊ သိပ်ပြီးဆန္ဒမစောနဲ့၊ ဒီဥစ္စာတွေနောက်ပိုင်းမှာ သူလုပ်သွားမှာ၊ ဆက်ပြီးစောင့်ကြည့်ပါပြောတယ်လို့ပြောပြတယ်။

ဒါက ပြဿနာရဲ့ အဓိကအကြောင်းအရင်းလည်းဖြစ်နေပါတယ်။ နောက်ပိုင်းမှာတော့   ဒေါက်တာထွန်းဝင်းရဲ့ ပြန်တောင်းပန်မှုကြောင့် ဝန်ကြီးနဲ့ပြန်အဆင်ပြေသွားပေမဲ့ ပြဿနာ ထပ်တက်တာကတော့ ဟဲဟိုးခြံကိစ္စဖြစ်ပါတယ်။

ဟဲဟိုးခြံကိစ္စ

နိုင်ငံတော်ပိုင်ခြံမြေ ၂၅,၈၀ဝ ဧကထဲက ဟဲဟိုးမှာရှိတဲ့ ဧက ၉၀ ကျော်က ပုဂ္ဂလိက   ကုမ္မဏီဖြစ်တဲ့ Prime Ltd နဲ့ ပြီးခဲ့တဲ့ အစိုးရနဲ့စာချုပ်ထားပြီးလုပ်ခဲ့တာဖြစ်ပါတယ်။ ငှားရမ်းခအလွန်နည်းပြီး အစိုးရအတွက်နစ်နာတဲ့ ငှားရမ်း ခတွေနဲ့ငှားရမ်းခဲ့ကြတာ ဖြစ်ပါတယ်။ Investment အားဖြင့် ရှစ်သန်းကျော်ရှိနေတာကြောင့် ရင်းနှီးမြှုပ်နှံမှုကို နောက်ဆုတ်ပေးလို့မရဘဲ တခြားကြီးတဲ့သူနဲ့ဆွေးနွေးပါမယ်ဆိုပြီးတော့ သူစိတ်ဆိုးပြီး   ထွက်သွားခဲ့ပါတယ်။

သူသွားပြီးတော့ တစ်ပတ်လောက်အကြာမှာ အင်န်အယ်လ်ဒီက ကျွန်တော်တို့ရဲ့ တကယ့်ဆရာကြီး ဘထိန်၊ ကျွန်တော်တို့ လေးစားရတဲ့ ဆရာကြီးဦးဝင်းထိန်နဲ့   သူ့တပည့် ဦးမောင်မောင်ဦး၊ နောက်ပြီးတော့ အင်န်အယ်လ်ဒီက ဦးဘမျိုးသိန်း     သူတို့သုံးယောက်သည် ခုလိုညနေဘက်ရောက်လာတယ်၊ ရောက်လာပြီးတော့   ကျွန်တော့်ကို ကြည့်ပြီးတော့ သူ(ဦးဝင်းထိန်)က မေးတယ်၊ မေးတဲ့မေးခွန်းကတော့   ဒေါက်တာထွန်းဝင်း ဟဲဟိုးခြံကိစ္စလေဗျာ၊ အဲဒီမှာ ကျွန်တော်က ရိုးရိုးသားသားပဲ သြော်…… ဒီခြံကိစ္စလား ဆရာ၊ ကျွန်တော် ဒီခြံကို နိုင်ငံတော်အတွက်ကာကွယ်လိုက်ပြီ ဆရာ၊ ဒီဟာက အင်္ဂလိပ်ခေတ်ကတည်းက နိုင်ငံတော်ရဲ့မျိုးစေ့ခြံအနေနဲ့ လယ်သမား တွေကို ပြောင်းမျိုးစေ့ထုတ်ဖို့ ခြံဖြစ်တဲ့အတွက် အခုကျွန်တော်တို့ အစိုးရသစ်မှာတော့   သူတို့ပုဂ္ဂလိကတွေ သုံးထားတာတွေပြန်ယူဖို့ ကျွန်တော်ပြောလိုက်ပြီဆိုတော့ဗျာ၊ ဒီလိုလားဗျာ၊ အေးမောင်မောင်ဦး ပြန်ကြစို့ကွာဆိုပြီးတော့ တုတ်ကောက်ဆွဲပြီးတော့   တစ်ခါတည်း စိတ်ဆိုးပြီးတော့ပြန်သွားတဲ့သဘောရှိတော့ ကျွန်တော်ပြောတာမှားသွား ပြီလို့ ယူဆပါတယ်လို့ ဒေါက်တာထွန်းဝင်းက ပြောတယ်။

နိုင်ငံတော်ခြံကို ကာကွယ်ဖို့ကို ကာကွယ်လိုတဲ့ဆန္ဒရှိမယ်လို့ယူဆပြီးတော့ ပြောမိတဲ့ စကားမှားသွားတဲ့အတွက် စိတ်ထဲမှာခံစားသွားရတဲ့အတွက် တုံဂပူရီမှာထမင်းလိုက် ကျွေးပြီးပြန်ချော့ရတယ်လို့ ဆိုတယ်။

ဒီလောက်အထိ ကျွန်တော့်ကို ပြစ်ဒဏ်ပေးမယ်လဲမထင်ဘူးလေဗျာလို့ ပြောတယ်။ သည်ကိစ္စတွေဖြစ်ပြီး တစ်ပတ်အကြာမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုကော်မတီဝင်အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က သူ့အခန်းကိုခေါ်ပြီး ဒေါက်တာထွန်းဝင်းကို နေပြည်တော်ကောင်စီကို ပြောင်းရင်ပြောင်း မပြောင်းရင်နုတ်ထွက် ဖို့ ခေါ်ပြောတယ်လို့ ဆိုပါတယ်။

ဒေါက်တာထွန်းဝင်းက တစ်ပတ်အချိန်တောင်းပြီးတစ်ပတ်အတွင်း ပြည်ထောင်စုဝန်ကြီး ကို ပြန်လည်တောင်းပန်ပြီး အလုပ်ဆက်လုပ်ဖို့ ခွင့်တောင်းခဲ့ရာခွင့်ပြုခဲ့တာကြောင့်   အလုပ်တွေကို ဆက်လက်လုပ်ကိုင်ခဲ့တယ်။

သည်ကာလမှာ ဦးဝင်းထိန်က နုတ်ထွက်ဖို့သုံးကြိမ်ပြောဆိုခဲ့ပြီး  တတိယအကြိမ်ပြောဆို မှုမှာတော့ ဒေါက်တာထွန်းဝင်းအတွက် အံ့ဩမှုတွေနဲ့ ဆုံးဖြတ်ချက်တစ်ခုချနိုင်ခဲ့ပါတယ်။

ဒေါက်တာ ထွန်းဝင်းက တတိယအကြိမ်ကျတော့ ဘယ်လိုပြောလဲဆိုတော့ ခင်ဗျားတို့ ဝန်ကြီး၊ ဒုဝန်ကြီးအဆင့်တွေသည် နိုင်ငံတော်အဆင့်တွေသည် ကျွန်တော်တို့ပါတီက   လိုရင်လိုသလို ဆွဲခန့်တဲ့သူတွေ၊ မလိုရင် မလို သလိုဖြုတ်နိုင်တယ်၊ ကျွန်တော်တို့ ပါတီရဲ့ဆုံးဖြတ်ချက်အတိုင်း ခင်ဗျားထွက်ဖို့သာပြင်ပါတဲ့လို့ ပြန်ပြောပြပါတယ်။

‘ကျွန်တော်ကလဲ ဆရာအကြောင်းပြချက်မပေးနိုင်ရင်တော့ ဆရာထုတ်မယ်ဆိုရင်ထွက်ဖို့ ပါပဲဆရာရယ်၊ ကျွန်တော်က အမှန်တရားကိုပဲချစ်တဲ့သူ အမှန်တရားဘက်ကပဲရပ်သွား ပါမယ်၊ ထွက်ရတဲ့ အကြောင်းအရင်းမပြောမချင်း ကျွန်တော်ဒီအတိုင်းပဲစောင့်နေမယ်လို့ ပြောလိုက်တယ်လို့ ဆိုတယ်။

အမှန်တရားအတွက်

သည်လိုနဲ့နောက်တစ်နေ့မှာပဲ သမ္မတရုံးကလည်း ကိုယ့်သဘောနဲ့ကိုယ်ထွက်ရင်ထွက်     မထွက်ရင်တာဝန်ကရပ်မယ့် နည်းလမ်နှစ်သွယ်ကိုရွေးခိုင်းတဲ့ အကြောင်းကြားစာရောက်လာခဲ့ပါတယ်။ ဒေါက်တာ ထွန်းဝင်းကတော့ သူမှန်တယ်လို့ ခံယူရပ်တည် ထားတဲ့အတွက် ထွက်စာတင်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

‘ကျွန်တော့်မှာ အပြစ်လုံးဝမရှိပါဘူး၊ အပြစ်မရှိဘဲနဲ့အပြစ်ရှိသယောင်နဲ့ထွက်မယ်ဆိုရင် ကျွန်တော့်သမိုင်းသိက္ခာကျမယ်၊ အမှန်တရားအတွက် ကျွန်တော် နောက်ဆုတ်ပေးရာကျမယ်၊ ကျွန်တော် အမြဲတမ်းအမှန်တရားကို လက်ကိုင်ထားတယ်၊ ခုအထိဘာမှအမှား မလုပ်သေးဘူး၊ အကျင့်ပျက်ခြစားခြင်းမရှိဘူး၊ လာဘ်ပေးလာဘ်ယူမရှိဘူး၊ အဲဒါကြောင့်   ဒါနဲ့ပတ်သက်လို့ သမ္မတရဲ့ဆုံးဖြတ်ချက်အတိုင်းလိုက်နာပါမယ်လို့ ပြန်ရေးလိုက်တာ ညနေ ၃း၃၀ နာရီလောက်ပေါ့၊ မနက်မိုးလင်းတော့ သတင်းစာထဲမှာ အံ့ဩလောက်စရာပါ လာတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါသည် ကျွန်တော့်ဘက်က ထုချေခွင့်ရှင်းလင်းခွင့်မရှိဘူး။ မရှိဘဲနဲ့ တစ်ဖက်သတ်     တစ်ယောက်သောသူရဲ့ပြောဆိုချက်နဲ့ ဆုံးဖြတ်တာဖြစ်တဲ့အတွက် unfair ပေါ့လေ၊ တရားမျှတမှုမရှိဘူး။

‘နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ပြောထားတာရှိတယ်။ လူတစ်ယောက်ကို သံသယနဲ့တစ်ဖက်သတ်မဆုံးဖြတ်ရဘူး။ ထုချေခွင့်ရှိရမယ်လို့ပြောထားတယ်။     သည်အကျိုးဆက်ကို ကျွန်တော်မခံစားရဘူး။ အံ့ဩစရာကောင်းတယ်။တစ်ဖက် သတ်ပြောဆိုချက်နဲ့ အမှုရဲ့အခြေခံကိုမစုံစမ်းဘဲနဲ့ရပ်ဆိုင်းလိုက်ခြင်းဖြင့် ကျွန်တော့် အတွက် မနစ်နာသော်လည်း တိုင်းပြည်အတွက် နစ်နာတယ်လို့ယူဆတယ်၊ ဘာ လို့လဲဆိုတော့ ကျွန်တော် တိုင်းပြည်အတွက်ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်သိတယ်လို့ ပြောလိုက်တဲ့ သူ့အသံကပိုကျယ်လာပြီးတော့ ခံစားရတာတွေပေါ်လွင်စေပါတယ်။

ဝန်ထမ်းလောက

အစိုးရသစ်သက်တမ်းကာလ ရှစ်လအတွင်း ဝန်ကြီးတွေရဲ့ဆုံးဖြတ်ချက်၊ လုပ်ဆောင် ချက်တွေအတွက် အရင်အစိုးရလက်ထက်က တာဝန်ယူခဲ့တဲ့ညွှန်ချုပ်တွေ၊ အတွင်း ဝန်တွေရဲ့အခန်းကဏ္ဍကိုလည်း ဒေါက်တာ ထွန်းဝင်းက သူခံစားခဲ့ရပုံကိုပြောပြခဲ့ပါ တယ်။

ငါးလတာ တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း  ဝန်ကြီးနဲ့လုပ်ငန်းကိုင်ငန်းကစလို့   ဝေးကွာသထက် ဝေးကွာအောင်ဝိုင်းပယ်တဲ့သဘောမျိုးတွေ ကြုံတွေ့ခဲ့ရတယ်။ ဒု ဝန်ကြီးဆိုတဲ့ နေရာကိုကညှပ်တဲ့နေရာဖြစ်တာကြောင့် ကြိုးစားလုပ်လုပ်၊ နွားတစ်ကောင် နဲ့သားအဖနှစ်ယောက်လို ဘယ်လိုမှကိုအပြစ်မလွတ်နိုင်တဲ့နေရာ ဖြစ်နေတယ်လို့    ဒေါက်တာထွန်းဝင်းက  ရယ်ရယ်မောမော ပြောပြခဲ့တယ်။

ဘေးကျပ်နံကျပ်နဲ့ တစ်ခုမဟုတ် တစ်ခုမလုပ်ပြန်ရင်လည်းမလုပ်လို့၊ လုပ်ပြန်ရင်လည်း  အခုလိုမျိုးလုပ်တဲ့အတွက် အကာအကွယ်တွေ၊ အတားအဆီးတွေ၊ အပိတ်အဆို့တွေရှိနေခဲ့တာဖြစ်ပါတယ်။

‘ဆက်သွားမယ်ဆိုရင်တော့ လူတွေက အကြောက်တရားခေတ်ကို ပြန်ရောက်သွားမယ်၊   အမှန်တရားလုပ်တဲ့သူက တစ်ခါတည်း လမ်းဘေးရောက်သွားပြီးတော့ ဒီအမှန်တရားကို   မကြိုက်တဲ့ တကယ်တော့ သံသယရှိတဲ့ သူနှစ်စားရှိတယ်၊ အရင်အစိုးရရဲ့အုပ်ချုပ်ရေး မှာပါခဲ့သူတွေပေါ့၊ ဒီလူတွေသည် ဒီကိစ္စမှာလဲပါဝင်ခွင့်ရှိနေတယ်၊ ကျွန်တော်က အမှန် တရားလုပ်မယ့်သူဆိုတော့ ဝန်ကြီးအနားမှာ သူတို့ကထိတွေ့ပြီးတော့ ကျွန်တော်နဲ့ဝေး သထက်ဝေးအောင် လုပ်နေတယ်၊ ဒါတွေလုပ်နေတာ အထင်အရှားပဲလေလို့ ဒေါက်တာ ထွန်းဝင်းက သုံးသပ်လိုက်ပါတယ်။

လူထုပါတီဆိုတော့ လူထုတွေကနေ လက်သန်းလေးနဲ့ရွေးထားတာဖြစ်တော့ တန်ဖိုး ထားဆဲဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ ကျွန်တော်ကတော့ ငှက်တစ်ကောင်လွှတ်လိုက်သလို ခံစားရတယ်ဗျလို့ သူ့ရဲ့ခံစားချက်ကို ရယ်မောကာ ပြောလိုက်ပါတယ်။

Author – ချိုဇင်မာဝင့်

No comments:

Post a Comment