Thursday, November 24, 2016

သစ်သီးကုန်စည်ဒိုင်များ ဈေးကွက်ပြောင်းရွှေ့ ရောင်းချနေရသော်လည်း ဝယ်လက်များကာ ဈေးကောင်းရရှိနေဟုဆို

 ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် ၁ဝ၅မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းမှ သစ်သီးကုန်သည်ဒိုင်များ အနေဖြင့် မူဆယ် နယ်စပ်အခြေအနေများကြောင့် တရုတ်နိုင်ငံ ဝမ်တိန်နှင့် ကြယ်ဂေါင်ဒေသများသို့ သွား ရောက်ရောင်းဝယ်နေရသော်လည်း ဝယ်လက်ပေါ၍ အရောင်းအဝယ်ဖြစ်ထွန်းကာ ဈေးကောင်းလည်း ရရှိနေကြောင်း မူဆယ်အ ခြေစိုက် သစ်သီးပွဲရုံများထံမှ သိရသည်။ ယခုလ ၂ဝ ရက်က စတင်ဖြစ်ပွားခဲ့သော တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မ တော်အကြား တိုက်ပွဲများကြောင့် မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းရှိ သစ်သီးအရောင်းအဝယ်များ ရပ်ဆိုင်းခဲ့ရပြီး တရုတ်နိုင်ငံ ဝမ်တိန်ဒေသသို့ ဆန်ကျော့လမ်း မှတစ်ဆင့် ဝင်ရောက်ကာ အရောင်းအဝယ် ပြုလုပ်ခဲ့ရကြောင်း သိရသည်။


ခွာညိုသစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင် က ''မနေ့က ကုန်စည်ဒိုင်တွေ ညှိနှိုင်းပြီးတော့ မူဆယ်မှာ ပိတ်မိနေတဲ့ ဖရဲ၊ သခွားတွေကို ဆန်ကျော့လမ်းကနေတစ်ဆင့် ဝမ်တိန်မှာ သွားရောင်းတယ်။ ဒါပေမဲ့ ဝမ်တိန်ကလည်း လုံခြုံရေးအခြေအနေ စိတ်မချရတဲ့အတွက် အခုဆိုရင် ကြယ်ဂေါင်ဘက်ကို ရွှေ့ပြောင်း ရောင်းချနေကြပါတယ်။ မူဆယ်ဈေးကွက် မှာ ပြန်ရောင်းနိုင်ဖို့က သေချာပြောလို့မရ သေးတော့ သီတင်းတစ်ပတ်လောက် ဒီမှာပဲ ဆက်ရောင်းရမယ့် အနေအထားပါ။ နေရာ ရွှေ့ပြောင်းရောင်းနေရပေမယ့် အရောင်းအ ဝယ် ကောင်းနေပါတယ်။ ဈေးကောင်းလဲ ရတယ်''ဟု ပြောသည်။

ကြယ်ဂေါင်သို့ တစ်ရက်လျှင် ဖရဲသီး ကားအစီးရေ ၁ဝဝ ကျော်၊ သခွားမွှေးကား အစီး ရေ ၄ဝ ခန့် ဝင်ရောက်ရောင်းချနေပြီး ဝမ်တိန်၊ ကြယ်ဂေါင်ဈေးကွက်အတွင်း ဖရဲ သီးအရည်အသွေးညံ့ပါက တစ်တန်လျှင် တရုတ်ငွေ ယွမ် ၂ဝဝဝ အောက်၊ ဖရဲသီး (အကြားသီး) တစ်တန်လျှင် တရုတ်ငွေယွမ် ၂၅ဝဝမှ ၃၃ဝဝ အထိ၊ ဖရဲသီး (ဂျပ်ဖာသီး) တစ်တန်လျှင် တရုတ်ငွေ ယွမ် ၃ဝဝဝမှ ၄ဝဝဝ အထိ ရရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ဈေး နှုန်းထက်ဝက်နီးပါး မြင့်တက်ရရှိနေကြောင်း သိရသည်။

သခွားမွှေးများမှာလည်း ရွှေသခွားမှာ  တစ်တန်လျှင် တရုတ်ငွေ ယွမ် ၂ဝဝဝမှ ၃၅ဝဝအထိ ဈေးရနေပြီး ဖရဲသခွားမှာ တစ် တန်လျှင် တရုတ်ငွေ ယွမ် ၂၅ဝဝ မှ ၃၅ဝဝ အထိ ဈေးနှုန်းအသီးသီးရှိကြောင်း သိရ သည်။ (တရုတ်ငွေဈေးမှာ တစ်ယွမ်လျှင် မြန်မာငွေ ၁၈၈ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။)

''ကြယ်ဂေါင်ဘက်ကိုသွားပြီး အရောင်း အဝယ်လုပ်ကြတာက အရေးပေါ်အခြေအ နေကြောင့်ပါ။ သစ်သီးတွေဆိုတော့ ပုပ်သွား နိုင်တာကြောင့် အခုလိုမျိုးစီစဉ်လိုက်တာ။ မူဆယ် ၁ဝ၅ မိုင်ဘက်ကတော့ နယ်မြေတည် ငြိမ်အေးချမ်းမှုရမှ ဈေးကွက်က ပုံမှန်အတိုင်း ပြန်ဖြစ်လာမယ်။ သူတို့ဘက်မှာ ကုန်အဝင် နည်းတော့ ဝယ်လက်များပြီး ဈေးကောင်းရ နေတယ်။ ကုန်သယ်ယူရေးကတော့ အခက် အခဲရှိတာပေါ့''ဟု မူဆယ် ၁ဝ၅ မိုင်နယ်စပ် ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံ ကုန်စည်ဒိုင်၊ ဥက္ကဋ္ဌ ဦးစိုင်းမောင်ညွန့်က ဆိုသည်။ ဖြူသစ်လွင်

No comments:

Post a Comment