Wednesday, November 23, 2016

အဓမ္မကျင့်ခံရသူ တစ်ယောက်အတွက် လိုအပ်ချက်များ

၁။ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းဆိုတာ ဘာလဲ
Sexual assault is defined as any type of unwanted physical violence or contact that is of a sexual nature.
လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းဆိုတာ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး အလိုမတူဘဲ ကိုင်တွယ်ခြင်း၊ အကြမ်းဖက်ခြင်းကိုခေါ်တာ ဖြစ်ပါတယ်။ အသက်ငယ်ရွယ်တဲ့ ကလေးတွေဆိုရင်တော့ အလိုတူခြင်း၊ မတူခြင်းကို စဉ်းစားစရာမလိုဘဲ ထိုးသွင်းမှုရှိတယ်ဆိုတာနဲ့ အဓမ္မပြုကျင့်မှုအဖြစ် သတ်မှတ်လို့ရပါတယ်။ အသက်အရွယ်မရွေး၊ ကျားမမရွေး ကြုံတွေ့ရနိုင်တဲ့ကိစ္စပါ။ ဒီဆောင်းပါးမှာတော့ မိန်းကလေးအတွက် ဦးစားပေးရေးသွားမှာ ဖြစ်ပါတယ်။
၂။ အဓမ္မပြုကျင့်မှုတွေ ဘာကြောင့်ဖြစ်ရသလဲ။ အဓိကအကြောင်းရင်း သုံးခု ရှိပါတယ်။
၁။ ကျားမခွဲခြားဆက်ဆံခြင်း
၂။ ပါဝါအလွဲသုံးစားလုပ်ခြင်း
၃။ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း တို့ဖြစ်ပါတယ်။



ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းမှာက ယောက်ျားလေးဆို မိန်းကလေးထက် ပိုဦးစားပေးကြတယ်။ မိန်းကလေးဆို အားနွဲ့တယ်လို့မြင်တယ်။ ဒီတော့စိတ်ကောင်းဝင်နေချိန်မှာ ညှာတာစရာဖြစ်နေပေမယ့် အမှောင်ထဲရောက်တဲ့အခါ၊ တစ်ယောက်တည်းဖြစ်နေတဲ့အခါမျိုးမှာကျ မိန်းကလေးကို အနိုင်ကျင့်စရာလို့ ပြောင်းလဲရှုမြင်သွားတယ်။ အမှုတစ်ခုဖြစ်လာရင်လည်း မိန်းမတွေက ဒီလိုဝတ်စားထားလို့၊ ညဘက်ကြီး အပြင်ထွက်လို့ဆိုတာမျိုး အပြစ်တင်တယ်။ Victim Blaming လုပ်တယ်။

ပါဝါဆိုတာက မျိုးစုံရှိနိုင်တယ်။ ဘယ်လိုမှလည်း အားလုံးတစ်ပြေးညီတူနေအောင် ထိန်းချုပ်လို့မရနိုင်ဘူး။ အဲဒီအခါ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားမကောင်းတဲ့အခါမှာ မထိန်းချုပ်နိုင်ဘူး။ ဒါဟာ ရှက်စရာလို့ မမြင်တော့ဘူး။ ကိုယ်ခန္ဓာဖွဲ့စည်းပုံ၊ ခွန်အားစသဖြင့် ပါဝါပိုကြီးနေတာကို တလွဲအသုံးချတော့တယ်။

နောက်ပြီး လူ့အခွင့်အရေးဆိုတာကို မနေ့တစ်နေ့ကမှ ပြောလို့ရလာတဲ့ တိုင်းပြည်ဖြစ်လေတော့ ကိုယ့်ကိုယ်ကိုယ်လည်း လူလို့မခံစားရဘူး။ သူများတွေကိုလည်း လူလို့မလေးစားပေးမိဘူး။ တစ်ယောက်ယောက်က ကိုယ့်အခွင့်အရေး ချိုးဖောက်လာရင်လည်း ခံနေမိတတ်သလို၊ သူတစ်ပါးအခွင့်အရေးကိုလည်း ထမင်းစားရေသောက်ရသလို လွယ်လွယ်နဲ့ ချိုးဖောက်ပစ်တတ်ကြတယ်။ ဒါတွေကြောင့် ဒီလိုအဓမ္မပြုကျင့်မှုတွေ ဖြစ်နေရတာ ဖြစ်ပါတယ်။

အဲဒီအဓိကကျတဲ့ အကြောင်းရင်းသုံးခုကို ဆင်းရဲမွဲတေခြင်း၊ အသိပညာအားနည်းခြင်း၊ လူနေမှုအဆင့်အတန်းနိမ့်ကျခြင်း၊ ပဋိပက္ခဖြစ်ပွားနေခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ အရက်သေစာနဲ့ မူးယစ်ဆေးများပေါများခြင်း စတဲ့အချက်တွေက ထပ်ဆင့်ပံ့ပိုးပေးပါတယ်။

ဒီအချက်တွေ များများစားစားရှိနေတဲ့ တိုင်းပြည်မှာ အဓမ္မပြုကျင့်မှုတွေလည်း မြောက်မြားစွာဖြစ်လေ့ရှိပါတယ်။ ဒါကြောင့်ဒီအမှုတွေ နည်းပါးသွားအောင် ကာကွယ်ချင်ရင် ခုပြောခဲ့တဲ့အချက်တွေ နည်းနိုင်သမျှ နည်းအောင် လုပ်ကြဖို့လိုပါတယ်။

၃။ အဓမ္မပြုကျင့်ခံရသူတစ်ယောက်မှာ ဘာလိုအပ်ချက်တွေရှိနိုင်သလဲ။

(က) ရုပ်ပိုင်းဆိုင်ရာ

(ခ) စိတ်ပိုင်းဆိုင်ရာ

(ဂ) လူမှုရေးပိုင်းဆိုင်ရာ

(ဃ) တရားဥပဒေနှင့် လုံခြုံရေးလိုအပ်ချက်များ ရှိနေနိုင်ပါတယ်။ တစ်ချက်ချင်းပြန်ရှင်းပါမယ်။

(က) ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ

အဓမ္မကျင့်ခံရတာဖြစ်တဲ့အတွက် လူခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရနေတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါတွေကိုကုသပေးရမယ်။ နောက်ပြီးလိုအပ်ရင် မေးခိုင်ကာကွယ်ဆေးထိုးပေးရမယ်။ အရေးကြီးဆုံးကတော့ လိင်ဆက်ဆံမှုရှိခဲ့ရင် အဲဒီရဲ့နောက်ဆက်တွဲ ပြဿ နာနှစ်ခုဖြစ်တဲ့ ကိုယ်ဝန်နှင့် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေမရအောင် ကာကွယ်ပေးဖို့ပါပဲ။ ဒီနေရာမှာ အချိန်အရေးကြီးလာပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးရင် အရေးပေါ်ကိုယ်ဝန်တားဆေးဆိုတာ သောက်ရပါတယ်။ ဆေးလုံးနှစ်လုံးပါပါတယ်။ တစ်ပြိုင်တည်းသောက်ရမှာဖြစ်ပြီး နှစ်နာရီအတွင်း အန်ထွက်ခဲ့ရင် ထပ်သောက်ရပါမယ်။ ဆရာဝန်ညွှန်မှမဟုတ်ဘဲ ကိုယ့်ဟာကိုယ်လည်း သောက်လို့ရပါတယ်။ လိင်ဆက်ဆံအပြီး ငါးရက်အတွင်းပဲ သောက်ဖို့တော့လိုပါတယ်။ စောစောသောက်လေ ပိုအာနိသင်ရှိလေပါပဲ။ HIV ပိုးမကူးစက်အောင် သောက်လို့ရတဲ့ဆေးကတော့ဖြစ်ပြီး သုံးရက်အတွင်း သောက်ရပါတယ်။ ဒါကတော့ လွယ်လွယ်ကူကူ မရနိုင်ပါဘူး။

စဉ်းစားကြည့်ပါ၊ မိန်းကလေးတစ်ယောက်ဟာ အဓမ္မပြုကျင့်မှုတစ်ခု ကြုံလိုက်ရပြီဆို အချိန်ဘယ်လောက်ကြာတဲ့အခါ ဖွင့်ပြောမယ်ထင်ပါသလဲ။ လုံးဝဖွင့်မပြောဘဲ ကိုယ်ဝန်ပေါ်လာမှပြောကြတယ်။ လအတော်ကြာမှ ပြောကြတယ်။ ဘာလို့ဆိုတော့ အပြစ်တင်ခံရမှာ ကြောက်တယ်။ လူသိမှာ၊ အရှက်ကွဲမှာ၊ မိဘတွေအရှက်ရမှာ ကြောက်တယ်။ ဒီအခါမှာ မလိုချင်ဘဲနဲ့ ကိုယ်ဝန်တွေရကြတယ်။ နောက်ပြီး အဓမ္မပြုကျင့်မှုတစ်ခု ကြုံရပြီဆိုပါတော့၊ လူတွေကလည်း ရဲတိုင်ဖို့၊ တရားခံမိဖို့ကို ပိုအားသန်ကြတယ်။ ဒီမိန်းကလေးမှာ ဘယ်လိုနောက်ဆက်တွဲ ပြဿနာ တွေကြုံရနိုင်တယ်၊ ဘာလုပ်ပေးဖို့လိုတယ်ဆိုတာမျိုး မတွေးမိတတ်ကြဘူး။ ဆရာဝန်တွေမှာလည်း ဒီလိုပဲ၊ သူ့ကိုဘယ်လိုပြုစု စောင့်ရှောက်ပေးရမလဲဆိုတာထက် ဒါဟာ အဓမ္မပြုကျင့်မှုမြောက်၊ မမြောက်ဆိုတာကို သတ်မှတ်ပေးနိုင်ဖို့ပဲ ဦးစားပေးမိတတ်ကြတယ်။

ဒါကြောင့် ဒီလိုရုပ်ပိုင်းဆိုင်ရာအရ ပြုစုစောင့်ရှောက်မှုပေးခြင်းဟာ ဆရာဝန်၊ ဆရာမတွေနဲ့လည်း သက်ဆိုင်သလို၊ လူထုနဲ့လည်း သက်ဆိုင်ပါတယ်။ မိန်းကလေးတွေ စောစောဖွင့်ပြောလာအောင် သူတို့ကိုယ်တိုင်က ဒီလိုဗဟုသုတရှိရမယ်။ မိဘနဲ့၊ မိသားစုနဲ့ပွင့်လင်းတဲ့ ဆက်ဆံရေးမျိုးရှိနေဖို့လိုတယ်။ ဘာအပြစ်မှလုပ်မထားတဲ့သမီးကြောင့် အရှက်ရတယ်ဆိုတာမျိုး၊ သတ်သေမယ်ဆိုတာမျိုး၊ ဒီမှာမနေ၀ံ့တော့လို့ ပြောင်းပြေးမယ်ဆိုတာမျိုးမလုပ်ဘဲ သမီးဖြစ်သူဘက်က ရပ်တည်ပေးကြဖို့လိုတယ်။ နောက်ပြီး အဓမ္မပြုကျင့်မှု တစ်ခုဖြစ်လာတိုင်းခံရသူကို အပြစ်တင်တဲ့အလေ့အထ၊ ညှိနှိုင်းလိုက်ရင်ပြီးတာပဲ။ အကျယ်အကျယ်လုပ်နေတယ်ဆိုတဲ့ အလေ့အထ၊ ဒီလိုအဖြစ်ဆိုးမျိုး ကြုံတွေ့လိုက်ရသူကို အထင်သေးတဲ့ အလေ့အထ၊ ကာလသားတွေက ဒီကောင်မလေး အပျိုမဟုတ်တော့ပါဘူးဆိုပြီး ရိသဲ့သဲ့လုပ်တဲ့ အလေ့အထ၊ ဒါတွေကို ရပ်တန့်ပေးကြဖို့လည်း လိုပါတယ်။

(ခ) စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ

အားငယ်နေမယ်၊ မြင်မြင်သမျှ ကြောက်ရွံ့နေမယ်၊ စိတ်ဓာတ်ကျနေမယ်၊ တုန်လှုပ်နေမယ်၊ တချို့လည်း ဒေါသထွက်နေမယ်၊ လက်စားချေဖို့ စိတ်ကူးနေမယ်၊ မျိုးစုံဖြစ်နိုင်ပါတယ်။ ဒါတွေ ပုံမှန်ပြန်ဖြစ်ဖို့ဆိုတာကလည်း အချိန်ယူရပါတယ်။ စိတ်ရှည်ရပါတယ်။ မိသားစုကလည်း ဖေးမပေးရမယ်။ အမှန်တော့ ဒါဟာလျှို့ဝှက်ထားရမယ့် ကိစ္စဆိုပေမယ့် ရွာတွေမှာက သတင်းပျံ့လွယ်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ကလည်း ဒီမိန်းကလေးကို လေးလေးစားစား ဆက်ဆံပေးဖို့၊ ဖေးမပေးကြဖို့ သိပ်အရေးကြီးပါတယ်။ နောက်ပြီး ကျန်းမာရေးဝန်ဆောင်မှုပေးသူတွေ အနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ လုပ်ပေးနိုင်ဖို့လိုပါတယ်။

(ဂ) လူမှုရေးပိုင်းဆိုင်ရာ လိုအပ်ချက်များ

များသောအားဖြင့် အဓမ္မပြုကျင့်မှုတွေဟာ ထိလွယ်ခိုက်လွယ်တဲ့ လူအုပ်စုတွေ (Vulnerable group) မှာပိုအဖြစ်များပါတယ်။ ဆင်းရဲတယ်။ ပညာမတတ်ဘူး။ လူနေမှုအဆင့်အတန်း နိမ့်ကျတယ်။ ပဋိပက္ခတွေဖြစ်ပြီး Social instability ဖြစ်နေမယ်။ အခြေအနေတွေ ပျက်ယွင်းနေမယ်။ ဒီလိုအနေအထားတွေမှာ ပိုပြီးအဖြစ်လွယ်ပါတယ်။ ဒါကြောင့် အဓမ္မပြုကျင့်ခံလိုက်ရပြီး ဒီလိုအနေအထားမှာပဲ ဆက်ထားဦးမယ်ဆိုရင် သေချာသလောက်ရှိတာက ဒါမျိုးထပ်ဖြစ်ဦးမှာပါပဲ။ ဒါကြောင့် သူ့ကိုလုံခြုံစိတ်ချရတဲ့ အမျိုးသမီးဂေဟာတစ်ခုခုဆီ ပို့ပေးတာမျိုး၊ မိသားစုဝင် တစ်ယောက်ယောက်က လက်ခံစောင့်ရှောက်ပေးတာမျိုး လိုအပ်ရင် လုပ်ပေးဖို့လိုပါတယ်။

(ဃ) တရားဥပဒေနှင့် လုံခြုံရေးလိုအပ်ချက်များ

တရားဥပဒေဆိုတာ ကြောက်စရာမဟုတ်ပါဘူး၊ လူတွေကို ကာကွယ်ပေးဖို့ပါတဲ့။ ပြစ်မှုတစ်ခုကျူးလွန်ပြီဆိုတာ သေချာတာနဲ့ အဲဒါနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်မျိုးကို ထိထိရောက်ရောက်ပေးနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း ပြည်သူ့ဘ၀တွေလုံခြုံမှာ ဖြစ်ပါတယ်။ နောက်ပြီးထောင်ကျသွားတဲ့ တရားခံကလွတ်လာတဲ့အခါ ကာယကံရှင်ကို ရန်ပြန်ရှာတာမျိုး၊ အသက်အန္တရာယ် ခြိမ်းခြောက်တာမျိုးတွေ ရှိလာခဲ့ရင်လည်း ကျေးရွာ၊ မြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့ ရဲတပ်ဖွဲ့ကနေ လုံခြုံရေးပိုင်းဆိုင်ရာ ကာကွယ်မှုတွေ လုပ်ပေးနိုင်ဖို့လိုပါတယ်။

၎။ ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ။

ဒီလိုအမှုအခင်းတွေ လျော့နည်းပပျောက်သွားဖို့၊ ဖြစ်လာခဲ့ရင်လည်း ကိုယ်ဝန်ရသွားတာ၊ ရောဂါပိုးတွေကူးစက်ခံလိုက်ရတာ၊ စိတ်ဓာတ်တွေကျပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ စတဲ့ နောက်ဆက်တွဲပြဿနာတွေ နည်းသွားဖို့ဆိုရင် ကျားမခွဲခြားဆက်ဆံနေတဲ့ အမြင်တွေ၊ လူ့အခွင့်အရေးကို မလေးစားတာတွေကို ပြင်နိုင်ဖို့လိုပါတယ်။ မိန်းကလေးတွေကိုယ်တိုင်မှာ ဒီလိုအသိပညာတွေ ရှိဖို့လိုတယ်။ မိသားစုနဲ့ပတ်ဝန်းကျင်ကလည်း ဖေးမပေးဖို့၊ အပြစ်မတင်ဖို့လိုတယ်။ ကျန်းမာရေးဝန်ထမ်းတွေကလည်း ထိရောက်တဲ့ပြုစု စောင့်ရှောက်မှုတွေ လုပ်ပေးနိုင်ဖို့လိုတယ်။

အစိုးရပိုင်းအနေနဲ့တော့ လိုအပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းဖို့၊ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေကလည်း တကယ်အသက်ဝင်နေဖို့၊ စိုးမိုးနေဖို့ လုပ်ပေးရပါမယ်။ ပြည်သူပြည်သားတွေကို လုံလောက်တဲ့ အကာအကွယ်တွေ ပေးနိုင်ဖို့လိုပါတယ်။ ဒီလိုအမှုအခင်းတွေဟာ ထိလွယ်ခိုက်လွယ်တဲ့ လူအုပ်စုမှာ ပိုအဖြစ်များကြောင်း ပြောခဲ့ပြီးပါပြီ။ ဒါကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိအောင် လုပ်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ လူနေမှုအဆင့်အတန်းတွေ နိမ့်ကျနေရင်၊ အလုပ်လက်မဲ့တွေဖြစ်နေရင်၊ အသိပညာတွေ အားနည်းနေရင်၊ အရက်နဲ့မူးယစ်ဆေးဝါးက ပြည်သူတွေရဲ့ အဓိကစိတ်ထွက်ပေါက်ဖြစ်နေရင်၊ ဒါမျိုးအမှုအခင်းတွေ ဆက်ဖြစ်နေဦးမှာပါပဲ။ ဒါကြောင့် ပြည်သူတွေအတွက် တရားဥပဒေစိုးမိုးခြင်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်းဆိုတဲ့ အကာအကွယ်မျိုးတွေ ပေးနိုင်ဖို့လိုပါတယ်။
Writer:
ဒေါက်တာဖြိုးသီဟ

No comments:

Post a Comment