Tuesday, November 29, 2016

အသေးစားပေါက်ကွဲမှုများက အများပြည်သူရဲ့ လုံခြုံရေးကို ခြောက်လှန့်နေပြီလား

လူနေမှုထူထပ်သည့် စီးပွားရေးမြို့တော်ရန်ကုန်မှာ မကြာသေးမီကာလအတွင်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေသော အသေးစားပေါက်ကွဲမှုတွေကြောင့် အများပြည်သူက လုံခြုံရေးအတွက် စိုးရိမ်မှုများဖြစ်ပေါ်လျက် ရှိပါတယ်။ ယင်းပေါက်ကွဲမှုများမှာ လူစည်ကားရာ ကုန်တိုက်အချို့အပါအ၀င် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အုပ်ချုပ်ရေးဌာနဆိုင်ရာရုံးများတွင် အများစုဖြစ်ပေါ်ခဲ့ခြင်းကြောင့် တိုင်းအစိုးရအဖွဲ့၏ လုံခြုံရေးဆောင်ရွက်မှုများအပေါ် မေးခွန်းထုတ်စရာ ဖြစ်ပေါ်နေတယ်။ နိုဝင်ဘာလ လ၀က်အတွင်းမှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အသေးစားပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၇ ရက်မှာ မရမ်းကုန်းမြို့နယ် Ocean Center မြေညီထပ်ရှိ အများသုံး အမျိုးသားအိမ်သာအခန်းအတွင်း သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက ပလတ်စတစ်အမှိုက်ပုံးကို နေရာရွှေ့စဉ် အမှိုက်ပုံးအတွင်းမှ အသေးစားပေါက်ကွဲသံထွက်ပေါ်ပြီး မီးတောက်များ ဖြစ်ပေါ်ခဲ့ပါတယ်။ အလားတူ နိုဝင်ဘာ ၂၀ ရက်တွင် ဒေါပုံမြို့နယ် Capital Hypermarket ပထမထပ်ရှိ ပလတ်စတစ်ပစ္စည်း အရောင်းခန်းမ၌တစ်ကြိမ်၊ မြေညီထပ် မုန့်အရောင်းခန်းမအတွင်း နှစ်ကြိမ် အသီးသီး အသေးစားပေါက်ကွဲမှုတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။



ထိုသို့ လူစည်ကားရာနေရာတွေမှာ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် အစိုးရအဖွဲ့ရုံးများနှင့် ဌာနဆိုင်ရာရုံးများတွင်လည်း အသေးစားပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၄ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၆၄ ရပ်ကွက်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး ပထမထပ်ရှိ သန့်စင်ခန်းအတွင်း၌ လည်းကောင်း၊ သန့်စင်ခန်းအပြင်ဘက်ရှိ အမှိုက်ပုံးတွင်လည်းကောင်း စုစုပေါင်း ငါးကြိမ်အထိ ပေါက်ကွဲခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယင်းဖြစ်စဉ်အပြီး နိုဝင်ဘာ ၂၅ ရက် ညပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၏ လုံခြုံရေးအတင်းကျပ်ဆုံး နေရာတစ်ခုဖြစ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ထိုသို့ပေါက်ကွဲမှုမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့သွားသည့် စင်္ကြန်လမ်းရှိ အများသုံးအိမ်သာရှေ့ လူဝင်မှုကြီးကြပ်ရေးရုံး ၀င်ပေါက်အနီး အပေါ်ထပ်မှအောက်ထပ်သို့ သွယ်တန်းထားတဲ့ ရေပိုက်ကြားမှာ တစ်ကြိမ်၊ ပေါက်ကွဲခဲ့သည့်နေရာနှင့် ၁၀ ပေခန့်အကွာရှိ ရေပိုက်ကြားတွင် တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ပေါက်ကွဲခဲ့ပါတယ်။

အဆိုပါ အသေးစားပေါက်ကွဲမှုများမှာ M-150 အချိုရည်ပုလင်းများမှတစ်ဆင့် ကျူးလွန်သူများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါတယ်။ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း၏ စစ်ဆေးချက်အရ M-150 ပုလင်းထဲ ဒီဇယ်ထည့်ပြီး ပလတ်စတစ်ကျု့ထဲသို့ ဆာလဖြူရစ်အက်ဆစ်ပြင်းထည့်ကာ မီးခြစ်ဆံယမ်းကို ပလတ်စတစ်နှင့် ကပ်ချည်ထားပါတယ်။ ထို့နောက် အက်စစ်ထည့်သည့်ကျု့ကို အပေါက်ဖောက်ထား၍ အက်ဆစ်နှင့်မီးခြစ်ဆံယမ်း ဓာတ်ပြုပြီး ဒီဇယ်ထဲကျသည့်အခါ ပြင်းအားနည်းတဲ့ သာမန်ပေါက်ကွဲဖြစ်ပေါ်တတ်ကြောင်း သိရပါတယ်။

အသေးစားပေါက်ကွဲမှုဖြစ်စဉ်များတွင်မူ ထိခိုက်ဒဏ်ရာရသူများမရှိခဲ့ဘဲ ကျုးလွန်သူများအား ပေါက်ကွဲစေတက်သောဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

ပေါက်ကွဲမှုပြုလုပ်သူများကို ဖမ်းမိပြီဟုဆို

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ အသေးစားပေါက်ကွဲမှု ကျူးလွန်သူအချို့အား နိုဝင်ဘာ ၂၆ ရက်တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရခဲ့သော်လည်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးနှင့် အစိုးရအဖွဲ့မှ သတင်းအတည်ပြု ထုတ်ပြန်မှုများမရှိခဲ့ပေ။ ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်းသိရှိချက်အရ ဖြစ်စဉ်နှင့်သက်ဆိုင်သည့် လူသုံးဦးထက်မနည်းကို ဖမ်းဆီးရမိခဲ့ပြီး ယင်းအနက် အမျိုးသမီးနှစ်ဦး ပါဝင်ကြောင်းသိရပါတယ်။ ၎င်းတို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ယခင်ပေါက်ကွဲမှုဖြစ်စဉ်များနှင့် ဆက်စပ်မှုရှိမရှိ မေးမြန်းစစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

“သတင်းတော့မ၀င်သေးဘူး။ ကြားရသလောက်တော့ သုံးဦးကို တိုင်းအစိုးရအဖွဲ့ရုံးမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာအတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအချို့နှင့် အခြားမှုခင်းဖြစ်စဉ်များ

ပေါက်ကွဲမှု ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့တဲ့ ယခုနှစ် နိုဝင်ဘာအတွင်းမှာ အခြားမှုခင်းဖြစ်စဉ်များကလည်း အများပြည်သူအတွက် ထိတ်လန့်စိုးရိမ်စရာ ကောင်းခဲ့ပါတယ်။ မိမိနေထိုင်ရာ တိုက်ခန်းအတွင်း ဗြိတိန်နိုင်ငံသားတစ်ဦး အသတ်ခံရမှုအပါအ၀င် စကားပြန်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးမှာ လက်ပြန်ကြိုးတုပ်၍ အသတ်ခံရတဲ့ မှုခင်းဖြစ်ပွားခဲ့ပါတယ်။ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့လယ်ဖြစ်သည့် ကျောက်တံတားမြို့နယ်၊ (၈) ရပ်ကွက်၊ ၃၉ လမ်း အလယ်ဘလောက်ရှိ ပထမထပ် တိုက်ခန်းတစ်ခန်းတွင် ကျောင်းဆရာအဖြစ် အလုပ်လုပ်ကိုင်သူ ဗြိတိန်နိုင်ငံသားတစ်ဦး ပါးစပ်သွေးလျှံ၊ မျက်နှာဖူးရောင်၊ ရင်ဘတ်ညိုမည်း ဖူးရောင်ဒဏ်ရာများရရှိ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ အလားတူ ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန်အိမ်ရာရှိ နေအိမ်တိုက်ခန်း တစ်ခုအတွင်း၌ စကားပြန်အလုပ်လုပ်ကိုင်သည့် အမျိုးသားတစ်ဦးမှာ လက်ပြန်ကြိုးတုပ်ခံထားရပြီး လည်ပင်းမှာလည်း ပုဆိုးဖြင့်တင်းကျပ်စွာ ချည်နှောင်ခံထားရကာ မျက်နှာညိုမည်း၊ နှုတ်ခမ်းဖူးရောင် ဒဏ်ရာများရရှိ၍ ဆိုဖာခုံပေါ်တွင် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရတယ်။

ယင်းဖြစ်စဉ်မှ ကျူးလွန်သူများမှာ လွတ်မြောက်နေဆဲဖြစ်ပြီး အဆိုပါအခြေအနေများက ပြည်သူများကို ထိတ်လန့်စေခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်များအနေနဲ့ နယ်မြေစိုးမိုးမှုရှိရေး လိုအပ်နေသည်မှာ အမှန်ပင်ဖြစ်ပါတယ်။

ရန်ကုန်မြို့လုံခြုံရေးအတွက် ဘယ်လိုဆောင်ရွက်မှာလဲ

နိုင်ငံအတွင်းရှိ ရခိုင်ဒေသနှင့် ရှမ်းပြည်နယ် မူဆယ်တို့မှာဖြစ်ပေါ်လျက်ရှိတဲ့ တိုက်ပွဲဖြစ်စဉ်များကြောင့် ရန်ကုန်အပါအ၀င် တိုင်းဒေသကြီးအသီးရှိ မြို့တော်ဝင်ပေါက်များမှာ လုံခြုံရေးတင်းကျပ်စွာ စိစစ်စစ်ဆေးမှုတွေ လိုအပ်ပါတယ်။ မကြာသေးမီကာလအတွင်း အကြမ်းဖက်မှုအချို့ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ဒေသအချို့တွင် နေထိုင်သည့် ဘင်္ဂါလီလူမျိုးများမှာ ရန်ကုန်တိုင်းဒေသကြီးရှိ တာမွေမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့မှာ တရားမ၀င်လာရောက် နေထိုင်လျက်ရှိသည်ကို ရဲတပ်ဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့ပြီး မော်လမြိုင်တွင်လည်း အလားတူ ဖမ်းဆီးရမိမှုများရှိခဲ့ကြောင်း သိရပါတယ်။

ယင်းအခြေအနေမှာ ရန်ကုန်မြို့ဝင်ပေါက်ဂိတ်များတွင် သက်ဆိုင်ရာ၏ လုံခြုံရေးစိစစ်မှုလျော့နည်းနေသည်ကို ထောက်ပြနေမှုပင်ဖြစ်ပါတယ်။

“ပိုင်းလော့ပရောဂျက်က မပြီးသေးဘဲ ကိုယ့်နယ်မြေကိုယ် နိုင်အောင်တော့လုပ်နေကြတာပဲ။ ကိုယ့်နယ်မြေထဲမှာ မသင်္ကာတဲ့သူတွေ့ရင် စစ်ဆေးတယ်။ အခုရက်ပိုင်း အသေးစားပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ကိုယ့်နယ်မြေအလိုက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိကို တိုးမြှင့်ထားတယ်။ လုံခြုံရေးဆိုတာက အမျိုးအစားလေးမျိုးရှိတယ်။ အဲဒါတွေကိုချင့်ချိန်ပြီး ရဲတပ်ဖွဲ့က လုပ်ဆောင်နေပါတယ်”ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“အဓိကတာဝန်ရှိတာကတော့ ပြည်ထဲရေးပေါ့။ နောက်တစ်ခုကတော့ အစိုးရအဖွဲ့ပေါ့။ အစိုးရအဖွဲ့က စီမံခန့်ခွဲဖို့လည်း လိုအပ်တယ်။ ပြည်သူတွေအတွက် လုံခြုံ မှုမရှိရင် အစိုးရနာမည်ပျက်မှာလေ။ ဒီအပေါ်မှာအစိုးရက တင်းတင်းကြပ်ကြပ် စီမံခန့်ခွဲဖို့လိုအပ်တယ်။ အခုဖြစ်တာတွေ လူစည်ကားတဲ့နေရာတွေရယ် အစိုးရရုံးတွေရယ် ဖြစ်တယ်ဆိုတာက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုရှိနေတယ်လို့ အန်တီထင်မြင်တယ်။ အခုရန်ကုန်မှာ လုံခြုံရေးဆောင်ရွက်တာက အပေါ်ယံလောက်ပဲ လုပ်ဆောင်တာကို တွေ့ရတယ်။ ဥပမာရဲတွေက ကားတွေကိုစစ်တယ်။ ကားအားလုံးကို တန်းတူမစစ်ဘဲ ကားတွေကို ရွေးစစ်တယ်။ စစ်ရင်လည်း ကြည့်ရုံပဲစစ်တယ်။ မသင်္ကာတဲ့ကားမှ ရှာတာမျိုး မဖြစ်စေချင်ဘူး။ ကားတိုင်းကို သေချာစစ်ဖို့လိုအပ်တယ်။ အထူးသဖြင့် ရန်ကုန်အ၀င်ဂိတ်တွေမှာ နေ့ညမရွေး ရှာဖွေစစ်ဆေးတာမျိုးတွေတော့ လုပ်ဆောင်သင့်တယ်။ အင်အားမလောက်ငှတာကို သိရှိပေမဲ့ ဖြစ်ရင်တကယ်ထိခိုက်မှာက ပြည်သူတွေသာဖြစ်တဲ့အတွက် အစိုးရအဖွဲ့နဲ့ ပြည်ထဲရေးအနေနဲ့ လုံခြုံရေးကို အလေးထား ဆောင်ရွက်စေချင်ပါတယ်” ဟု ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီး ကွန်ရက်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်နော်အုန်းလှက သုံးသပ်ပြောကြားပါတယ်။

မလုံခြုံမှု သာဓကတွေရှိခဲ့တဲ့ ရန်ကုန်မြို့

ပြီးခဲ့တဲ့၂၀၁၃ ခုနှစ်အတွင်းက ရန်ကုန်မြို့လယ်ကောင်ဖြစ်တဲ့ ကျောက်တံတားမြို့နယ်ရှိ နာမည်ကြီး ဟိုတယ်တစ်ခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမေရိကန်နိုင်ငံသူ တစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။  ယင်းဖြစ်စဉ်နှင့်ဆက်စပ်လို့ အလုံမြို့နယ် စားသောက်ဆိုင်တစ်ခုမှာ အချိန်ကိုက်ဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့တယ်လို့  ရဲတပ်ဖွဲ့ထုတ်ပြန်ထားပါတယ်။ အလားတူပဲ သာကေတမြို့နယ်မှာ ပေါက်ကွဲမှု၊ မြို့နယ်အသီသီးမှာ ဗုံးလန့်မှုတွေနဲ့ အများပြည်သူဟာ လုံခြုံရေးအတွက် ထိတ်လန့်စိုးရိမ်မှုတွေကို ကာလအတန်ကြာအောင် ခံစားခဲ့ဖူးပါတယ်။ ကျူးလွန်သူ စောမြင့်လွင် (ခ) မောထကိုတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပါအ၀င် ထောင်ဒဏ် ၂၅ နှစ်ပါကျခံဖို့ အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ ဆိုလိုတာက အခုလတ်တလောဖြစ်ပွားခဲ့တဲ့ အသေးစားပေါက်ကွဲမှုများမှာ အစိုးရအဖွဲ့ရုံးနှင့် လူစည်ကားရာ အရပ်ဒေသများဖြစ်တဲ့အတွက် ကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပါက များစွာသောပျက်စီးဆုံးရှုံးမှုတွေကို အများပြည်သူရင်ဆိုင် တွေ့ကြုံရနိုင်ပါတယ်။ ထို့အတွက်ကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ယခုဖြစ်စဉ်တွေကို ပေါ့လျော့စွာမသတ်မှတ်သင့်ဘဲ အများပြည်သူ လုံခြုံရေးအတွက် ကောင်းမွန်တဲ့လုံခြုံရေး ဆောင်ရွက်မှုတွေ အရေးတကြီးလုပ်ဆောင်သင့်ကြောင်း တိုက်တွန်းအပ်ပါတယ်။ ထို့အတူ ရန်ကုန်မြို့အတွင်း လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည့် အခြေအနေများနဲ့ ဆက်စပ်တဲ့သတင်းတွေကို အများပြည်သူ သိရှိနားလည်စေရန် သတင်းအချက်အလက်များ ထုတ်ပြန်ပေးရန် လိုအပ်ပါတယ်။

“အများပြည်သူလုံခြုံရေးက အခုလိုဖြစ်မှမဟုတ်ပါဘူး။ အရင်ကတည်းက တင်းကျပ်ထားဖို့လိုတယ်။ အခုလို အသေးစားပေါက်ကွဲမှုဖြစ်ပြီဆိုတော့ အများပြည်သူ သွားလာလှုပ်ရှားမှုများတဲ့ နေရာအရပ်တွေမှာ လုံခြုံရေးတင်းကျပ်သင့်တယ်။ ရဲတပ်ဖွဲ့တွေ အဆင်သင့်ရှိနေဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ လုံခြုံရေးနဲ့ ဆက်စပ်မှုရှိတဲ့ သတင်းအချက်အလက်တွေကို နိုင်ငံပိုင်ရုပ်သံကနေတစ်ဆင့် အချိန်မီထုတ်ပြန်ပေးနိုင်ဖို့လည်း အရေးကြီးပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးနေလင်းအောင်က ပြောကြားပါတယ်။    
Writer:
ဝေလင်းအောင်

No comments:

Post a Comment