Monday, November 28, 2016

အလက်ပိုမြို့အရှေ့ပိုင်းမှ ထွက်ပြေးလာသူ အရပ်သားအရေအတွက် ၁ သောင်းနီးပါးအထိ ရှိလာပြီဖြစ်ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ပြောကြား

အလက်ပိုမြို့အရှေ့ဘက်ရှိ အစိုးရထိန်းချုပ်ထားသော ခရိုင်များနှင့် ကာ့ဒ်သူပုန်တို့ထိန်းချုပ်ထားသော ရှီခါ့မတ်ဆော့ ဒေသသို့ အရပ်သား တစ်သောင်းနီးပါးထွက်ပြေးလာခဲ့ကြကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုက တနင်္ဂနွေနေ့တွင် ပြောကြားသည်။ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က " စနေနေ့ညကနေ တနင်္ဂနွေနေ့အထိ အလက်ပိုမြို့အရှေ့ပိုင်းကနေ ထွက်ပြေးလာတဲ့အရပ်သားတွေဟာ တစ်သောင်းနီးပါးလောက်ရှိသွားပါပြီ၊ သူတို့ထဲက ခြောက်ထောင်လောက်ဟာ ရှီခါ့မတ်ဆော့ ဒေသပတ်ဝန်းကျင်ကို သွားခဲ့ကြပြီး ကျန်ရှိတဲ့သူတွေကတော့ အလက်ပိုမြို့က အစိုးရဒေသတွေဆီကို ထွက်ခွာသွားခဲ့ကြပါတယ်" ဟုဆိုသည်။
ဆီးရီးယားအစိုးရတပ်များသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အလက်ပိုမြို့အရှေ့ပိုင်းရှိ သူပုန်တို့ ထိန်းချုပ်ထားသော ခရိုင် ၆ ခုကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး အလက်ပိုမြို့ကို ပြန်လည်သိမ်းယူနိုင်မည့် တနင်္ဂနွေနေ့ ထိုးစစ်များကြောင့် အရပ်သား သောင်းနှင့်ချီ၍ ထွက်ပြေးနေရသည်ဟုသိရသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ စစ်ဆင်ရေး ၁၃ ရက်မြောက်နေ့တွင် ဆီးရီးယားအစိုးရတပ်များသည် ဂျာဘယ်လ် ဘာဒရာ၊ ဘာဒန်အန် အင်ဇာရက်၊ အယ်ဆာကန်၊ အယ်ရှာဘီ နှင့် အိန်အယ်တော့ ဒေသတို့ကိုြ့ပန်လည်သိမ်းယူနိုင်ခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ကပြောသည်။ အစိုးရတပ်များသည် လက်ရှိအချိန်တွင် အလက်ပိုမြို့မြောက်ပိုင်းဒေသအများစုကို ထိန်းချုပ်နိုင်ပြီဖြစ်သည်ဟုဆိုသည်။ ဒေသခံ နှစ်သိန်းခွဲခန့်သည်လည်း အစာရေဆာနှင့် လောင်စာစီပြတ်လပ်မှုဒဏ်ကို လပေါင်းများစွာကြာ ခံစားနေခဲ့ရပြီး ဖြစ်သည်။
Ref:AFP

No comments:

Post a Comment