Thursday, November 17, 2016

မယ်စကြာဝဠာ ပြိုင်ပွဲကို မနီလာတွင် ကျင်းပရန် ရွေးချယ်

လာမည့် မယ်စကြာဝဠာ ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာတွင် ကျင်းပပြုလုပ်သွားရန် အတည်ပြု ရွေးချယ်လိုက်သည်။ မယ်စကြာဝဠာ ပြိုင်ပွဲ ကျင်းပရေး အဖွဲ့အစည်းက ၂၀၁၆ ပြိုင်ပွဲကို ကျင်းပမည့် နေရာကို အတည်ပြု ဆုံးဖြတ်လိုက်ပြီဟု ကြေညာခဲ့သည်။ သို့သော် ပြိုင်ပွဲကို ၂၀၁၇ နှစ်ဆန်းပိုင်း၊ ဇန်နဝါရီမှ ပြုလုပ်မည် ဖြစ်သည်။ မယ်စကြာဝဠာ ပြိုင်ပွဲ ကျင်းပရေး အဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ ရှောင်မက္ကလိန်းက မနီလာ မြို့တော်ဝန်ဟောင်း ချာဗစ် ဆင်ဆန်ဦးဆောင်သော Organizerများနှင့် ပြိုင်ပွဲကျင်းပရေးကိစ္စ ညှိနှိုင်းမှု အဆင်ပြေ အောင်မြင်ခဲ့ပြီဟု ပြောကြားခဲ့သည်။ ဆင်ဆန်သည် မနီလာတွင် ပြိုင်ပွဲ အထမြောက်ရေးအတွက် ဒေါ်လာ ၁၁ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဟု ဆိုသည်။



“ကိုယ့်နိုင်ငံကို ဒီပြိုင်ပွဲ ပြန်ရောက်လာတဲ့အတွက် ကျေနပ်မိပါတယ်”ဟု ဆင်ဆန်က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်သည် ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ နိုင်ငံလည်းဖြစ်ပြီး ပြီးခဲ့သည့် ပြိုင်ပွဲတွင် ဖိလစ်ပိုင် အလှမယ် ပီယာ အလွန်ဇို ဝုဇ်ဘတ်ခ်ျက သရဖူ ဆောင်းထားသည်။ ဖိလစ်ပိုင်သည် မယ်စကြာဝဠာ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပထမဆုံး နိုင်ငံအနေဖြင့် ၁၉၇၄ တွင် မှတ်တမ်းဝင်ခဲ့ပြီး ၁၉၉၄ တွင်လည်း နောက်တစ်ကြိမ် လက်ခံကျင်းပဖူးသည်။

မယ်စကြာဝဠာ ပြိုင်ပွဲကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပြသရာ၌ တစ်ကမ္ဘာလုံးမှ လူပေါင်း သန်း ၅၀၀ မျှကို ဆွဲဆောင်နိုင်လေ့ရှိကြောင်းလည်း မက္ကလိန်းက ပြောကြားခဲ့သည်။

Ref: Reuters

No comments:

Post a Comment