Friday, November 18, 2016

ဟောင်ကောင်လွှတ်တော်အမတ် ၂ ဦးကို အရည်အချင်းမပြည့်မီဟု တရားရုံးဆုံးဖြတ်

လွတ်လပ်ရေးလိုလားတဲ့ လွှတ်တော်အမတ် ၂ ယောက်ကို ရုံးတက်ဖို့ အရည်အချင်း မပြည့်မီဘူးလို့ ဟောင်ကောင်တရားရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ယောင်ဝေချင်းနဲ့ အသက် ၃၀ အရွယ် လျန် ဘက်ဂီယိုတို့ ၂ ဦးဟာ အရင်လက လွှတ်တော်အမတ်အဖြစ် ကျမ်းကျိန်ဆိုရာမှာ ဟောင်ကောင်ဟာ တရုတ် မဟုတ်ဘူးလို့ ရေးထားတဲ့ စာတမ်းကို ခင်းကျင်းပြသကာ တရုတ်နိုင်ငံအတွက် ရည်ညွှန်းထားတဲ့စာသားကို အစားထိုး ကျမ်းကျိန်ခဲ့လို့ အငြင်းပွားစရာ ဖြစ်ခဲ့တာပါ။ သူတို့ကို လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်တက်ခွင့် မပေးခဲ့လို့ အရင်သီတင်းပတ်က လွှတ်တော်အစည်းအဝေးထဲကို အတင်းဝင်ရောက် နှောင့်ယှက်ခဲ့ကြပါသေးတယ်။



ဗြိတိသျှလက်အောက်ကနေ တရုတ်ပြည်မကြီးလက်အောက်ကို ပြန်လွှဲပေးခဲ့တဲ့ ဟောင်ကောင်ကို တရုတ်ရဲ့အစိတ်အပိုင်းအဖြစ် ဟောင်ကောင်လွှတ်တော်အမတ်တွေက ကျမ်းကျိန်ရမယ်လို့ တရုတ်အစိုးရက အမိန့်ထုတ်ထားပါတယ်။

တကယ်လို့ လွှတ်တော်အမတ်က ကျမ်းကျိန်တဲ့အချိန်မှာ မရိုးသားတဲ့ အမူအရာ ရှိနေခဲ့ရင် အရည်အသွေး မပြည့်မီပဲ နောက်တကြိမ် ကျမ်းကျိန်ဖို့ အခွင့်အရေး မပေးရဘူးလို့ သတ်မှတ်ထားပါတယ်။

တရားသူကြီးကတော့ တရုတ်လွှတ်တော်ရဲ့ အငြင်းပွားဖွယ် စွက်ဖက်မှုမရှိဘဲ ဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။

ယောင်ဝေချင်းနဲ့ လျန် ဘက်ဂီယိုတို့ ၂ ဦးကတော့ အယူခံဝင်၊ မဝင် မကြေညာသေးပါဘူး။

ယောင်ကတော့ တရုတ်အစိုးရက ဒီတရားရုံး ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးမှုရှိတယ်လို့ တရားရုံးအပြင်မှာ သတင်းထောက်တွေကို ပြောပြီး ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်ထားပြီးသားဖြစ်ကြောင်း ဆိုပါတယ်။

ဥပဒေပြုကောင်စီဥက္ကဋ္ဌ အန်ဒရူး လျောင်က တရားရုံးဆုံးဖြတ်ချက်ဟာ အနာဂတ်မှာ ကျမ်းကျိန်ရေးလုပ်ငန်းစဉ်အတွက် အကူအညီ ဖြစ်လာမယ်လို့ ပြောပါတယ်။

ဗြိတိသျှကိုလိုနီဖြစ်ခဲ့တဲ့ ဟောင်ကောင်ကျွန်းဟာ တရုတ်လက်အောက်ကို ၁၉၉၇ ခုနှစ်က ပြန်ရောက်ခဲ့တာပါ။

သီးခြားတရားရေးစနစ် အပါအဝင် ကျယ်ပြန့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေကို သေချာစေရေး တနိုင်ငံ စနစ် ၂ မျိုးနဲ့ အုပ်ချုပ်ဖို့ သဘောတူထားပါတယ်။

No comments:

Post a Comment