Saturday, November 19, 2016

ရှေးဟောင်း ဝတ္ထု ပစ္စည်းများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေ ကောက်နုတ်ချက်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာနသည် မြေပေါ်၊ မြေအောက်၊ ရေပေါ်၊ ရေအောက်တွင်ရှိသည့် ရှေးဟောင်း ဝတ္ထုပစ္စည်း များကို ရှာဖွေ၊ ဖော်ထုတ်၍ ရှေးဟောင်းသုတေသန ပြတိုက်များ၊ အမျိုးသားပြတိုက်များနှင့် ယဉ်ကျေးမှုပြတိုက်များတွင် အများပြည်သူတို့အား အသိပညာပေးသည့် အနေဖြင့် ခင်းကျင်း ပြသထားသည်။ ရှေးဟောင်းဝတ္ထု ပစ္စည်းဆိုသည်မှာ မြေပေါ် တွင်ဖြစ်စေ၊ မြေအောက်တွင် ဖြစ်စေ၊ ရေပေါ်တွင်ဖြစ်စေ၊ ရေအောက်တွင်ဖြစ်စေ နှစ်ပေါင်း ၁ဝဝ နှင့်အထက် သက်တမ်းရှိ သည့် ကျောက်ဖြစ်ရုပ်ကြွင်းများ အပါအဝင် လူသားတို့ ပြုလုပ်သုံးစွဲခဲ့သော အရာဝတ္ထု ပစ္စည်းများဖြစ်ပါသည်။ ယင်းပစ္စည်းများသည် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းဝတ္ထု ပစ္စည်း များဖြစ်သည်နှင့်အညီ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ လူ့ပယောဂကြောင့်ဖြစ်စေ ယို ယွင်းပျက်စီးပျောက်ဆုံးခြင်း မရှိစေရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းေ စာင့်ရှောက်လျက်ရှိပါသည်။
ယခုအခါ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရှေးဟောင်းဝတ္ထု ပစ္စည်းများကို ဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ နည်းမျိုးစုံဖြင့် တူးဖော်ခြင်း၊ ရှာဖွေခြင်း၊ ပြည်ပသို့သယ်ယူခြင်း၊ ပို့ဆောင်ခြင်း၊ ပြည်တွင်းတွင်တစ်နေရာမှ တစ်နေရာသို့သယ်ယူခြင်း၊ ပို့ဆောင်ခြင်း၊ တရားမဝင် ဝယ်ယူစုဆောင်းခြင်းနှင့် ခိုးယူခြင်းတို့ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းတူးဖော်ခြင်း၊ ရှာဖွေခြင်းကိုသော်လည်းကောင်း၊ ပြည်ပသို့သယ်ယူခြင်း၊ ပို့ဆောင်ခြင်းကိုသော်လည်းကောင်း၊ ပြည်တွင်းတွင် တစ်နေရာမှတစ်နေရာ သို့သယ်ယူခြင်း၊ ပို့ဆောင်ခြင်းကိုသော်လည်းကောင်း ဆောင်ရွက်လိုသူသည် ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ(က)အရ ဦးစီးဌာန သို့မဟုတ် ဦးစီးဌာနက လွှဲအပ် တာဝန်ပေးအပ်ခြင်းခံရသည့် ဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထား၍ ခွင့်ပြုချက် ရယူနိုင်ပါသည်။ ယင်းသို့ ဥပဒေနှင့်အညီ ခွင့်ပြုချက် လျှောက်ထားရယူခြင်း မရှိဘဲ ရှေးဟောင်းဝတ္ထုပစ္စည်းတူးဖော်ခြင်း၊ ရှာဖွေခြင်းကိုသော်လည်းကောင်း၊ ပြည်ပသို့သယ်ယူခြင်း၊ ပို့ဆောင်ခြင်း ကိုသော်လည်းကောင်း၊ ပြည်တွင်းတွင် တစ်နေရာမှ တစ်နေရာသို့ သယ်ယူခြင်း၊ ပို့ဆောင်ခြင်းကိုသော်လည်းကောင်း ဆောင်ရွက်လျှင် မည်သူမဆို ရှေးဟောင်းဝတ္ထု ပစ္စည်း များ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၅၊ ၁၆ နှင့် ၁၈ တို့အရ အရေးယူ အပြစ်ပေးခြင်း၊ သက်သေခံ ရှေးဟောင်းဝတ္ထုပစ္စည်းကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည်ဖြစ်သည်။ ထို့ပြင် ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲ ငယ်(၂)အရ ကင်းလွတ်ခွင့်ပြုထားသည့် ကိစ္စရပ်မှတစ်ပါး အခြားမည်သူ မဆို ရှေးဟောင်း ဝတ္ထုပစ္စည်းကို စီးပွားရေးအလို့ငှာ ရောင်းချရန် ရည်ရွယ်ချက်ဖြင့် စုဆောင်းခြင်း၊ လက်ဝယ် ထားရှိခြင်းကိုသော်လည်းကောင်း၊ ရောင်းချခြင်း သို့မဟုတ် ဝယ်ယူခြင်းကိုသော် လည်း ကောင်းပြုလျှင် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၇ အရ အရေးယူအပြစ်ပေးခြင်း၊ သက်သေခံရှေးဟောင်း ဝတ္ထုပစ္စည်းကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်း ဆည်းခြင်း ခံရမည်ဖြစ်သည်။ ရှေးဟောင်းဝတ္ထုပစ္စည်းကိုရှာဖွေခြင်း၊ တူးဖော်ခြင်းမပြုသည့်တိုင် ပိုင်ရှင် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူ မရှိသော ဝတ္ထုပစ္စည်းတစ်ခုခုကို တွေ့ရှိသူသည် အဆိုပါ ဝတ္ထုပစ္စည်းများမှာ ရှေးဟောင်းဝတ္ထုပစ္စည်းများ ဖြစ်ကြောင်းသိရှိလျှင် သို့မဟုတ် ယူဆ ရန်အကြောင်းရှိလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ ဆောလျင်စွာ သတင်းပို့ရန် ဥပဒေအရ တာဝန်ရှိပါသည်။ ယင်းသို့ သတင်းပို့ရန် ပျက်ကွက် လျှင် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၉ အရ အရေးယူ အပြစ်ပေးခြင်း ခံရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရှေးဟောင်းဝတ္ထုပစ္စည်းနှင့် စပ်လျဉ်း၍ ဖော်ပြပါ ကိစ္စရပ်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ သတင်းပို့ရန် ပျက်ကွက်ခြင်းတို့မှ ရှောင်ကြဉ်၍ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပေး နှိုးဆော်အပ်သည်။

No comments:

Post a Comment