Monday, November 21, 2016

ဂျိမ်းစ်ဘွန်းစတန့်မင်းသား ဟယ်လီကော်ပတာပေါ်မှ ခုန်ဆင်းသည့်စွန့်စားခန်း ရိုက်ကူးစဉ် သေဆုံး

Special Air Service (SAS) သူရဲကောင်းနဲ့ ဂျိမ်းစ်ဘွန်းစတန့်မင်းသားဖြစ်သူဟာ ဟယ်လီကော်ပတာပေါ်က ကြိုးဆိုင်းပြီး ခုန်ချတဲ့ စွန့်စားခန်း ရိုက်ကူးရင်း သေဆုံးခဲ့ပါတယ်။ စတိဗ်ထရူဂလီရာ (အသက် ၅၄ နှစ်) ဟာ တရုတ်နိုင်ငံထဲမှာ နိုဝင်ဘာ ၁၇ ရက်နေ့က  စွန့်စားခန်း သရုပ်ဆောင်မှုအတွင်း ပေ ၃၀၀ အမြင့်ကနေ ပြုတ်ကျခဲ့ပြီး သေဆုံးခဲ့တာပါ။ အဲဒီဒေသ အာဏာပိုင်တွေကတော့ အဖြစ်အပျက်အသေးစိတ်ကို သတင်းထုတ်ပြန်ဖို့ ငြင်းဆန်ခဲ့တယ်လို့ သည်ဆန်းသတင်းဌာနရဲ့ နိုဝင်ဘာ ၁၉ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ ဂျိမ်းစ်ဘွန်းရုပ်ရှင် Tomorrow Never Dies လို အောင်မြင်တဲ့ ရုပ်ရှင်ကားထဲမှာ ပါဝင်ခဲ့တဲ့ စတန့်မင်းသား စတိဗ်ဟာ ဟယ်လီကော်ပတာပေါ်မှာ ကြိုးဆိုင်း ခြေစုံကန်ပြီး ဆင်းဖို့ သရုပ်ဆောင်ရတာလို့ လုပ်ဖော်ကိုင်ဘက်တွေက ပြောခဲ့ပါတယ်။



ဒါပေမယ့် သူ ပြုတ်ကျမသေဆုံးခင် နာရီပိုင်းလေးမှာ ဆိုင်းထားတဲ့ကြိုးတွေက သူတို့ အလေးချိန်တွေကို ခံနိုင်ဖို့ သိပ်သေးလွန်းတယ်ဆိုပြီး သူ့ရဲ့ကြောက်ရွံ့မှုကို ထုတ်ဖော် ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ကင်းမြို့မှာလည်း ရာသီဥတု ဆိုးရွားနေခဲ့ပြီး သရုပ်ဆောင်ဖို့ အသုံးပြုမယ့် ကြိုးတွေကိုလည်း မိုးသည်းသည်းရွာချိန်မှာ တညလုံး အပြင်ဘက်မှာထားခဲ့လို့ ဒီလို အန္တရာယ်များတဲ့ကိစ္စမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြခဲ့တာပါ။

စတိဗ်နဲ့ စစ်တပ်မှာ လုပ်ဖော်ကိုင်ဘက်ဟောင်းလည်းဖြစ်၊ မိတ်ဆွေလည်းဖြစ်တဲ့ ဖီလ်က “ဘာဖြစ်လဲဆိုတာကို ကျနော်တို့ မသိရဘူး။ သူနဲ့အတူတူ အလုပ်လုပ်ခဲ့တဲ့ တရုတ်ကုမ္ပဏီကလည်း  အဖြစ်အပျက်အားလုံးကို မပြောပြဘူး” လို့ ပြောပါတယ်။

“အမှန်က နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဝူလောင်းအမျိုးသားပန်းခြံပေါ်ကို ခုန်ချမယ့် စွန့်စားခန်းရိုက်ဖို့ စီစဉ်ထားခဲ့တာ။ ဒါပေမယ့် မြူတွေအရမ်းဆိုင်းနေလို့ ဒီအစီအစဉ်ကို နိုဝင်ဘာလ ၁၇ ရက်ကို ရွှေ့လိုက်တာ။ ကျနော်တို့ပြောနိုင်တာ အားလုံးက သူ ပြုတ်ကျတယ် ဆိုတာပဲ။ ဒါပေမယ့် ဒါက ကျနော်တို့အတွက် ဘာမှ အဓိပ္ပာယ်မရှိဘူး။ ဘာလို့လဲဆိုတော့ စတိဗ်က စွန့်စားခန်းရိုက်ကူးတာကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ခဲ့တာ။ ဒါမျိုးတွေကို သူ အကြိမ်ကြိမ် လုပ်ဖူးတယ်” လို့ ဖီလ်က ဆက်ပြောခဲ့ပါတယ်။

စတန့်မင်းသား စတိဗ်ဟာ တောင်ကမ်းပါးထိပ်မှာ ကြိုးဆိုင်းပြီး ဆိုင်းထားတဲ့ကြိုး ၂ ချောင်းနဲ့ ကမ်းပါးယံကို ခြေစုံကန်ပြီး လျှောဆင်းရာမှာ ၁၀၀ မီတာအထက်အမြင့်ကို ၈ ဒသမ ၉ စက္ကန့်နဲ့ အမြန်ဆုံး လျှောဆင်းနိုင်သူအဖြစ် ၂၀၀၄ ခုနှစ်မှာ ဂင်းနက်စ် စံတော်ချိန် ကမ္ဘာ့မှတ်တမ်းဝင်ခဲ့ပြီး ဆုချီးမြှင့်ခံခဲ့ရပါတယ်။

တရုတ်နိုင်ငံ ချန်ကင်းမှာ ဝမ်းနည်းဖွယ် သေဆုံးခဲ့ရသူ ဗြိတိန်နိုင်ငံသား စတိဗ်ရဲ့ မိသားစုဝင်တွေကို ဘယ်လိုအကူအညီပေးရမလဲလို့ ကမ်းလှမ်းပြောဆိုထားကြောင်း၊ ဒီလို ခက်ခဲတဲ့အချိန်မှာ ကျနော်တို့တွေက သူတို့နဲ့အတူ စဉ်းစားနေပါတယ်လို့ နိုင်ငံခြားရေးရုံးက ပြောခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ သည်ဆန်း

No comments:

Post a Comment