Wednesday, November 23, 2016

မူဆယ်ခရိုင်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်မှု မထိခိုက်စေရေးအတွက် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်

မူဆယ် ခရိုင်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်မှု မထိခိုက်စေရေးအတွက် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ နိုဝင်ဘာ ၂ဝ ရက်က မူဆယ်ခရိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း) နှင့် ၁ဝ၅ မိုင်စီးပွားရေးဇုန်များတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ကုန်သွယ်ရေးစီးဆင်းမှုများ လုံးဝနီးပါး ရပ်တန့်သွားခဲ့ပြီး ယခုနိုဝင်ဘာ ၂၁ ရက်တွင် ပုံမှန်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးအပေါ် ထိခိုက်မှုမရှိစေရန် ဆောင်ရွက်သွားမည်ဟု စီးပွားရေး နှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။



ဦးရန်နိုင်ထွန်းက ''မနေ့က တော့ တိုက်ပွဲတွေကြောင့်ကုန်သွယ် ရေးရပ်သွားပေမယ့် ဒီနေ့ပြန်လည် ဆောင်ရွက်နိုင်ဖို့အတွက် လက်ရှိကုန်သွယ်ရေးဌာနက ဝန်ထမ်းတွေ ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်ထဲမှာ ရှိနေပါတယ်။ ကုန်စည်စီးဆင်းမှုတွေ အမြန်ဆုံးစတင်နိုင်မယ်ဆိုရင်တော့ နယ်စပ်ကုန်သွယ်ရေးကို ကြီးကြီးမားမား ထိခိုက်နိုင်မှာမဟုတ်ပါဘူး။ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ အားလုံးကိုလည်း ဒေသဆိုင်ရာအုပ်ချုပ် ရေးအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်ထားပါတယ်'' ဟု နိုဝင်ဘာလ ၂၁ ရက်က ဒီမိုက ရေစီတူဒေးသတင်းစာသို့ ပြောသည်။  မူဆယ်နယ်စပ်ကုန်သွယ်ရေးသည် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပမာဏအမေရိကန် ဒေါ်လာ ၅၃၇၇ ဒသမ ၈၇၇သန်း နှင့် လက်ရှိဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၅၄၉ ဒသမ ၁၆၆ သန်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းနီးပါးအား ကုန် သွယ်မှုပြုလျက်ရှိသည့် ပြည်တွင်း အကြီးဆုံးနယ်စပ်ကုန်သွယ်ရေး စခန်း ဖြစ်ကြောင်း သိရသည်။


မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံကုန်စည် ဒိုင်ဥက္ကဋ္ဌဦးစိုင်းမောင်ညွန့်က ''အခု ဝမ်တိန်ဘက်ကိုသွားပြီးတော့ အ ရောင်းအဝယ်လုပ်ကြတယ်ဆိုတာကတော့ အရေးပေါ်အခြေအနေ ကြောင့်ပါ။ သစ်သီးတွေကလည်းပုပ်သွားနိုင်တာကြောင့် အခုလိုမျိုးစီစဉ်တာပါ။ ကုန်သွယ်ရေးပုံမှန်ပြန်ဖြစ်ဖို့ကတော့ ဒီဘက်ကအခြေအနေအ ပေါ်မူတည်ပါတယ်။ မူဆယ် ၁ဝ၅ မိုင်ဘက်မှာကတော့ နယ်မြေတည် ငြိမ်အေးချမ်းမှု သာရတာနဲ့ တစ်ပြိုင်နက်တည်းဈေးကွက်က ပုံမှန်အတိုင်း ပြန်ဖြစ်လာမှာပါ။ အခုအချိန်က ဖရဲ၊ သခွားက အရောင်းအဝယ်တွေ  ကောင်းနေတဲ့အချိန်မှာ အခုလိုမျိုး ဖြစ်သွားတာဆိုတော့ သစ်သီးနဲ့ပတ် သက်တဲ့သူတွေ အားလုံးနစ်နာတာ ပေါ့''ဟုဆိုသည်။ လက်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံကုန်သည်များအနေဖြင့် သစ်သီးများအား အချိန်မီ ရောင်းချခြင်းမပြုနိုင်ပါက ဆုံးရှုံးမှုကြီးမားနိုင်သည့်အတွက် တရုတ်နိုင်ငံ ဘက်သို့သွားရောက် ရောင်းချနေခြင်းဖြစ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းသွားပါက ကုန်သွယ်ရေးလုပ်ငန်းများအား အမြန်ဆုံးပြန်လည်စတင်နိုင်ရန် ၁ဝ၅ မိုင် စီးပွားရေးဇုန်အတွင်းရှိ ကုန်သည်အသိုင်းအဝိုင်းမှ သိရ သည်။


မူဆယ်မြို့ဒေသခံကုန်သည် ဦးတင်ဝေက ''ဒီဘက် ၁ဝ၅ မိုင်မှာ တော့ အရောင်းအဝယ်အခြေအနေက မနက်ဖြန်လောက်ဆိုရင်တောင် ပြန်ပြီး အရောင်းအဝယ်လုပ်ကြမယ်လို့လည်းသိရတယ်။ စီးပွားရေးအခြေ အနေ အရဖြစ်နိုင်ရင် ဒီနေ့တောင် ရောင်းချင်နေကြတာ။ အဓိကကတော့ နယ်မြေအေးချမ်းသွားမယ်ဆိုရင် အ ရောင်းအဝယ်က ပုံမှန်အတိုင်းပြန်ဖြစ်ဖို့က မခဲယဉ်းပါဘူး''ဟု ပြောသည်။ နိုဝင်ဘာလ ၂ဝ ရက်က မူဆယ် ဘက်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်း နှင့် ကားများသွားလာမှုအား သောင်းကျန်းသူများဘက်မှ ထိန်းသိမ်းထားမှုကြောင့် ပြည်ထောင်စုလမ်းမကြီးတချို့တွင် ယာဉ်ကြောလမ်းကြော ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ရာ နံနက် ၉ နာရီခန့်မှစတင်ကာ လားရှိုးမြို့ရှောင်လမ်းရှိ အိုရီယမ်တယ်တိုးဂိတ်မှ မူဆယ်သို့တက်မည့် ယာဉ်ကြီး၊ ယာဉ်ငယ်များအား ယာယီတားမြစ်ထား သော်လည်း နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းအချိန်မှစတင်ကာ ခရီး သည်တင်ယာဉ်ငယ်များနှင့် ကုန်တင်ယာဉ်အချို့အား ပြန်လည်ခွင့်ပြု ပေးလျက်ရှိကြောင်း သိရသည်။


လားရှိုးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ မှရဲအုပ်စောဝင်းက ''မနေ့ကလုံခြုံ ရေးအရရော၊ ယာဉ်ကြောရှုပ်ထွေးမှုကြောင့် ယာယီတားမြစ်ထားတဲ့ ကားတွေကို အခုမနက်က ပြန်သွားဖို့ ခွင့်ပြုပေးခဲ့ပါပြီ။ ဒါပေမဲ့ သိန္နီတံတားက လည်း ဗုံးဖောက်ခွဲခံထား ရတော့တံတားရဲ့ကြံ့ခိုင်မှုအရ လော လောဆယ်တော့ ခရီးသည် ကားတွေရယ်၊ ကုန်တင်ကားဆိုလည်း ၃၅ တန် အထိပဲခွင့်ပြုသေးတယ်''ဟု ဆိုသည်။  မန္တလေး၊ လားရှိုး၊ မူဆယ်မြို့ များ သို့ပြေးဆွဲနေသည့် ရှမ်းတောင်တန်းယာဉ်ဂိတ်မှ တာဝန်ရှိသူတစ်ဦးက ''လောလောဆယ်တော့ ကျွန်တော်တို့ကားဂိတ်ကတော့ မထွက်သေးဘူး။ ဂိတ်နဲ့လက်မှတ်ရောင်းတဲ့ တခြားဂိတ်တွေလည်း မထွက်သေးဘူးလို့ သိရပါတယ်။ ကြားကားအချို့တော့ ထွက်တယ်လို့ကြားတယ်''ဟု ဆိုသည်။

CHL, AK

No comments:

Post a Comment