Tuesday, November 29, 2016

အမှိုက်မီးရှို့ရာမှ နေအိမ် ၇ လုံး မီးလောင်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ရေကြည်ကျေးရွာမှာ အမှိုက်မီးရှို့ရာကနေ မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၇ လုံး မီးလောင် ဆုံးရှုံးခဲ့ပါတယ်။ ပဲခူးတိုင်း၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ်၊ ရေကြည်အုပ်စု၊ ရေကြည်ကျေးရွာမှာ နိုဝင်ဘာ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီခွဲကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အဲဒီကျေးရွာမှာ နေထိုင်တဲ့ ဒေါ်ပု ဆိုသူက သူ့ရဲ့နေအိမ်အနောက်ဘက်မှာရှိတဲ့ အမှိုက်တွေကို မီးရှို့ထားခဲ့ရာ ကနေ မီးကြွင်းမီးကျန်ကနေတဆင့် စပါးကျီကို ကာထားတဲ့ ထရံကို မီးကူးစက်လောင်ကျွမ်းပြီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံမီးသတ်တပ်ဖွဲ့က ပြောပါတယ်။
မီးလောင်ကျွမ်းမှုကို ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့က သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ တာပွန်နယ်မြေစခန်းက မီးသတ်ကား ၂ စီး၊ နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်ကား ၂ စီး သွားရောက်ငြှိမ်းသတ်ခဲ့ပြီး နေ့လယ် ၃ နာရီအချိန်ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ အဲဒီ မီးလောင်မှုကြောင့် အိမ်ခြေ ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ မီးလောင်ခံခဲ့ရတဲ့ အိမ်ထောင်စု ၇ စုအတွက် အရေးပေါ်လိုအပ်နေတဲ့ အိုး၊ ခွက်၊ ပန်းကန်၊ စောင်နဲ့ လူသုံးကုန်ပစ္စည်းအချို့အပြင် ခေတ္တနေထိုင်နိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ချက်ချင်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ အိမ်ရှင် ဒေါ်ပုကိုတော့ တာပွန်နယ်မြေရဲစခန်းကနေ (ပ)၈၅/၂၀၁၆ အမှုဖွင့်ပြီး ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်လျက် ရှိပါတယ်။  – ဝဏ္ဏထွန်း

No comments:

Post a Comment