Saturday, November 26, 2016

ခရီးသွားရာသီ အစတွင် သေမင်းတမန် မီးရထား လမ်းပြတိုက်သို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက် လေ့လာမှု များပြား လျက်ရှိ

 ရန်ကုန်-မြိတ် ကားလမ်းမကြီးနှင့် ရန်ကုန်-ရေး မီးရထား လမ်းဆုံရာ သံဖြူဇရပ်မြို့နယ် ဝဲကဝါ ကျေးရွာ၌ ဖွင့်လှစ် ပြသထားသော သေမင်းတမန် မီးရထား လမ်းပြတိုက် (The Death Railway Museum) သည် ယခုအခါ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက် လေ့လာမှု များပြားလျက် ရှိကြောင်း အဆိုပါ ပြတိုက် တာဝန်ခံရုံးမှ သိရသည်။
The Death Railway Museum ပြတိုက် နှစ်ထပ် အဆောက်အအုံ ရှေ့မုခ်ဦး အဝင်ဝတွင် သ မိုင်းဝင်စစ်သုံ့ပန်း ချွေးတပ်သားများ၏ အရိုးပေါ် အရေတင် ပိန်ချုံး ချည့်နဲ့နေသော ခန္ဓာကိုယ် ဖြင့် သံပေါက်ချွန်း၊ ပေါက်တူးများ ကိုင်ဆောင်ကာ ရထားလမ်း ဖောက်လုပ်နေဟန် ရင်နင့်ဖွယ် ရာ ရုပ်တုများအား ထုလုပ်ခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလတွင်ပင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက်၍ သေမင်းတမန် မီးရထားလမ်းတွင် ပထမဆုံး ပြေးဆွဲခဲ့သော ကျောက်မီးသွေး စွမ်းအင်သုံး C-0522 မီးရထား စက်ခေါင်း အမည်းကြီးကို လည်းကောင်း၊ မြန်မာ-ယိုးဒယား သေမင်းတမန် မီးရထားလမ်း စတင်သည့် အထိမ်းအမှတ် နေရာသို့ လည်းကောင်း၊ ဆောက် လုပ်ဆဲ မီးရထား ပြတိုက်သို့ လည်းကောင်း လာရောက် လေ့လာကာ အမှတ်တရ မှတ်တမ်း တင် ဓာတ်ပုံ ရိုက်ကူးသူများလည်း ရှိသည်။

အဆိုပါ ပြတိုက်ကို နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပြသ လျက် ရှိပြီး အသက် ခုနစ်နှစ်အောက် ကလေး၊ သံဃာတော်များနှင့် သီလရှင်များ အတွက် ဝင်ကြေး မှာ အခမဲ့ဖြစ်ကာ အသက်ခုနစ်နှစ်အထက် ကလေးငယ်မှ စ၍ တစ်ဦးလျှင် ငွေကျပ် ၈ဝဝ ၊ နိုင်ငံခြား ခရီးသွား ဧည့်သည် တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ သတ်မှတ်ထားသည်။
ထိုမီးရထား လမ်းပြတိုက် စီမံကိန်း ပြီးစီးပါက လေ့လာသူများ အနေဖြင့် သမိုင်းရာဇဝင် တွင်ခဲ့သော မီးရထားလမ်းနှင့် ပတ်သက်သည့် မှတ်တမ်း ဓာတ်ပုံများ၊ စစ်သုံ့ပန်းတို့၏ ပုံရိပ် များကို ပန်းချီ၊ ပန်းပုနှင့် 3D ဒီဇိုင်းပုံစံများဖြင့် ကြည့်ရှုခွင့် ရမည်ဖြစ်ကာ အမှတ်တရ လက်ဆောင် ပစ္စည်း အရောင်းဆိုင်များ၊ ရေကူးကန်များ၊ ဟိုတယ်များနှင့် အပန်းဖြေ ကစားကွင်းများ ပါဝင် မည် ဖြစ်သဖြင့် လေ့လာ အပန်းဖြေ နိုင်မည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment