Sunday, November 27, 2016

ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တရုတ်သို့သွားရောက်

ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံသို့ထွက်ခွာသွားကြောင်း ငြိမ်းချမ်းရေးကော်မရှင်က သတင်းထုတ် ပြန်သည်။ ခရီးစဉ်တွင် ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ ဝင်များ၊ တပ်မတော်မှ အရာရှိကြီးများ၊ အကြံပေးအဖွဲ့ဝင်နှင့် အ ထောက်အကူပြုအဖွဲ့ဝင်များ အပါအဝင် အဖွဲ့ဝင်ကိုးဦးပါရှိ သည်။ ‘‘စုစုပေါင်း ကိုးယောက်ပါ။ ဒီနေ့ထွက်တာပေါ့။ ခရီးစဉ်က ကြိုတင်ဖိတ်ခေါ်ထားတဲ့ ခရီးစဉ် အနေနဲ့ သွားတာပါပဲ။ ခရီးစဉ် ရလဒ်ဆိုတာကတော့ လေ့လာ ရေးခရီးဖြစ်တာပေါ့ဗျာ။ နောက် ပြီးတော့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှာလည်း ကွဲပြားတဲ့ လူမျိုး တွေရှိနေတဲ့ဟာကိုလည်း ဒီခရီး စဉ်ထဲမှာ ရှင်းပြမယ်ထင်ပါတယ်’’ ဟု ငြိမ်းချမ်းရေးကော်မရှင် အကြံ ပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

ငြိမ်းချမ်းရေးကော်မရှင်၏ တရုတ်နိုင်ငံခရီးစဉ်သို့ ငြိမ်းချမ်း ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ တပ်မတော်ကိုယ် စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးခင် ဇော်ဦး (ငြိမ်း)တို့လည်း လိုက်ပါ သွားကြောင်း သတင်းရရှိသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တိုင်းရင်း သားပါတီငါးခုမှ ကိုယ်စားလှယ် များလည်း နိုဝင်ဘာ ၂၉ ရက်က စ၍ တရုတ်နိုင်ငံသို့ ၁၀ ရက်ကြာ ခရီးသွားရောက်မည်ဖြစ်သည်။
ယခင်ကလည်း တရုတ်နိုင်ငံ အနေဖြင့် တိုင်းရင်းသားနိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ အား တရုတ်နိုင်ငံလေ့လာရေးခရီး များ ဖိတ်ကြားပြီး တရုတ်နိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ သို့ သွားရောက်လေ့လာခိုင်းခြင်း၊ သမိုင်းဆိုင်ရာပြတိုက်များသို့ လေ့လာစေခြင်းတို့အပြင် သဘော ထားအမြင်များကို အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းတရုတ်နိုင်ငံ လေ့လာရေးခရီးစဉ် သွားရောက်ဖူးသူများက ပြော ကြားသည်။
7Day Daily

No comments:

Post a Comment