Tuesday, November 22, 2016

ဒေသခံစစ်ဘေးရှောင်သူများ ယာယီကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိ

KIA၊ TNLA နှင့် MNDAA လက်နက်ကိုင်တပ်ဖွဲ့များ ပူးပေါင်း၍ မူနယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်း ၀င်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ဘေးရှောင်ခဲ့ကြသည့်ဒေသခံပြည်သူများ မူဆယ်မြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်သည်။ ယခုရောက်ရှိလာသည့်စစ်ဘေးရှောင်ပြည်သူများမှာ ၂၆၃၆ ဦးဖြစ်ပြီး ယာယီ ကယ်ဆယ်ရေးစခန်း ငါးခုဖြစ်သည့် မူဆယ်မြို့ပေါ်ရှိ နမ့်ခွန်ကျောင်း၊ မဟာဝန် မြောက်ကျောင်း၊ ဇေတ၀န်ကမ္မဋ္ဌာန်းကျောင်း ၊ ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းနှင့် အောင်မင်္ဂလာကျောင်းများသို့ ရောက်ရှိလာခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

၎င်းတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ် ၃၀၀၊ ခေါက်ဆွဲခြောက်ဖာ ၁၀၀၀၊ သေဆုံးသူ တစ်ဦးလျှင် ကျပ် ငါးသိန်းမှ ၁၀ သိန်း၊ ဒဏ်ရာရသူတစ်ဦးလျှင် ကျပ်တစ်သိန်းမှ သုံးသိန်းနှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၄၇၅ စုံတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် နိုဝင်ဘာ ၂၀ရက်မှ စတင်၍ ကယ်ဆယ်ရေးစခန်းရှိ စစ်ဘေးရှောင် ပြည်သူများအား နေ့စဉ် ထမင်းထုပ်များ၊ ရေသန့်ဘူးများ၊ အချိုရည်များ၊ အနွေးထည် နှင့် ခြုံစောင်များ ဝေငှပေးပြီး သေဆုံးသူ တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းနှင့် ဒဏ်ရာရသူ တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်း ထောက်ပံ့ပေးထားခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု များအတွက် သက်ဆိုင်ရာ ကျန်းမာရေး၊ ကုသရေးဦးစီးဌာနများနှင့် ပူးပေါင်း၍ ယာယီဆေးခန်းများဖွင့်လှစ် ကုသပေးလျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

No comments:

Post a Comment