Saturday, November 19, 2016

ရင်လေးတယ် ရင်သွေးရယ်

- တစ် - သပွတ်အူ သည်ကား ပြိုင်ပွဲပေါင်းစုံဖြင့် ထူထပ်ပြည့်သိပ်နေသည့် ကျေးလက် တောရွာကလေးပင် ဖြစ်ဘိပေချေသည်တမုံ့။ ယဉ်ကျေးလိမ္မာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နွားအလှပြိုင်ပွဲ၊ လှေလှော်ပြိုင်ပွဲ၊ ထမနဲ ထိုးပြိုင်ပွဲ၊ သင်္ကြန်သံချပ်ပြိုင်ပွဲ၊ ဝတ္ထုတိုပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ စသည်...စသည်...။ ဟော...အခုလည်းကြည့်။ ကလေးကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပရန်အလို့ငှာ ပြင်ဆင်နေကြပြန်လေပြီဟူသ တတ်။ ကလေးကဗျာရွတ်ဆိုပြိုင်ပွဲက ရိုးရိုးကလေးကဗျာရွတ်ဆိုပြိုင်ပွဲမဟုတ်။ သမီးငယ်ကလေးများချည်း သီးသန့်ပါဝင်ဆင်နွှဲရမည့် ကဗျာရွတ်ဆိုပြိုင်ပွဲ။ ကဗျာချည်းသက်သက် ရွတ်ဆိုပြရုံ ပြိုင်ပွဲကားမဟုတ်။ ပါဖောင်း မင့်စ်(Performance)ခေါ် သဏ္ဌာန်နဲ့လုပ် သရုပ်တူအမူအရာကလေးများ နှင့်တကွ ခင်းကျင်းပြသ သရုပ်ဆောင်ကာ ရွတ်ဆိုပြိုင်ဆိုင်ရမည့်ပွဲ။



သပွတ်အူတစ်ရွာလုံး အပိုင်းလိုက် အပိုင်းလိုက် ကိုယ့်သမီးငယ် ကလေးများကို ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်သမှုပြုပြီးသည့်သကာလ ယင်း ၎င်းအနှီး ကဗျာရွတ်ဆိုပြိုင်ပွဲကြီး၌ ပါဝင်ဆင်နွှဲယှဉ်ပြိုင်သမှု ပြုရန်အလို့ ငှာ ပြင်ကြဆင်ကြ လေ့ကျင့်ကြနှင့်။ အနို့ကလို သို့ကလို ပွဲမဝင်ခင် အပြင်ကကျင်းပ သမီးငယ်ကလေးများချည်း သီးသန့် ကဗျာရွတ်ဆို ပါဖောင်းမင့်စ်လုပ်ကြရန် အားခဲနေသည့်ကာလကြီး၏ တစ်နေ့သ၌ဝယ် ကျွန်ုပ် ဂျက်ကွမ်းခြံကုန်းသည် သပွတ်အူကျေးလက်၏ ဂုဏ်ထူးဆောင် ဘကြီးကြွက်သိုးနှင့်အတူ ရွာလုံးအနှံ့ လျှောက်သွားကြကာ ကဗျာရွတ်ဆိုလေ့ကျင့်သမှုများကို လေ့လာစေ့ငုမိပါချေ၏။ ဤ၌ ယခုစာကို ရေးချပစ်ရန် အကြောင်း ပေါ်လာခြင်း ဖြစ်ဘိ တော့ချေသည်တမုံ့။


- နှစ် -

+++++


ကျွန်ုပ်တို့သည် ဦးစွာ ရွာအနောက်ပိုင်းရှိ အိမ်တစ်အိမ်သို့ ရောက်သွားပါ၏။ ထိုအိမ်ကား ရွာအနောက်ပိုင်းကို ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် သမီးငယ်ကလေးများကို လေ့ကျင့် သင်ကြားပေးနေသည့် အိမ်ပင်ဖြစ်ပါ၏။ ကဗျာရွတ်ဆိုနေသည့် သမီးငယ်ကလေးတွေက သုံးယောက်။ သုံးတန်းအရွယ် သမီးကလေးတွေ။ ရွတ်ဆိုနေသည့် ကဗျာက ဆရာတင်မိုး၏ ကဗျာ။

''မနီကလေး မူမူရာ
ထီးကလေးနဲ့လာ။
လာပါလေတော့ လာပါတော့
ဆရာခေါ်ပါပေါ့။
တကျော့ကျော့နဲ့ စာပေအံ
သူတေးစာစာညံ။
ဆရာ့ထံ စာအံရ
မနီပထမ''


သမီးငယ်ကလေးတို့ ကဗျာရွတ်ဆိုနေပုံကား ချစ်စရာကောင်း လွန်လှပါဘိ။ ထီးကလေးကို ဆောင်း၍ထားသည့်အမူအရာ၊ လက်ပိုက်ပြီးသည့်သကာလ ဆရာ့ရှေ့၌ စာအံနေသည့်အမူအရာ စသည် စသည်ဖြင့် သရုပ်ဆောင်ရင်း ကဗျာကို ညီညီညွတ်ညွတ် ရွတ်ဆို နေကြပုံများမှာ ချစ်စရာကောင်းလွန်းလှပါဘိ။ အနို့သော် ကျွန်ုပ်၏စိတ်ထဲ၌ ရင်တမမနှင့် ဘဝင်မကျဖြစ်မိ ရသည့် ပါဖောင်းမင့်စ် သရုပ်ဖော်ချက်ကလေးတစ်ခုကား ရှိပါ၏။ ယင်းမှာကား သမီးငယ်ကလေးတို့၏ နောက်ဘက်ဆီ၌ ယောက်ျား ကြီးသုံးယောက်တို့က ဓားများကို ကိုယ်စီကိုင်ကာ ဟိုဟိုသည်သည် လမ်းလျှောက်နေကြသည့် ပါဖောင်းမင့်စ်ဖြစ်ပါ၏။ အနို့နှင့် ကျွန်ုပ်သည် ဘကြီးကြွက်သိုးနှင့်အတူ ရွာရှေ့ပိုင်းကို လျှောက်လှမ်းမိခဲ့ပြန်ပါ၏။ ကျွန်ုပ်၌လည်း ရွာရှေ့အရပ်က သမီးငယ်ကလေးတို့သည် ကဗျာရွတ်ဆို ခင်းကျင်းသရုပ်ဆောင်ပြိုင်ပွဲဝင်ရန် လေ့ကျင့်ဇာတ်တိုက်နေကြသည်ကို တွေ့ ရပြန်ပါ၏။ ဤအိမ်၌မူ ရွာရှေ့ပိုင်း၌ သမီးငယ်ကလေးနှစ်ယောက်။ ထုံးစံအတိုင်း ရွာသူ ရွာသားအချို့က အဆိုပါဇာတ်တိုက်သည့် တောအိမ်ကလေးအပါး တွင် အုံခဲလျက်။


''မနီကလေး ဘယ်ကလာ
အိမ်ကထွက်လို့လာ။
မနီကလေး ဘယ်ကိုသွား
စာသင်ကျောင်းကိုသွား။
စာသင်ကျောင်းက ဘာတွေသင်
စာရေးစာဖတ်သင်။
စာရေးစာဖတ် ဘာလုပ်ဖို့
မနီလိမ္မာဖို့''


ကဗျာရွတ်ဆိုပုံ ပီသကြည်မြကာ တော်တော့ကို သေသေသပ် သပ်ရှိသည့် သမီးငယ်ကလေးနှစ်ဦး ဖြစ်ပါသည်။ သနပ်ခါးတို့ကို အဖွေးသားလိမ်းလျက် အိမ်မှထွက်လာကြသည့်ဟန်၊ ကျောင်းသို့ သွားနေကြသည့်ဟန်၊ လိမ်လိမ်မာမာရှိကြသည့် ဟန်ကလေးများကို ပါဖောင်းမင့်စ်လုပ်ရင်း ဆရာတင်မိုး၏ ကလေးကဗျာကို ရွတ်ဆို နေလိုက်ကြပုံတွေများ။ အနို့သော်...ဟုတ်ပါ၏။ အနို့သော် ....။ ဘယ့်နှာကြောင့်များ အနှီသမီးငယ် ကလေးတို့၏နောက်တွင် ယောက်ျားကြီးနှစ်ဦးက ဓားကြီးများ ကိုင်လွယ်ကာ လုံခြုံရေးယူ သည့်သဏ္ဌာန်ဖြင့် သရုပ်ဆောင်နေခဲ့ကြတာပါလိမ့်။


''ဘယ့်နှယ့်...သပွတ်အူက
သမီးငယ်ကလေးတွေရဲ့
တဲလင့် (Talent)
စွမ်းရည်အရည်အသွေးကို
သတိပြုမိပြီထင်ပါရဲ့''


ဘကြီးကြွက်သိုးက သို့ကလို မေးလေသောအခါ ကျွန်ုပ်က ရင်တွင်း၌ မရှင်းမရှင်းဖြစ်နေသည်များကို ဘွင်းဘွင်းကြီးဆိုသလို ဤသို့မေးချလိုက်မိပါလေ၏။ ''ကောင်းပါ့...ကဗျာရွတ်ပုံလည်းကောင်း၊ အမူအရာ ကလေး တွကလည်းကောင်း၊ သို့သော် သမီးပေါက်စကလေးတွေရဲ့ နောက်နားမှာ ဓားကိုင်ထားတဲ့ ယောက်ျားတွေ ဝင်သရုပ်ဆောင်နေတာ က ဖြင့် ရိုင်းနေသလားလို့''
''ဟဲ့...ဂျက်စုတ်ရဲ့ အဲဒါ သူတို့ဖခင်တွေကိုယ်တိုင်က ဝင်ပြီး ပါဖောင်းမင့်စ် လုပ်နေတာဟဲ့''
''အဲ့သဟာ...ဘဇာအဓိပ္ပာယ်တုံး ဘကြီးကြွက်သိုးရာ''
''အော်...ခေတ်အမြင်မရှိတဲ့ ဂျက် ခုကာလမှာ လူ့နှာဓားပြ တွေက သက်ငယ်မုဒိမ်းမှုတွေ ကျူးလွန်နေတာ နင်မသိဘူးလားဟင်။ အဲဒါ..ကျောင်းသွားတဲ့ သမီးကလေးတွေကို ဖခင်တွေက လိုက် ပြီးစောင့်ရှောက်နေ ရတဲ့ ပြကွက်ဟဲ့ မှတ်ပလား ထွီ''

အော်..ဘကြီးကြွက်သိုး၏ ထွီက အကင်းမပါးသူ ကျွန်ုပ်ကိုပင် ရည်ညွှန်းလေသလား။ သို့တည်းမဟုတ် ယုတ်ကန်းညံ့ဖျင်း လွန်းသည့် လူ့အဖွဲ့အစည်းကိုပင် ရည်ညွှန်းလေသလား ဆိုသည်ကို မသိနိုင်တော့ပြီ တမုံ့ တကား။      

______________________________________

ဂျက်ကွမ်းခြံကုန်း

No comments:

Post a Comment