Monday, November 28, 2016

မြန်မာ့ဒီမိုကရေစီ ဘာကြောင့် ကျဆုံးခဲ့ရတာလဲ

ဒုတိယကမ္ဘာစစ်ကြီးပြီး၍ မြန်မာနိုင်ငံတွင် လူထုတိုက်ပွဲများဖြစ်ကာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ်သို့ ရောက်ခဲ့သည်။ လွတ်လပ်ရေးရပြီး မကြာခင် မတ်လ ၂၈ ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)များ တောခိုကြသည်။ သူတို့၏ ယုံကြည်ချက်မှာ တတိယကမ္ဘာစစ် ဖြစ်မည်။ ထိုအခါ တရုတ်တွေ မြန်မာပြည်ထဲဝင်မည်။ ထိုအခါ ကျုပ်တို့ အာဏာရမည်ဟု ယုံကြည် နေ သည်။ ဗကပများ တောခိုရာနောက်သို့ ပြည်သူ့ရဲဘော်များ၊ တပ်ရင်း(၁)နှင့် (၃)မှ ရဲဘော်များ၊ အမှုထမ်းပေါင်းစုံမှ တချို့လူများ၊ လက်ဝဲစိတ်ဓာတ် ထက်သန်သူများ၊ သတင်းစာဆရာ၊ စာရေးဆရာများ လိုက်ပါသွားကြသည်။ ဤကိစ္စအတွက် ငြိမ်း ချမ်းရေးမူ ရေးဆွဲရန် ဦးသိန်းဖေ(တက်ဘုန်းကြီး)အား တာဝန်ပေး၍ သခင်နုမူ၊ ဗကပမူ၊ ရဲဘော် ဖြူမူ၊ ကေအင်ဒီအိုင်အဖွဲ့၏မူ တို့ကို ညှိနှိုင်းဆွေး နွေးပါသော်လည်းမရ။ ၁၉၄၉ ခုနှစ် ဇန်နဝါရီ လဆန်းတွင် စောဘဦးကြီးတို့က ကတိဖျက်ကာ ခဝဲခြံရွာမှစ၍ တိုက်ခိုက်ကြသောကြောင့် ကရင်များက ဧရာဝတီတိုင်းကိုသိမ်းလိုက်သည်။ ဗကပ နှင့် ရဲဘော်ဖြူတို့ကလည်း ချီတက်လာကြရာ တိုက်ကြီးမြို့နယ် မြောင်း တံငါရွာအထိ သိမ်းထားကြသည်။ ရန်ကုန်ကွက်ကွက်လေးသာ ကျန်တော့သ ဖြင့် ရန်ကုန်အစိုးရ ခေါ်နေကြပြီ။




ဤအခါတွင် ဗကပခေါင်းဆောင်များက တိတ်တဆိတ်ဝင်လာ၍ ဝန်ကြီးချုပ် သခင်နု နှင့်တွေ့သည်။ အာဏာလွှဲပေးရန် ပြောသည်။ သခင်နုက ''မင်းတို့ကို ငါ အာဏာလွှဲမပေးနိုင်ဘူး။ မင်းတို့ ငါ့ကိုသတ်ချင်ရင် ဒီနေ ရာမှာပဲသတ်။ ငါအသေခံမယ်။ ထိုအချိန်တွင် ဝင်ဒါမီယာအတွင်း၌ ဝန်ကြီးအားလုံး ရှောင်နေကြပြီး သခင်နု တစ်ယောက်သာ ကျန်ခဲ့သည်။ အေး... ငါပြောတာ ခဏနားထောင်ပါ။ မင်းတို့ကို အာဏာလွှဲပေးလိုက် ရင် ရွှေဘုံသာလမ်းကို ဘယ်သူသိမ်းမလဲ။ သူသိမ်းမယ်၊ ငါသိမ်းမယ်နဲ့ လုကြမယ်။ သွေးချောင်းစီးကြမယ်။ အဲဒီတော့မှ နိုင်ငံကြီးတွေက ဝင်လာပြီး သိမ်းတော့မှ ကျွန်ဘဝ ပြန်ရောက်မယ်။ အဲဒါကို ကြိုက်ရင် ငါ အခု အာဏာလွှဲပေးလိုက်မယ်စဉ်းစား''


ထိုအခါ ဗကပခေါင်းဆောင်များ သ ဘောပေါက်ကာ ပြန်သွားကြသည်။ သခင်နုသည် အိန္ဒိယဝန်ကြီးချုပ် ပဏ္ဍစ်နေရူးထံသွားသည်။ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန်တို့ ဓာတ်တော်များ သင်္ဘောကြီးနှစ်စင်းနှင့် ကြွလာပါပြီ။ သမ္မတကြီး စပ်ရွှေသိုက်ကိုယ်တိုင်ဆင်း၍ ဓာတ်တော်ကြုတ်ကို ခေါင်းပေါ်တင်ရွက်၍ ရွှေတိဂုံဘုရားပေါ်သို့ တက်ကာ ဓာတ်တော်တိုက်မှာထားရသည်။ လာ ရောက်ရှိခိုးပူဇော်သူတွေ နေ့ညမစဲ ရှိသည်။ သင်္ဘောကြီးနှစ်စင်းတွင် လက်နက်တွေ အပြည့်ပါလာသည်ကို သတင်းထုတ်ပြန်ခြင်းမပြု။ ထိုလက်နက်များနှင့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ် ကျော်ဇောသည် ခဝဲခြံရွာကစ၍ တိုက်သွားသည်။ ရှေ့တန်း စစ်ဆင်ရေးမှူးမှာ ဗိုလ်မှူးကြီး စောမြင့် ဖြစ်သည်။ ခဝဲခြံ၊ အင်းစိန်၊ ဘောလပစ်ကျွန်း၊ ပဲခူး၊ ဖောင်တော်သီ၊ ဒိုက်ဦး၊ ပြွန်တန်ဆာ၊ ညောင်လေးပင် စသည်တို့ကို တက်ရောက် သိမ်းပိုက်နိုင်ခဲ့သည်။ ပြည်လမ်းဘက်တွင်လည်း ပြည် မြို့အထိ တပ်မ တော်က သိမ်းပိုက်နိုင်ခဲ့သည်။


၁၉၄၉ ခုနှစ် အာဇာနည်ကြီးများ နေ့တွင် ဝန်ကြီးချုပ် သခင်နုက တစ်နှစ်အတွင်း ငြိမ်းချမ်းရေးရစေမည်ဟု မိန့်ခွန်းပြောသည်။ မြန်မာ နိုင်ငံ၌ နိုင်ငံရေး အစာမကြေသူများက သူပုန်ထတမ်း ကစားကြသည်ဟု စကား လုံးလှလှနှင့် ရှင်းလင်း ပြောဆိုသည်။ ၁၉၄၉ ခုနှစ် တစ်နှစ်လုံးသည် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နေရသည့် ကာလဖြစ်သည်။ ထိုစဉ်က အိန္ဒိယဝန်ကြီးချုပ် ပဏ္ဍစ်နေရူးသည် ကမ္ဘာ့ခေါင်းဆောင်များထဲတွင် နံပါတ်တစ် နေရာက ရှိနေသဖြင့် ပဏ္ဍစ်နေရူးသည် အမေရိကန် သမ္မတထံသို့ တိုက်ရိုက်ဖုန်းဆက်၍ ပြောသည်။ ''ခင်ဗျားတို့ မြန်မာနိုင်ငံကို လှိုက်လှိုက်လှဲလှဲ အကူအညီပေးပါ။ မပေးလျှင် တရုတ်မျိုသွားလိမ့်မယ်'' ဟုပြောသည်။ ထိုအခါမှ အမေရိကန် ရေတပ်သင်္ဘောကြီး ရောက်လာ၍ E.C.AITCAINCA စသည့် အကူအညီများပေးသဖြင့် ဝန်ကြီးချုပ်သခင်နုသည် ကမ္ဘာအေးဘုရားတည်၊ လှိုဏ်ဂူကီးဆောက်၊ ကျောင်းေ ဆာင်တွေဆောက်၊ ဆဋ္ဌသင်္ဂါယနာတင်ပွဲ ပြုလုပ် နှင့် ဗုဒ္ဓသာသနာတော် ထွန်းကားရေးကို ပြုလုပ်ခဲ့ရာ သာသနာတစ်ဝက် မင်းကောင်းတစ်ဆက်ဆိုတာ နိမိတ်စကားနှင့် ကိုက်ညီပါသည်။ အမေရိကန် ရောက်လာ၍ တရုတ်တွေ ပြန်ထွက်သွားလေပြီ။


တရုတ်တွေ မြန်မာနိုင်ငံအတွင်းသို့ ဝင်မရှုပ်နိုင်သဖြင့် ကမ္ဘောဒီးယားနိုင်ငံဘက်သို့ ရောက်သွားကာ ခမာနီတွေကို မြှောက်ခဲ့သည်။ ကမ္ဘောဒီးယားလည်း ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ပါသည်။  ဗကပနှင့် ရဲဘော်ဖြူတို့ကား စိတ်ဝမ်းကွဲကြကာ အရှေ့ရိုးမတောင်ပေါ်တွင် လည်းကောင်း၊ ရခိုင်ရိုးမ တောင်ပေါ်တွင်လည်းကောင်း ခိုအောင်း နေကြလေသည်။ ၁၉၅ဝ ပြည့်နှစ် အာဇာနည်နေ့တွင် ဝန်ကြီးချုပ်သခင်နုက ၉၅ ရာခိုင်နှုန်း ပြည်တွင်း ငြိမ်းချမ်းရေးရရှိပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးမှ တည်တံ့ခိုင်မြဲရေးသို့ ချီတက်ရမည်ဖြစ်ကြောင်း မိန့်ခွန်းပြောသည်။ ''ငြိမ်းချမ်းရေးဗိမာန်ဆီ xxx တစ်နှစ် အတွင်းမှာ အပြင်းချီ xxx သောင်းကျန်းမှုအန္တ ရာယ် xxx ရန်စွယ်ရန်မီး ဖျက်နည်းစုံညီ xxx ဒို့ ပြည်ထောင်စု xxx လူထုတစ်ရပ်လုံး xxx ယူကျုံး မရပြီ xxx ဒုက္ခကိုယ်စီ တွေ့ကြပြီ xxx ဘယ်လို ကြံမည် xxx ဒီလိုကြံမည် xxx အဘယ်လို လုပ်မည် xxx ဒီလိုလုပ်မည် xxx ဒို့လူထု သွေးစည်းကာ xxx တာဝန်မလစ် အားသစ်လောင်း xxx ထောင်းထောင်းညက်ကြေ xxx သောင်းကျန်းသူ ဟူသမျှ xxx မြူမှမကျန် xxx အပြုတ်နှံမည်'' မင်းသားခင်မောင်မြင့် သီဆိုကာ အသံသွင်း ထားသော 'ငြိမ်းချမ်းရေးဗိမာန်ဆီ'ဖလင်ကားကို သီချင်းသရုပ်ဖော်ပုံတွေထည့်ကာ ဗဟိုရုပ်ရှင်က ရုပ်ရှင်ပြသည့်ပွဲတိုင်းမှာ ပြသသည်။ မြန်မာ့အသံမှာလည်း နေ့တိုင်းလိုပင် အသံလွှင့်သည်။ မီးရထားလမ်း၊ မီးသင်္ဘော လမ်း၊ မော်တော် ကားလမ်းတွေလည်း ပုံမှန်အခြေအနေ ရောက်နေပါပြီ။ တစ်ခုတော့ရှိသည်။ ချိုးဖြူရေပိုက်ကို လာ ရောက်ဖျက်ဆီးတတ်သည်။ မီးရထားသံလမ်းကို ဖျက်ထားတတ်သည်။


ထိုအခါတွင် နိုင်ငံတော်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကိုထုတ်သည်။ လူသတ်မှု၊ ဓားပြမှု၊ မုဒိမ်းမှုကလွဲလျှင် အားလုံးကိုခွင့်လွှတ်သည်။ လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ပါ။ ဒီမိုကရေစီစည်းထဲသို့ ဝင်လာခဲ့ပါ ဟု ဖိတ်ခေါ်သည်။ အမေရိကန်ကုမ္ပဏီတစ်ခု သခင်နုရေးသည့် ''လူထု အောင်လံ'' ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးပြသသည်။ ဗဟိုရုပ်ရှင်ဌာနက 'လင်းရောင်ခြည်' အသံလွှင့်ဇာတ်လမ်းကို မြန်မာ့အသံမှ ထုတ်လွှင့် သည်။ ဂီတစာဆို ဆရာရန်နိုင်ဆွေသည် စိတ်ကူးတစ်ခုရ၍ ''မောင်လေး''သီချင်းကို ရေး၍ မေလှမြိုင်ကို သီဆိုခိုင်းရာ အထူးကျော်ကြား အောင်မြင်သွားသည်။ ''အို... မောင်လေး ရှောင်မပြေးပါနဲ့ မောင်လေး ရယ် ရောယောင်နောက်လိုက် အမြှောက်ကြိုက်လေးရယ် မိုက်သွေးဆူလွယ် လူမမည်မောင် လေးရဲ့ နောင်ရေအတွက် အစ စမြင်သေးလို့ မမ ရင်လေးရပါတယ်'' မောင်လေးသီချင်းကြောင့် ရခိုင်ပြည်နယ်ဘက်မှာ လည်းကောင်း၊ ရှမ်းပြည်နယ်ဘက်မှာလည်းကောင်း ရဲဘော်တွေ အစုလိုက်အပြုံလိုက် လက်နက်စွန့်၍ အလင်းဝင်လာကြသည်။ နိုင်ငံ တော်အစိုးရကလည်း လူသတ်မှု၊ ဓားပြမှု၊ မုဒိမ်းမှုပါအားလုံးကို လွတ်ငြိမ်းချမ်း သာခွင့် ပေးမည်ဟု ထပ်မံကြေညာသည်။ ဗကပ ခေါင်းဆောင်များမှာမူ အရှေ့ရိုးမတောင်ပေါ်တွင် ခိုအောင်းနေကြသည်။


ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီး ပြီးသည့်နောက် ဖဆပလအဖွဲ့ကြီးအတွင်း အက်ကြောင်းပေါ်လာသည်။ ပြန်ကြားရေးဝန်ကြီး ဦးထွန်းဝင်း၏ မဏ္ဍိုင်သတင်းစာနှင့် သခင်ကျော်ဒွန်းတို့၏ ပြည်ထောင်စုသတင်းစာမှာ အချင်း ချင်း ဝေဖန်ပုတ်ခတ် ရေးသားလာကြသည်။ ဗမာ့ခေတ်သတင်းစာကလည်း ဦးနုနှင့် ဦးကျော်ငြိမ်းတို့ အပြန်အလှန် ပြောဆိုဝေ ဖန်သည့် သတင်းများကို ဖော်ပြပေးသည်။ ဗမာ့ ခေတ်၊ မိုးကြိုးကလည်း ကျော်ငြိမ်း ငါ့ညီ ငယ်ပါ သေးတယ်ကွာ စသည်ဖြင့် ဦးကျော်ငြိမ်းတို့ဘက်ကို ခပ်နှိမ်နှိမ် ရေးသားသည်။ ဖဆပလအဖွဲ့ကြီး ကွဲခြင်းအစ မီးဖိုချောင်ကဟု အချို့လူများ ပြောစကားမှာ မမှန်ပါ။ ဦးဘ ဆွေ၊ ဦးကျော်ငြိမ်းတို့က စစ်ဗိုလ် ချုပ်တွေကို ဆိုရှယ်လစ်ပါတီဝင်ဖြစ်အောင် စည်းရုံးသည်။ ပျူစောထီးတပ်ကို ဖွဲ့ထားသည်။ ဦးနုက စစ်ဗိုလ်များ ဆိုရှယ်လစ်ပါတီဝင်ခြင်း၊ နိုင်ငံရေးလုပ်ခြင်းကို မကြိုက်၊ နိုင်ငံရေးလုပ်ချင်လျှင် တပ်ကထွက်ပါဟု ဆိုသည်။


ဦးဘဆွေကြီးက ဦးနုထံလာ၍ ပြောသည်။ ကျွန်တော်နှင့် ကိုကြီးနုတို့ ဟောသည်လို လက်တွဲထားလျှင် ဖဆပလအဖွဲ့ကြီး မကွဲနိုင်ပါ။ ခေါင်းဆောင်ကြီးတွေရဲ့ သွေးတွေ မခြောက်သေးပါဘူး။ မခွဲပါနှင့်ဟု မျက်ရည် ကျပြီး ပြောသည်။ ဦးနုကလည်း စိတ်ထိခိုက်သွားပြီး မခွဲပါဘူးဟု ကတိပေးလိုက်သည်။ သို့ရာတွင် ဦးနုမှာ အဘယ် ပယောဂ ဝင်လာသည်မသိ ဒီလူတွေနှင့်ခွဲလိုက်တာ ကောင်းပါသည်ဟုဆိုကာ သန့်ရှင်း၊ တည်မြဲ ကွဲသွားကြသည်။ ဤတွင် စစ်တပ်က အာဏာသိမ်းလိမ့်မည်ဟုကြားရသဖြင့် ဦးနုက အာဏာသိမ်းတာဟာ ရာဇဝင်မှာ မကောင်းပါဘူး။ အာဏာအပ်ပါမယ်ဟုဆိုကာ ပြည်သူ့လွှတ်တော်ကနေပြီး ဗိုလ်ချုပ် နေဝင်းကို အိမ်စောင့်အစိုးရအဖြစ် အာဏာလွှဲ ပေးသည်။ အိမ်စောင့်အစိုးရက ''တရားမျှတသော ရွေးကောက်ပွဲ''ကို ပြုပေးမည်ဟု တာဝန်ခံသည်။ ၁၉၆ဝ ပြည့်နှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ပြုလုပ်ပေးသည်။ သန့်ရှင်း ဖဆပလ၊ တည်မြဲဖဆပလ၊ ပမညတအဖွဲ့တို့ ယှဉ်ပြိုင်ကြသည်။ ပါတီသုံးခုသည် ဖိုခုံလောက်ဆိုင် တြိဂံပုံစံရှိနေသဖြင့် ဒီမိုကရေစီ ပီသသည့် လက္ခဏာဖြစ်သည်။ သန့်ရှင်းဖဆပလက အပြတ်အသတ် အနိုင်ရသည်။ သို့နှင့် ဦးနုအစိုးရတက်လာသည်။


အာဏာလွှဲမည်ဟု စီစဉ်တုန်းက လွှတ်တော်တွင် ပမညတခေါင်းဆောင် သခင်ချစ်မောင်က စစ်ဘောင်နှင့် နိုင်ငံရေးဘောင် မရောထွေးသင့်ကြောင်း ဝိဓူရဇာတ်တော်နှင့် နမူနာပြ၍ ကန့်ကွက်ခဲ့သောကြောင့် ဝိဓူရ သခင်ချစ်မောင်ဟု နာမည်ရသွားသည်။ ပမညတအဖွဲ့တွင်လည်း သခင်ချစ်မောင်၊ သခင်လွင်၊ သခင်လှကြွေ၊ ဗိုလ်မြသွေးတို့ အမာခံပုဂ္ဂိုလ်များရှိနေသည်။ ၁၉၆၂ ခုနှစ် မတ်လ ၁ ရက် ညသည် တရုတ် ဘဲလေး အဖွဲ့၏ နောက်ဆုံး နှုတ်ဆက်ပွဲည ဖြစ်သဖြင့် အားရပါးရကပြသည်။ ပရိသတ်ကလည်း လက်ခုပ်တဖြောင်းဖြောင်းတီး၍ အားပေးကြသည်။ တရုတ်ချစ်ကြည်ရေး အဖွဲ့ခေါင်းဆောင်ကို ယဉ် ကျေးမှုဝန်ကြီး ဦး ချစ်သောင်းက ဂုဏ်ပြုပန်းခြင်း ဆက်ရမည်ကို ဗိုလ်ချုပ်နေဝင်းကလာ၍ ပန်းစည်းဆက်သည်။ ဘယ်လိုပါလိမ့်ဟု စဉ်းစားမရဖြစ်သည်။ နံနက် ၆ နာရီခွဲတွင် ''ယိုယွင်းလာသော တိုင်းပြည်၏ အခြေအနေကို ထိန်း သိမ်းနိုင် စိမ့်သောငှာ တပ်မတော်က တာဝန်ယူထားလိုက်ပါပြီ။ ပြည်သူလူ ထုအပေါင်းတို့သည် မိမိတို့လုပ်စရာရှိသည်များကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါ''ဟု ဗိုလ်ချုပ်နေဝင်းက အသံလွှင့် မိန့်ခွန်းပြော သည်။


ဝန်ကြီးအဖွဲ့အားလုံးကိုဖမ်းဆီး၍ အင်းစိန်ထောင်ထဲတွင်တချို့၊ ရေကြည်အိုင်တွင် တချို့ခွဲ၍ထားသည်။ ဤသို့အာဏာသိမ်းခြင်းမှာ ဖက်ဒရယ်မူအရ ရှမ်းပြည်နယ်က ခွဲထွက်မည်ဆိုသော ကြောင့် သိမ်းရသည်ဟု ပြော သည့်စကားမှာ ယုတ္တိမရှိပါ။ အခြေခံဥပဒေတွင် ၁ဝ နှစ်ကြာလျှင် ခွဲထွက်လိုက ခွဲထွက်နိုင်ခွင့်ရှိသည်ဟု ရေးထားသည် မှန်သော်လည်း ရုတ်တရက်ချက်ချင်း ခွဲထွက်၍မရပါ။ ခွဲထွက်လိုကြောင်းအဆိုကို လူမျိုးစု လွှတ် တော်သို့တင်ရသည်။ လူမျိုးစုလွှတ်တော်ရှိ အမတ်သုံးပုံနှစ်ပုံက ထောက်ခံလျှင် ယင်းအဆိုကို ပြည်သူ့လွှတ်တော်သို့တင်ရသည်။ ပြည်သူ့လွှတ်တော်ရှိ အမတ်သုံးပုံနှစ်ပုံက ထောက်ခံလျှင် လွှတ်တော် ဥက္ကဋ္ဌ သည် ရွေးကောက်ပွဲကော်မရှင်ဖွဲ့၍ ရှမ်း ပြည်နယ်တွင် ပြည်သူ့ဆန္ဒခံယူပွဲကို ပြုလုပ်ပေးရ မည်။ ဆန္ဒခံယူပွဲတွင် သုံးပုံနှစ်ပုံသော မဲရရှိမှသာ ခွဲထွက်ခွင့် ရနိုင်ပါသည်။ ဤကား ဒီမိုကရေစီ၏ ကျင့်ထုံးဖြစ်သည်။ ဤတွင် ဒီမိုကရေစီအစိုးရ၏ အခန်းကဏ္ဍရပ်နား၍ စစ်အစိုးရ၏ တန်ခိုးသြဇာ ကြီးမားလာခဲ့ပါသည်။      

နန်းညွန့်တေဇ

#theflowernews

ရည်ညွှန်း
(က) နိုင်ငံတော်မှတ်တမ်း (ပ/ဒု)
    (စစ်ကိုင်းဟန်တင်)
(ခ) မြန်မာပြည်ဇာတ်လမ်း ရှုပ်သမျှ
    (နန်းညွန့်ဆွေ)

No comments:

Post a Comment