Wednesday, November 23, 2016

ကျောက်စာကို ခဲဖျက်နှင့် ဖျက်၍မရ မြေမှုန်လွင်

ဘီလူး၊ ထန်အုပ်၊ ဂေါ်ပြား၊ အာပုပ်၊ ငခါးဟူသောသူငယ်ချင်း ငါးဦးကို အဓိကထား၍ ရေးဖွဲ့ထားသော ဇာတ်လမ်း ဖြစ်သည်။ တိတိကျကျပြောရလျှင် ဒဂုံတ္က သိုလ်မှ တက္ကသိုလ်ကျောင်းသား ငါးဦး။ ၂၀၀၇ ခုနှစ် ခန့်က ဒဂုံတက္ကသိုလ်တွင် ကျင်လည်ခဲ့သည့် လူငယ်တို့၏ စရိုက်သဘာဝကို ရေးဖွဲ့ထားသည့် လူငယ်ဟန်ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ လူကြီးများရေးသော လူငယ်ဝတ္ထုအများစုကို ဖတ်ရှုကြည့်လျှင် လူကြီးဆန်နေသော လူငယ်များ၊ ၀ါဒ၊ အတွေးအခေါ်တစ်စုံတစ်ခု၏ လွှမ်းမိုးခြင်းကို ခံနေရသော လူငယ်ဇာတ်ကောင်များ ကို တွေ့ရှိရမည် ဖြစ်သည်။ ယခုစာရေးသူမြေမှုန်လွင်မှာ လူငယ်စာရေးဆရာတစ်ဦးဖြစ်သည့်အလျောက် သူဖြတ်သန်းခဲ့ရာ အချိန်၊ သူကျင်လည်ခဲ့ရာ ပတ်ဝန်းကျင်ကို ရေးဖွဲ့ရာတွင် လူငယ်တို့ဘ၀ကို ဆံချည်မလွဲ အတိအကျရေးဖွဲ့နိုင်သည်ဟု ဆိုရပေမည်။ ၀တ္ထုကိုအစမှ ဖတ်ကြည့်လျှင် တက္ကသိုလ်ကျောင်းသားဘ၀ လွတ်လပ်မှု၊ လူငယ်ဘ၀အပူအပင်ကင်းမဲ့မှုများနှင့်အတူ ငခါး၏ မိသားစုဘ၀နှင့် ဘီလူး၏ မိသားစုဘ၀ကိုပါ ခေတ်နှင့် ကပ်လျက်ပုံဖော်ထားနိုင်သည်ကို တွေ့ရသည်။



ရေဒီယိုတဂျိဂျိဖွင့်ပြီး နိုင်ငံရေးကို စိတ်ဝင်စားကာ အလုပ်မည်မည်ရမရှိသော ဖခင်၊ အိမ်ဆိုင်လေးရောင်းချပြီး တစ်ဖက်တစ်လမ်းက ပွဲစားလုပ်ကာ ၀င်ငွေရှာနေရသော မိခင်။ စာတော်၍ ဆယ်တန်းတွင် လေးဘာသာဂုဏ်ထူးထွက်ခဲ့သည့် ညီမလေး နှင်းချိုစသည့် နှင်းခါး၏ မရှိမရှားဘ၀။

ခေတ်ကာလအလျောက် အာဏာရှိသူနှင့် ပေါင်း ပြီး ချမ်းသာကြွယ်ဝလာကာ မယားငယ်များနှင့် ပျော်နေတတ်သည့် ဖခင်၊ အားလျှင်ရှော့ပင်းထွက်၊ ဖဲရိုက် ဖြင့် အိမ်ထောင့်တာဝန်ကို အိမ်ဖော်များနှင့် ထားကာ သားကိုဂရုမစိုက်နိုင်သော မိခင်တို့ကြားတွင် ကားအ ကောင်းစားတစ်စီးဖြင့် လည်ပတ်ကာ မြာပွေရင်း အချိန်ကုန်ကာ မိသားစုမေတ္တာငတ်နေသည့် ဘီလူး၏ ဘ၀။

ထိုထိုဘ၀များကပင် ခေတ်၏ သရုပ်သဏ္ဌာန်ဟု ပြောဆိုနိုင်မည်ထင်သည်။ မြေမှုန်လွင်သည် ဤ၀တ္ထု ကိုပုံဖော်ရာ၌ ဇာတ်ကောင်တို့ကို လူငယ်ဘ၀ လူငယ်စိတ်ကူးတို့ဖြင့်သာ လွှတ်မထားခဲ့။ မြန်မာနိုင်ငံ၏ လူငယ်အများစုတွင် ဖြစ်လေ့ ဖြစ်ထရှိသော မိမိတို့၏ ဘ၀ရည်မှန်းချက် ၀ါသနာကို မသိနိုင်သော အခြေအနေကိုပါ မမေ့မလျှော့ထည့်သွင်းခဲ့သည်။ ငခါးတို့လူငယ်ဘ၀ထဲသို့ ရုတ်တရက် ကိုကြီးမောင်ဆိုသူ တစ်ယောက်ကို ထည့်သွင်းကာ ဇာတ်ရှိန်ကို မြှင့်တင်လိုက်သည်။ ကိုကြီးမောင်သည် စစ်အာဏာရှင်ကို မုန်းတီးသူဖြစ်သည်။ ထို့ကြောင့်လည်း နှင်းခါးတို့ သူငယ်ချင်းများကြားတွင် စစ်အာဏာရှင်ကို တော်လှန်ရန် လှုံ့ဆော်စကားများပြော၏။ သို့သော်လည်း နှင်းခါးတို့ သူငယ်ချင်းများကြားတွင် ကိုကြီးမောင်၏ စကားများက သိပ်မတိုးပေါက်။ နှင်းခါးတစ်ယောက် နိုင်ငံခြားသင်္ဘောလိုက်ရန် စီစဉ်သည်။ တစ်နေ့ သင်္ဘောလိုက်မည့်ကိစ္စဖြင့် ယတြာချေရန် ဗိုလ်တထောင်ဘုရားသို့ သွားစဉ် ရွှေဝါရောင်သံဃာအရေးတော်ပုံနှင့် ပက်ပင်းတိုးသည်။ မေတ္တာပို့စီတန်းကြွချီလာသော သံဃာတော်များကို တွေ့ရပြီးချိန်၌ နှင်းခါး၏ ဘ၀အပြောင်းအလဲများနှင့် စတင်ကြုံတွေ့ရတော့သည်။ ရွှေဝါရောင်အရေးတော်ပုံတွင် နှင်းခါးတစ်ယောက်ပါဝင်ခဲ့တော့သည်။ သူ့သူငယ်ချင်းများနှင့် ကိုကြီးမောင်တို့ကို ခေါ်သော်လည်း ခေါ်မရ။ သူအကြီးအကျယ်ဒေါသထွက်ပြီး တစ်ဦးတည်းဆက်လက်ပါဝင်သည်။ ထို့နောက်တော့ နှင်းခါး၏ ဘ၀....။

မြေမှုန်လွင်သည် ၀တ္ထုကို ရေးဖွဲ့ရာတွင် လင်္ကာမဖွဲ့။ မနွဲ့နှောင်း၊ မလှည့်ပတ်။ လွတ်လပ်သော လူငယ်တို့၏ ဘ၀ကို ရိုးရှင်းသောစကားပြေဖြင့် ရေးဖွဲ့သည်။ သို့သော် ၀တ္ထုကိုဖတ်ရင်း စာဖတ်သူကို ၀တ္ထု၏ အဆုံး ထိရောက်အောင် ခေါ်ဆောင်သွားနိုင်သည်။ လူငယ်တို့၏ ဘ၀နှင့် နိုင်ငံရေးကို ရုတ်တရက်ဆက်စပ်လိုက် ပြီး ကျောက်စာကို ခဲဖျက်နှင့် ဖျက်၍မရကို ဖတ်ချင်စ ဖွယ်ဝတ္ထုတစ်ပုဒ်အဖြစ် ဖန်တီးလိုက်သည်။ ရသ၀တ္ထု များရှားပါးနေချိန်တွင် အချိန်ကိုက်ပေါ်ထွက်လာသော လူငယ်များဓလေ့ပျော်စရာဟာသများဖြင့် ရောယှက်ထားသည့် ၀တ္ထုရှည်ဖြစ်သည်။ ငါတို့စာပေက တန်ဖိုး ၃,၀၀၀ ကျပ်ဖြင့် တတိယအကြိမ် ဖြန့်ချိသည်။ အိမ်တိုင်ရာရောက်ပေးပို့စေလိုသူများအတွက် ဖုန်း- ၀၉-၂၅၀၀၉၁၉၁၃ နှင့် Facebook-wedistri-bution သို့ ဆက်သွယ်မှာယူနိုင်သည်။

No comments:

Post a Comment