Wednesday, November 30, 2016

အိုဟိုင်ယို တက္ကသိုလ် တိုက်ခိုက်မှုသည် ၎င်းတို့၏ စစ်သည်တော်တစ်ဦး လက်ချက်ဟု အိုင်အက်စ်ကြေညာ

အမေရိကန်နိုင်ငံ၊ အိုဟိုင်ယိုပြည်နယ် တက္ကသိုလ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကို မိမိတို့၏ စစ်သည်တော် တစ်ဦးက ကျူးလွန်ခဲ့ခြင်းဟု အိုင်အက်စ် စစ်သွေးကြွများက ကြေညာခဲ့သည်။ နိုဝင်ဘာ ၂၈ ရက်က အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးသည် တက္ကသိုလ် ပရဝုဏ်အတွင်း လမ်းသွားလမ်းလာများကို ကားဖြင့်ဝင်တိုက်ကာ သားလှီးဓားဖြင့် ရန်ပြုခဲ့သည့်အတွက် လူ ၁၁ ဦး ဒဏ်ရာရခဲ့သည်။ ၎င်းကို အနီးတွင် ရှိနေသည့် ရဲအရာရှိ တစ်ဦးက အသေပစ်ခတ်ပြီး တားဆီးနိုင်ခဲ့သည်။ အမေရိကန် ထောက်လှမ်းရေးက ယခုတိုက်ခိုက်မှုကို ကျူးလွန်သူမှာ ဆိုမာလီနွယ်ဖွား ဘွဲ့ကြိုကျောင်းသား အက်ဘ်ဒူလ် ရာဇက်ခ် အလီ အာတန်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်းသည် တိုက်ခိုက်မှု အကောင်အထည် မဖော်မီက မွတ်ဆလင်များကို အမေရိကန် တရားဥပဒေ စိုးမိုးရေး ဝန်ထမ်းများက ဖိနှိပ်သတ်ဖြတ်နေကြောင်း၊ ယင်းကို သည်းမခံနိုင်တော့ကြောင်း Facebookပေါ်တွင် ရေးသားခဲ့သည်။



အိုင်အက်စ်အဖွဲ့က အာတန်သည် မိမိတို့၏ စစ်သည်တော် တစ်ဦးဟု ညွှန်းဆို ကြေညာခဲ့သော်လည်း အမေရိကန် ထောက်လှမ်းရေး အရာရှိများက အာတန်နှင့် အိုင်အက်စ် တိုက်ရိုက်ဆက်စပ်မှု ရှိမရှိ အတည်မပြုနိုင်သေးဟု ဆိုသည်။ သို့သော် ယခုတိုက်ခိုက်မှုတွင် အကြမ်းဖက်ဝါဒနှင့် ဆက်နွှယ်နိုင်ခြေကို ထည့်သွင်း တွက်ချက်ရမည်ဖြစ်ကြောင်း အိုဟိုင်ယို ရဲတပ်ဖွဲ့က ဝန်ခံထားသည်။

အိုင်အက်စ်တို့သည် အမေရိကန်တွင် တစ်ကိုယ်တော် အကြမ်းဖက်မှု ကျူးလွန်သူများကို ၎င်းတို့၏ စစ်သည်တော်များအဖြစ် ညွှန်းဆို ကြေညာလေ့ ရှိသော်လည်း အမေရိကန် မြေပေါ်၌ အိုင်အက်စ်၏ စစ်သွေးကြွများ စိမ့်ဝင်ရောက်ရှိနေသည်ဟု ယုံကြည်လောက်သော အထောက်အထားမျိုး မတွေ့ရသေးချေ။

ယခုဖြစ်စဉ်အတွင်း ဒဏ်ရာရသူ အများစုမှာ အာတန်၏ ကားဖြင့် တိုက်ခံရ၍ ဖြစ်သည်။ ၂ ဦးမှာ ဓားထိုးခံရပြီး ဦးခေါင်းခွံ ကွဲအက်ဒဏ်ရာ ရရှိသူ တစ်ဦးလည်း ပါဝင်ကြောင်း ရဲများက ဆိုသည်။ ထိခိုက်မိသူ ၁၁ ဦးအနက် ၄ ဦး ဆေးရုံတက်နေရဆဲဖြစ်ပြီး ကျန်သူများမှာ ဆေးရုံပြန်ဆင်းသွားပြီဟုလည်း သိရသည်။

Ref: CNN

No comments:

Post a Comment